သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားအဖြစ် သတ်မှတ်ရေး ၁၉၈၂ ခုနှစ် ဥပဒေအရ သတ်မှတ်မည်


ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စားရင်းကောက်ယူနေသူများ။
ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စားရင်းကောက်ယူနေသူများ။
အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သတ်မှတ်ခံထားရတဲ့ မူဆလင်တွေနဲ့ ပတ်သက်လို့ အရေးအကြီးဆုံး ဦးစားပေးဆောင်ရွက်ရမယ့်ကိစ္စက သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရေး ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေ ၊ နမ်ဘီးယားက ပြောလိုက်ပါတယ်။ မစ္စတာ နမ်ဘီးယားရဲ့ အဲဒီလိုပြောဆိုချက်နဲ့ပတ်သက်လို့ ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတဲ့အခါမှာ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အခုလို စတင်ပြောပါတယ်။

ဦးဇော်ဌေး။ ။ နိုင်ငံတကာကတော့ ဝိုင်းပြောတာပေါ့နော်။ ကျနော်တို့က ဘလိုင်းတွေးလို့မရဘူး။ အဲဒါလည်း ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသားပြောပြီးသား၊ အားလုံးပေါင်း အချက် ၃ ချက်ရှိတယ်။

နံပါတ် (၁) ဘင်္ဂါလီ-ပေါ့နော်၊ ရိုဟင်ဂျာဆိုတာ ကျနော်တို့ဆီမှာ မရှိဘူး။ တိုင်းရင်းသားလူမျိုးစု၊ မျိုးနွယ်စုဆိုတာ မရှိဘူး၊ အသုံးအနှုန်းမရှိဘူး။ အဲဒီတော့ ဘင်္ဂါလီဆိုပြီးတော့ပဲ အစိုးရရော ပြည်သူကရော တနိုင်ငံလုံးက ဒီလို သတ်မှတ်ထားတယ်။ အဲဒီတော့ ဘင်္ဂါလီနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် သူတို့ရဲ့ Rights to Citizen ကို ကျနော်တို့က မျက်စေ့မှိတ်ပြီး ငြင်းနေတာမဟုတ်ဘူး။

နံပါတ် (၂) အချက်က ပေးမယ်၊ သို့သော် ၈၂ ခုနှစ် ဥပဒေနဲ့ညီတဲ့ဟာကို ပေးမယ်။ ၈၂ ခုနှစ် ဥပဒေနဲ့ မညီတာကိုတော့ ပေးလို့မရဘူး၊ ဘာကြောင့်လဲဆိုတော့ နိုင်ငံသားကိစ္စသည် နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ တစိတ်တပိုင်းဖြစ်တယ်ဆိုတာ တရားဝင်ထုတ်ပြန်ထားပြီးသား။ အဲဒီ အချုပ်အခြာအာဏာ တစိတ်တပိုင်းကို ပေးတဲ့အခါမှာ တည်ဆဲဥပဒေဖြစ်တဲ့ ၈၂ ခုနှစ် ဥပဒေနဲ့ပေးမယ်။ ဥပဒေနဲ့မညီတဲ့လူကိုတော့ မပေးနိုင်ဘူး။

နံပါတ် (၃) အချက်အနေနဲ့ ဒီဟာက ဘယ်လောက် အငြင်းပွားနေလဲဆိုတော့ အခု နောက်ဆုံး cencus မှာတွေ့တဲ့အတိုင်းပေါ့နော် - သန်းခေါင်စာရင်းမှာကိုက မရှိတဲ့ဟာကို ဒီလိုမျိုး လုပ်နေတယ်။

ဆိုလိုတာက - တိုင်းရင်းသားဆိုတာ၊ မျိုးနွယ်စုဆိုတာ ဒီလိုမျိုး pressure ပေးပြီးတော့ တောင်းဆိုလို့ရတဲ့ဟာ မဟုတ်ဘူး။ အစိုးရကလည်း ဒီလို တောင်းဆိုတဲ့အတွက် ပေးပါတယ်ဆိုပြီး လုပ်လို့ မရဘူး။ လုပ်လည်းမပေးနိုင်ဘူးပေါ့။ အဲဒီတော့ ဥပဒေနဲ့အညီပဲ နိုင်ငံသားဖြစ်ခွင့် ရရမယ်။ ဥပဒေနဲ့ညီသော နိုင်ငံသားအားလုံး နိုင်ငံသားဖြစ်ခွင့်ပေးမယ်၊ ဒါက ပြောပြီးသား။

ကိုဇော်ဝင်းလှိုင်။ ။…ဆိုတော့ ဦးဇော်ဌေးပြောသလို ဆိုလို့ရှိရင် မစ္စတာ နမ်ဘီးယားအပါအဝင် မစ္စတာကင်တားနားတို့၊ မစ္စတာ နမ်ဘီးယားတို့ နိုင်ငံတကာက ကိုယ်စားလှယ်တွေ မြန်မာပြည်ကိုလာတဲ့အခါကျရင် စောစောက ဦးဇော်ဌေးပြောသွားတဲ့ အဓိက အချက် ၃ ချက်ကို မြန်မာအစိုးရဘက်က တင်ပြခဲ့တယ်၊ ဒီဟာကို ကိုင်ပြီးတော့ ဆွေးနွေးတယ်ပေါ့။

ဦးဇော်ဌေး။ ။ ဟုတ်တယ်၊ နမ်ဘီးယားရော၊ ကင်တားနားရော ကျန်တဲ့လူတွေ ယူအဲန်မှာရော ဘန်ကီမွန်းတို့အပါအဝင်ပေါ့နော် နောက် အမေရိကန်၊ EU အကုန်လုံးနဲ့တွေ့ဆုံတဲ့အခါတိုင်း၊ ဆွေးနွေးတဲ့အခါတိုင်း ဒီကိစ္စက ဒီအတိုင်းပဲ၊ ကျနော်တို့ရပ်တည်ချက်က အဲဒါပဲ။ အစိုးရရဲ့ ရပ်တည်ချက်။

ကိုဇော်ဝင်းလှိုင်။ ။ နိုင်ငံတကာက ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတဲ့နေရာမှာ စောစောက ဦးဇော်ဌေးပြောသလို ဒီအချက်တွေကို မြန်မာအစိုးရက အခြေခံကိုင်ထားတဲ့ မူဘောင်တွေ ရှိတယ်ပေါ့။ သဘောက အချက် ၃ ချက်ပဲ ဆိုကြပါစို့၊ အဲဒီမူဘောင်တွေကို မြန်မာအစိုးရက တင်ပြနေတဲ့ကြားက အခုဆိုရင် မနေ့ကပဲ မစ္စတာနမ်ဘီးယားက ရုတ်တရက် ဒီကိစ္စကို ထပြီးတော့ ပြန်ပြောလာတယ်ဆိုတော့ မြန်မာပြည်အစိုးရတင်ပြထားတာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါကျတော့ သူတို့က မြန်မာအစိုးရနဲ့ သဘောထားကွဲလွဲမှု ရှိနေတယ်လို့ ဆိုလိုချင်တာလား။

ဦးဇော်ဌေး။ ။ အဲဒီမှာ နမ်ဘီးယားရဲ့ပြောဆိုချက်ကို ကျနော်တော့ အတိအကျတော့ မသိသေးဘူးပေါ့နော်။ အဲဒီမှာရှိတဲ့ ဘင်္ဂါလီတွေ အကုန်လုံးကိုပေးရမယ်၊ ပေးမှ ပြေလည်မယ်ဆိုတဲ့ဟာကတော့ လက်တွေ့မကျဘူးဗျ။ ကျနော်တို့ပြည်တွင်းနိုင်ငံရေး၊ ပြည်တွင်း လူမှု တည်ငြိမ်ရေး၊ နောက် ပြည်တွင်းမှာရှိတဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ နောက် အကုန်လုံးနဲ့ ပြဿနာပြေလည်ရေးပေါ့။ ပြဿနာပြေလည်ရေးက အရေးအကြီးဆုံးပါ။ ပြဿနာပြေလည်ရေးကို ရှေ့ရှုတဲ့တိုက်တွန်းချက်တွေ ဖြစ်သင့်တယ်ဗျ။

ကိုဇော်ဝင်းလှိုင်။ ။ နိုင်ငံတကာ ဥရောပတို့၊ အမေရိကန်အစိုးရတို့ပြောနေတာက ဒီဟာတွေဟာ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ဆူးညောင့်ခလုတ်ဖြစ်နေတယ်။ ဒါမှမဟုတ်လု့ိရှိရင်လည်း မြန်မာပြည်က ပြုပြင်ပြောင်းလဲရေး ဘယ်လောက်အတိုင်းအတာအထိ သွားသလဲ၊ အစိုးရဘက်က ဘယ်လောက်အထိ လိုလိုလားလား ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေသလဲဆိုတာကို ဒီဟာတွေနဲ့ နှိုင်းချိန်ပြီး ကြည့်ရမယ်ဆိုပြီး သူတို့က စံထားပြီး တချို့ ပြောနေကြတာတွေ ရှိတော့ အဲဒီဟာတွေနဲ့ မြန်မာပြည်ကို ကူညီပံ့ပိုးမယ့်ဟာတွေ၊ ရင်းနှီးမြှုပ်နှံမယ့်ဟာတွေကို ထိခိုက်သွားမယ့် အလားအလာကိုရော မြန်မာအစိုးရဘက်က ထည့်သွင်းစဉ်းစားသလား၊ စိုးရိမ်မှုရှိလား။

ဦးဇော်ဌေး။ ။ သမ္မတကြီးကိုယ်တိုင်ကလည်း သူ့ရဲ့မိန်းခွန်းတွေမှာ ပြောတယ်။ ဒီကိစ္စက ရခိုင်ပြည်နယ်ကိစ္စက ကျနော်တို့မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ transation ကို ထိခိုက်နိုင်တယ်။ Democratization အတွက် ပိုပြီးတော့ နှောင့်နှေးကြန့်ကြာစေတယ်ဆိုတာ လက်ခံတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို အင်အားသုံးပြီးတော့ လုံခြုံရေးတပ်ဖွဲ့ များများနဲ့လုပ်မယ်ဆိုရင် မရဘူးတော့ မဟုတ်ဘူး။ သို့သော် ဒီလိုမျိုး အင်အားသုံးပြီးတော့ စိစစ်ရေးလုပ်ငန်းစဉ်ကျရင် အပြုသဘောထက် ဝေဖန်မှု၊ တိုက်ခိုက်မှုပေါ့ အနုတ်လက္ခဏာက ပိုများမယ်။ အဲဒါကြောင့်မို့လို့ သူတို့အုပ်စုကို စည်းရုံးပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း တိုက်တွန်းပြောကြားလျှက်ရှိတယ်ပေါ့နော်။ ဘာအချက်ကို အဓိကထား တိုက်တွန်းလဲဆိုတော့ Citizenship Verification မှာ အဲဒီ တောင်းဆိုနေတဲ့အဖွဲ့တွေက ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးချမ်းချမ်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ သူတို့ကို သြဇာရှိတဲ့ နိုင်ငံတကာမှာရှိနေတဲ့ Campaign အဖွဲ့အစည်းတွေက သူတို့ကို အစိုးရနဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပေးဖို့ပေါ့နော်။ ဒါတွေကိုလည်း ပြောထားပြီးဖြစ်တယ်ပေါ့နော်၊ ဒီဟာက ကျနော်တို့က အခုနကပြောသလို Democractization ကို ထိခိုက်နိုင်မယ်ဆိုတာလည်း မြန်မာနိုင်ငံအနေနဲ့ စိုးရိမ်ပူပန်မှု ရှိပါတယ်။ ရှိတဲ့အတွက်လည်း ဒါကို အပြေလည်ဆုံး အငြိမ်းချမ်းဆုံးဖြစ်အောင် စိတ်ရှည်လက်ရှည်နဲ့ ဆောင်ရွက်နေတဲ့သဘောပေါ့။

သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ကိုဇော်ဝင်းလှိုင် ဆက်သွယ်မေးမြန်းခဲ့တာပါ။
XS
SM
MD
LG