သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလွတ်တန်းဓာတ်ပုံသတင်းထောက်တဦး ဖမ်းဆီးခံရ


အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (Photo credit to University Students’ Unions Alumni Force)
အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (Photo credit to University Students’ Unions Alumni Force)
တိုက်ရိုက် လင့်ခ်


[[Zawgyi/Unicode]]

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က မုန့်ဆိုင်တဆိုင်မှာ အလွတ်တန်း ဓာတ်ပုံသတင်းထောက် အမျိုးသားတဦးနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အမျိုးသမီးတဦးတို့ ဒီဇင် ဘာ ၁၉ ရက် တနင်္ဂနွေနေ့ညနေပိုင်းက ဖမ်းဆီးခံရပါတယ်။ အရပ်ဝတ်နဲ့ လူ ၅ ဦး သေနတ်ထောက် ဖမ်းဆီးသွားတာလို့ မျက်မြင်တွေ့လိုက်သူတွေက ပြောပါတယ်။ သူတို့ကို ဘယ်နေရာဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်ပူပင်နေကြတဲ့အကြောင်း ရန်ကုန်ကလာတဲ့ ဒီသတင်းကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ်နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်းတို့ ဒီဇင်ဘာလ ၁၉ ရက် တနင်္ဂနွေနေ့က သင်္ဃန်းကျွန်းမြို့နယ်က မုန့်ဆိုင်တခုမှာ ထိုင်နေစဉ် ဖမ်းဆီးခံခဲ့ရပါတယ်။ အရပ်ဝတ်နဲ့ လူ ၅ ဦးခန့် သေနတ်ထောက်ပြီး ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောကြပါတယ်။ သူတို့ကို စစ်ကောင်စီကဖမ်းဆီးသွားတယ်လို့ တက္ကသိုလ်ကျောင်းသားများ အင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကုန်မြို့ တနေရာမှာပြုလုပ်မယ့် ဆန္ဒပြပွဲကို အသွားလမ်းမှာ လိုဖမ်းဆီးခံရတာလို့ မဆုရည်လင်းရဲ့ အသိမိတ်ဆွေတဦးက ပြောပြပါတယ်။

"မနေ့က ကျနော်တို့တွေ ကရင်ပြည်နယ်မှာ တိုက်ပွဲဝင်နေတဲ့ ကရင့်ရဲဘော်တွေ၊ PDF ရဲဘော်တွေ၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တသားတည်းရှိတယ် ဆိုတဲ့ဟာကို ပြသဖို့ရယ်၊ နောက်ပြီး အင်းစိန်ထောင်အတွင်းမှာ ထောင်တွင်းတိုက်ပွဲဆင်နွှဲနေတဲ့ ရဲဘော်တွေနဲ့ တသားတည်းရှိတယ်ဆိုတာ ပြသဖို့၊ ပြည်သူကိုလှုံ့ဆော်ဖို့ပေါ့နော်။ ဒီအတွက် ကျနော်တို့ မနေ့က မြေပြင်သပိတ်၊ ပျောက်ကြားသပိတ် စီစဉ်ပါတယ်။ စီစဉ်တဲ့အခါမှာ အဲဒီပွဲကိုလာရင်းနဲ့ပဲ လမ်းမှာ အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ်နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မလင်းလင်းတို့ကို အရပ်ဝတ်တွေနဲ့ လက်နက်ထောက်ပြီး ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်း ကျနော်တို့ ညနေပိုင်းမှာရပါတယ်။ လက်ရှိအချိန်ထိကတော့ သူတို့ကို ဘယ်မှာချုပ် ထားတယ်၊ သူတို့ဘယ်လိုအခြေအနေရှိလဲ ဆိုတာ ကျနော်တို့ မသိရသေးဘူး။"

အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ်ဟာ အရင်ကတည်းက ကျောင်းသား လူငယ်လှုပ်ရှားမှုဓါတ်ပုံတွေကို ဓါတ်ပုံသတင်းရယူနေတဲ့ သတင်းထောက်ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တုန်းကလည်း အသံတိတ်သပိတ် Silent Strike သတင်းဓာတ်ပုံရိုက်နေရင်း အလွတ်တန်းသတင်းထောက် ကိုစိုးနိုင်ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးမှာ သေဆုံးသွားခဲ့ပါတယ်။ စစ်ကြောရေးမှာရှိနေချိန် ကိုစိုးနိုင်သေဆုံးသွားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို VOA က မေးမြန်းခဲ့ပေမဲ့ တစုံတရာ ဖြေကြားခြင်း မရှိသေးပါဘူး။ အလွတ်ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူ မသိသေးဘူးလို့ ပြောပါတယ်။ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ ဒီဇင်ဘာ ၅ ရက်က ဆန္ဒပြသူတွေကို စစ်တပ်က စစ်ကားနဲ့ အတင်းဝင်တိုက်ဖမ်းဆီးစဉ်ကလည်း သတင်းထောက် ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ သတင်းထောက်တွေ သတင်းယူရင်း ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောထားပါတယ်။

"သတင်းထောက်တွေ သတင်းရယူမှုနဲ့ ပတ်သက်ပြီးတော့ သတင်းထောက်များ လိုက်နာရမယ့် သတင်းမီဒီယာကျင့်ဝတ်တွေ၊ သတင်းထောက်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ ရှိပြီးဖြစ်တယ်။ ပြီးရင် ကျနော်တို့ ထုတ်ပြန်ထားတဲ့ဥပဒေတွေ ရှိပြီးဖြစ်တယ်။ ဒါတွေကို လိုက်နာသမျှကာလပတ်လုံးမှာ သူ့ဟာသူနေတဲ့သတင်းထောက် များ ဘာအန္တရာယ်မှမဖြစ်တာလည်း တွေ့ပြီးဖြစ်မယ်။"

စစ်တပ်က ဖမ်းဆီးသူတွေ စစ်ကြောရေးမှာ အသက်သေဆုံးမှုတွေရှိနေချိန် အလွတ် တန်း ဓါတ်ပုံသတင်းထောက်နဲ့ တက္ကသိုလ်ကျောင်းသားခေါင်းဆောင် မဆုရည်လင်းတို့ရဲ့ ဖမ်းဆီးခံခဲ့ရပြီး အခုအချိန်ထိ သူတို့နဲ့ပါတ်သက်တဲ့ သတင်း မသိရသေးတဲ့အတွက် မိသားစုဝင်တွေ၊ အသိမိတ်ဆွေတွေက စိုးရိမ်ပူပင်နေကြပါတယ်။

"ကိုဇော်လင်းထွဋ်သည် မြေပြင်မှာ တကယ်သတင်းယူနေတဲ့ အလွတ်တန်းဓာတ်ပုံသတင်းထောက် ဆိုတော့ အခုရက်ပိုင်းမှာ သတင်းထောက်တွေ ဖမ်းဆီးထိန်းသိမ်းခံရမှု နောက်ဆက်တွဲတွေ၊ နောက်ဆုံး ကိုစိုးနိုင်လို အဖြစ်မျိုးတွေ ကြုံရတဲ့အခါကျတော့ ဒါသတင်းထောက်တွေ၊ သတင်းမီဒီယာတွေကို စကစဘက်က တကယ့်ကို ရည်ရွယ် ချက်ရှိရှိနဲ့ ဖိနှိပ်၊ နှိပ်စက်၊ သတ်ဖြတ်နေတဲ့ သဘောမှာရှိတယ်။ ဒီအတွက် ကျနော် တို့ စိုးရိမ်တယ်။ တဖက်က မဆုရည်လင်းကိုလည်း နှိပ်စက်တာတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတာတွေ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ စိုးရိမ်နေတယ်ပေါ့နော်။ အဆက်အသွယ်တွေကလည်း မရဖြစ်နေတော့လေ။ မိသားစုလည်းပဲ တော်တော်လေး စိုးရိမ်နေတဲ့အနေအထားမှာ ရှိပါတယ်။"

စစ်အာဏာသိမ်းမှုအပေါ် အချိန်ကာလ ၁၀ လကျော် ကြာလာချိန်အထိ အကြမ်းမဖက် ဆန္ဒပြသပိတ်ပြမှုတွေ နေရာကွက်ကျား ဆက်ရှိနေသလို လက်နက်ကိုင် အပြန်အလှန်တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရဆို စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးချုပ်နှောင်ခံထားရသူပေါင်း ၈,၁၀၀ အထိ ရှိထားပါတယ်။ အဲဒီထဲက ၃၉၉ ဦးကိုတော့ ထောင်ဒဏ်ချမှတ်ထားပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ၂ ဦးပါ ပါဝင်ပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်နှိပ်စက်မှုတွေ၊ ဖမ်းဆီးအရေးယူမှုတွေ ရှိနေတဲ့ကြားကပဲ ရတဲ့နည်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်လှုပ်ရှားနေကြတယ်လို့ ရန်ကုန်မြို့က သပိတ်တွေမှာ ဦးဆောင်ပါဝင်သူတဦးက ပြောပါတယ်။

"ဒီကာလ၊ ဒီအခြေအနေမှာ ဒီအလုပ်တွေလုပ်ရင် ဒါတွေဖြစ်မယ်၊ ကြုံမယ်ဆိုတာ လူငယ်တိုင်း၊ ဒီမှာပါဝင်နေတဲ့ ရဲဘော်ရဲဘက်တွေအားလုံး သိထားပြီးသား၊ ပြင်ဆင်ထားပြီးသား ကိစ္စတွေပါ။ ဒါပေမယ့် တကယ့်တကယ် ဒီလိုဖြစ်သွားတာနဲ့ပတ်သက်ပြီးတော့ စိတ်မကောင်းဘူးပေါ့။ သို့သော် ဒီတော်လှန်ရေးသည် တဦးတယောက်၊ တစုံတယောက်ကို ဖမ်းဆီးလိုက်တာနဲ့ ပြီးသွား ပြတ်သွားမယ့်ဟာမျိုး မဟုတ်ဘူး။ ဆက်ပြီးတော့ အားလုံးက ဦးစီးဦးဆောင်ပြီး ဆက်လုပ်ကြပြီးတော့ တဗိုလ်ကျရင် နှစ်ဗိုလ်တက်မယ်ဆိုတဲ့ အနေအထားနဲ့ ဆက်သွားပြီးတော့မှ ဒီအကြမ်းမဖက်၊ အာဏာမဖီဆန်တဲ့ လူထုလှုပ်ရှားမှုကို ဆက်ဖော်ဆောင်သွားကြမှာပဲ။"

ပြည်တွင်းမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေထဲ အကြမ်းမဖက် လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ရှိသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီကြား ပစ်ခတ် မှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံအသီးသီးမှာ ရောက်နေကြတဲ့ မြန်မာ တော်တော်များများကလည်း စစ်အာဏာရှင်စနစ် အဆုံးသပ်ရေးအတွက် တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကူညီပံ့ပိုးနေကြပါတယ်။

================

[[Unicode]]












#MyanmarArrest #MyanmarMedia #VOABurmese


================

XS
SM
MD
LG