သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၆ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ကိုလွှဲပြောင်းဖို့ မြန်မာစစ်ကောင်စီ သဘောတူ


၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အစည်းအဝေးမှာ ထိုင်သူမဲ့ မြန်မာနိုင်ငံနေရာ။ (စက်တင်ဘာ ၅၊ ၂၀၂၃)
၄၃ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အစည်းအဝေးမှာ ထိုင်သူမဲ့ မြန်မာနိုင်ငံနေရာ။ (စက်တင်ဘာ ၅၊ ၂၀၂၃)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ရဲ့အလှည့်ကျ ဥက္ကဋ္ဌနေရာကို လာမယ့် ၂၀၂၆ ခုနှစ်မှာ ရယူရမယ့် မြန်မာနိုင်ငံက ဖိလစ်ပိုင်ကိုလွှဲပြောင်းပေးဖို့ သဘောတူလိုက်ပါတယ်။ စစ်ကောင်စီအနေနဲ့ အာဆီယံအစည်းအဝေးတွေတက်ခွင့်မရတဲ့ အချက်၊ နောက် နိုင်ငံတွင်းတည်ငြိမ်ရေးကြိုးပမ်းနေရတာကြောင့် အာဆီယံဥက္ကဋ္ဌတာဝန်ယူဖို့မဖြစ်နိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

"အာဆီယံမှာ ထိပ်သီးအစည်းအဝေးတွေနဲ့ အရေးကြီးအစည်းအဝေးမှာ မြန်မာနိုင်ငံက ကိုယ်စားပြုနိုင်တဲ့သူကို တက်ရောက်စေခြင်းမရှိပါဘူး။ ဒါသည်လည်း ကျနော်တို့အနေနဲ့ ဥက္ကဋ္ဌနေရာနဲ့ပတ်သက်ပြီး ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေ ရှိလာနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီလို ဆုံးဖြတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ပြည်တွင်းမှာ တည်ငြိမ်ရေး ကြိုးပမ်းနေရတဲ့အတွက် အာဆီယံရဲ့ဥက္ကဋ္ဌနေရာ ရယူဖို့အဆင်သင့် မဖြစ်သေးကြောင်းလည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ (ASEAN) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၂၆ ခုနှစ်မှာ တာဝန်ယူရမယ့် မြန်မာနိုင်ငံအစား ဖိလစ်ပိုင်နိုင်ငံက တာဝန်လွှဲပြောင်းရယူမှာဖြစ်ကြောင်း ဖိလစ်ပိုင် သမ္မတကလည်း ပြောဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းထားတဲ့ အာဆီယံရဲ့ဘုံသဘောတူညီချက်ကို မြန်မာစစ်ကောင်စီဘက်က လိုက်နာ ဆောင်ရွက်ဖို့ ပျက်ကွက်နေတဲ့အပေါ် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ပြောဆိုနေတာပါ။ ဒါပေမဲ့ စစ်ကောင်စီကတော့ အာဆီယံရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပဋိညာဉ်တွေကို လေးစားလိုက်နာနေတယ်လို့ ခုခံ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG