ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မဏ္ဍိုင်ကြီး ၃ ရပ်သာရှိပြီး သတင်းမီဒီယာတွေဖြစ်တဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာ မရှိကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ်က ပြောတာဟာ နားလည်ခံယူမှု လွဲမှားခြင်းသာဖြစ်တယ်လို့ သတင်းအဖွဲ့အစည်း တာဝန်ရှိသူတချို့က သုံးသပ်ကြပြီး NLD ပါတီ ထိပ်တန်း ခေါင်းဆောင် တဦးအနေနဲ့ သတင်းမီဒီယာကို မဏ္ဍိုင်တခုအဖြစ် လက်မခံချင်တဲ့ သဘောများ လား လို့ မေးခွန်းထုတ်သူတွေလည်း ရှိပါတယ်။ မန္တလေးမြို့မှာ ကျင်းပတဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲအပြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို အဲဒီလို ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းပြီး မန္တလေးမြို့မှာ ကျင်းပတဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေအရ စတုတ္ထမဏ္ဍိုင်ဆိုတာ မရှိကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုလိုက်တာပါ။
“အခြေခံဥပဒေမှာ မဏ္ဍိုင်သုံးရပ်ပဲ ရှိတယ်ဗျ။ တရားစီရင်ရေးမဏ္ဍိုင်ရယ်၊ အုပ်ချုပ်ရေးမဏ္ဍိုင်ရယ်၊ ဥပဒေပြုရေးမဏ္ဍိုင်ရယ်- နော။ စတုတ္ထမဏ္ဍိုင်မရှိဘူး။ ဒါက နိုင်ငံတကာမှာ သတင်းထောက်တွေက ရေးလိုက်တာ။ သူတို့က 4th မဏ္ဍိုင်။ အဲဒီတော့ 5th piller ဆိုပြီး ဒါတွေက အမျိုးမျိုးပေါ့။ ဒါတွေက ပြဿနာ(မဟုတ်ဘူး)။ အဓိက က ပြည်သူတွေ သတင်းမှန်သိရဖို့။ အစိုးရလုပ်တဲ့ဟာကိုလည်း သတင်းမှန်သိရမယ်၊ နောက်ပြီးတော့ သတင်းအမှန်တွေ- Transparent ဖြစ်တဲ့ဟာတွေ သိရမယ်။ ဒါမှ ပြည်သူက ဆုံးဖြတ်ပေးမှာပေါ့။”
ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေက ဖွဲ့စည်းပုံဥပဒေမှာလည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ လွတ်လပ်တဲ့ မဏ္ဍိုင်ကြီး ၃ ရပ် ရှိပေမယ့် ဒီမဏ္ဍိုင် ၃ရပ် မှန်ကန်တရားမျှတစွာ လုပ်ဆောင်ရဲ့လားဆိုတာကို သတင်းမီဒီယာတွေက စောင့်ကြည့် ဖေါ်ထုတ် ရေးသားလေ့ရှိပါတယ်။ ဒါကြောင့်လည်း တခြားမဏ္ဍိုင်ကြီး ၃ ရပ်နည်းတူ ဝါရင့် ဒီမိုကရေစီနိုင်ငံတွေအပါအဝင် တိုင်းပြည်အများစုက သတင်းမီဒီယာကိုပါ မဏ္ဍိုင်တရပ်အဖြစ်နဲ့ ထည့်သွင်း သတ်မှတ်လာခဲ့ကြတာပါ။
အရင်စစ်အစိုးရလက်ထက်တုန်းကလိုဘဲ လက်ရှိ NLD အစိုးရလက်ထက်မှာ သတင်း မီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံမှု အားနည်းတာ၊ သတင်းမီဒီယာတွေ အနေနဲ့ အစိုးရတာဝန်ရှိသူတွေကို အလွယ်တကူ မေးမြန်းလို့ မရနိုင်တာတွေအပေါ် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေအကြား ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ဟာ နားလည်မှုလွဲမှားခြင်းသာ ဖြစ်တယ်လို့ ယူဆကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ MPC တွဲဖက်အတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုပါတယ်။
“အဲဒီတော့ စတုတ္ထမဏ္ဍိုင်ဆိုတာက တင်စားပြီးပြောဆိုတာ။ ဆိုလိုချင်တာက စတုတ္ထမဏ္ဍိုင်ဆိုပြီးတော့လည်း မီဒီယာက သဘောက နေရာတောင်းတာ လည်း မရှိပါဘူး။ သို့သော် ဒီ စတုတ္ထမဏ္ဍိုင်ဆိုတာက ဒီမဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ပြီးတော့ ဝေဖန်ရေးသားတာ၊ ထောက်ပြရေးသားတာပေါ့နော်။ အဆိုးချည့်ပဲ ရေးတာလည်း မဟုတ်ပါဘူး။ ကောင်းတဲ့ကိစ္စတွေလည်း ရေးပါတယ်။ သို့သော် အဲဒီသဘောသဘာဝကို နားမလည်တာလား၊ သို့မဟုတ် အဲဒါကို အယူအဆကောက်လွဲပြီးတော့ စတုတ္ထမဏ္ဍိုင်ကြီး နေရာလာတောင်းမယ်လို့ ယူဆနေရင်တော့ အဲဒါက နားလည်မှုလွဲတာလို့ပဲ ကျနော်ထင်တယ်လေ။”
တိုင်းပြည်တခုကို ထိန်းကျောင်းမောင်းနှင်နေတဲ့ မဏ္ဍိုင်ကြီး ၃ ခုနဲ့တန်းတူ သတင်းမီဒီယာတွေ ကလည်း စတုတ္ထမဏ္ဍိုင်အဖြစ် လာရောက် ပူး ပေါင်းတာကို NLD ပါတီ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်အနေနဲ့ လက်ခံချင်ပုံမရဘူးလို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။
“အဲဒီတော့ ဒေါက်တာဇော်မြင့်မောင်- မန္တလေးတိုင်း ဝန်ကြီးချုပ်အနေနဲ့ ပြောလိုက်တာ ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ မဏ္ဍိုင်ကြီးသုံးရပ်ရှိတယ်။ အဲဒီတော့ သတင်းမီဒီယာအနေနဲ့ မဏ္ဍိုင်တရပ်အနေနဲ့လာပြီးတော့ ဒီထဲမှာ လာပူးပေါင်းတာကိုတော့ သူ လက်မခံဘူးဆိုတဲ့ သဘောမျိုး ပြောတယ်လို့ပဲ ကျနော်တို့က နားလည်ထားတယ်။ အဲဒီတော့ ထောက်ပြတယ်၊ ညွှန်ပြတယ်၊ သတင်းအချက်အလက်တွေရယူတယ်ဆိုတဲ့ ကိစ္စမှာတော့ မီဒီယာကို ခွင့်ပြုထားတယ်။ သို့သော်လည်းပဲ အခု တကမ္ဘာလုံးမှာ ဖြစ်နေတဲ့သတင်းမှားတွေကို ပေါပေါများများဖြန့်ချိပြီးတော့ ဒီအုပ်ချုပ်ရေးကဏ္ဍတွေမှာ ပြည်သူ လူထု ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာက ကျနော်တို့မြန်မာနိုင်ငံမှတင် မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှာလည်း ရွေးကောက်ပွဲမှာ သတင်းမှားတွေနဲ့ ဒီ facebook ကို တလွဲသုံးပြီးတော့ ပြည်သူလူထု အထင်လွဲမှားအောင်လုပ်သွားတဲ့ ကိစ္စတွေလည်း ရှိတယ်။ အဲဒီတော့ နည်းပညာ မဖွံ့ဖြိုးသေးတဲ့ ကျနော်တို့ နိုင်ငံမှာက အဲဒီလိုမျိုးအန္တရာယ် ပိုပြီးတော့ ဆိုးဆိုးဝါးဝါးဖြစ်နိုင်တယ်၊ လူမျိုးရေးပြဿနာလည်းရှိတယ်။ ဘာသာရေးပြဿနာ လည်း ရှိတယ်။ ကြားထဲကနေပြီးတော့ မူးယစ်ဆေးဝါး ပြဿနာကလည်း ရှိတယ်။ အဂတိလိုက်စားမှု ပြဿနာတွေလည်း ရှိတဲ့အခါကျတော့ မီဒီယာတွေအနေနဲ့ ဘက်မလိုက်ဘဲနဲ့ မှန်မှန်ကန်ကန် ရေးသားမယ် ဆိုလို့ရှိရင်တော့ အစောကပြောတဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် မားမားမတ်မတ်ရပ်တည်နိုင်တဲ့ အခြေအနေမျိုးရောက်မယ်လို့ ကျနော်ကတော့ မြင်တယ်။”
မန္တလေးတိုင်း ဝန်ကြီးချုပ်ကတော့ ကိုယ်လိုရာကိုဆွဲရေးပြီး NLD အစိုးရကို ဝေဖန်တဲ့ သတင်းတွေနဲ့ပတ်သက်လို့ ထောက်ပြသွားပါတယ်။
“ကျနော်တို့ အဓိက-က ဘာလဲဆိုလို့ရှိရင် ပြည်သူကို သတင်းမှန်ရအောင် - အဲဒီသတင်းဟာဘာဖြစ်ရမလဲ၊ impartial ဖြစ်ရမယ်။ ဘက်မလိုက်ရဘူး။ နောက်ပြီးတော့ misinformation မဖြစ်ရဘူး။ ဆန္ဒပြတယ်၊ သူ့ဟာသူဆန္ဒပြတာ-မီတာခတက်လို့၊ NLD အပေါ်မှာ အယုံအကြည်မရှိဘူးဆိုရင် ဘယ်သူ့ အားကိုးမလဲ။ ခင်ဗျားတို့ ပြောနေတာက NLD အပေါ်မှာ အယုံအကြည်မရှိတော့ ဘယ်သူ့အားကိုးလဲ။ ခင်ဗျားတို့ မဖြေဘူး။ အခု in live လွှင့်နေတယ်။ မဖြေဘူး၊ ခင်ဗျားတို့၊ ဖြေရမယ့်တာဝန် ခင်ဗျားတို့တာဝန်ဗျ။ အဲဒါ- သတင်းတပုဒ်တင်ပြတယ်ဆိုတာ သတင်းတင်ပြသူရဲ့အာဘော်မပါရဘူး၊ ဟုတ်လား။ ပြတာ ပြပေါ့။ ဘာဖြစ်လဲ။ မီတာခတက်တော့ တက်လို့ ပြတာ။”
မြန်မာနိုင်ငံမှာ လူအများစု သတင်းရယူ ဖတ်ရှုကြတဲ့နေရာဟာ လူမှုကွန်ယက် မီဒီယာတွေ က တဆင့်ဖြစ်ပါတယ်။ သတင်းမှားနဲ့ တာဝန်ခံမှု မရှိတဲ့ သတင်းဌာနတချို့ကို ထောက်ပြ ပြီး အစိုးရပိုင်းတာဝန်ရှိသူတဦးက စတုတ္ထမဏ္ဍိုင်တခုလုံးကို အခုလို ခြုံပြီး အပြစ်တင်ပြော ဆိုတာဟာ အခြေခံအားဖြင့် လွဲနေတယ်လို့ ဦးမြင့်ကျော်က ထောက်ပြပါတယ်။
“သတင်းကဏ္ဍက အရေးကြီးခဲ့တယ်။ စစ်အစိုးရလက်ထက်တလျှောက်လုံးမှာ သတင်း မီဒီယာက မြန်မာပြည်မှာ ဖြစ်နေတဲ့ဟာတွေအားလုံး အမှောင်ချထားတဲ့ ဟာတွေကို ထုတ်ဖော်ပြီးတော့ တင်ပြပေးခဲ့တာ သတင်းမီဒီယာ။ သို့သော် အဲဒီခေတ်ကတော့ လုပ်ခွင့်မသာခဲ့တော့ ပြည်တွင်းကနေပြီးတော့ တင်ပြတာမျိုးထက်ကို ပြည်ပအခြေစိုက် မီဒီယာတွေက ပိုပြီးတော့ အားကောင်းခဲ့တာပေါ့နော်။ အခု ဒီဘက် ပွင့်လင်းလာတဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီး ၁၁၊ ၁၂ ကစလို့ ဒီ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက အရေးပါခဲ့တာကို ဒါ မျက်ကွယ်ပြုလို့ မရဘူးထင်တယ်။ သို့သော် ဒီနောက်ပိုင်း အစိုးရတွေ ဖြစ်လာတဲ့ အခါကျရင် ဝေဖန်ထောက်ပြတဲ့ဟာတွေထဲမှာ မနှစ်မြို့တာတွေရှိမယ်။ နောက်တခုက ဆိုရှယ်မီဒီယာ ပလက်ဖောင်း ပေါ်မှာ ပွစာကျဲနေတဲ့၊ တာဝန်ခံမှု မရှိတဲ့ ဟာမျိုးတွေပေါ့နော်။ အဲဒါမျိုးတွေနဲ့ရောပြီးပြောမယ်၊ ရောပြီး နားမလည်ရင်တော့ အဲဒါတော့ အယူအဆ လွဲနေတဲ့ သဘောမျိုးလို့ ကျနော်ထင်တယ်။ အဲလိုမျိုး ဆန့်ကျင်တဲ့ sense နဲ့ရေးတဲ့ဟာမျိုးကိုပဲ ကောက်ချက်ချပါ။ မီဒီယာတခုလုံးက ဒီလိုဖြစ်နေတယ်ဆိုတဲ့ ဟာမျိုးကျတော့ အဲဒါလည်း တကယ်တန်းကျတော့ ယေဘုယျ သိတာ လွဲနေတယ်လို့ ကျနော်ထင်တယ်။”
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သတင်းရယူခွင့်၊ သတင်းမီဒီယာသမားတွေ ဘေးကင်း လုံခြုံမှုရှိရေး စတဲ့အချက်တွေကို လက်ခံပေမယ့် လွဲမှားတဲ့သတင်းတွေ မတင်ပြမိစေဖို့ ကိုလည်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့နဲ့ ပတ်သက်ပြီး သတင်းရယူရာမှာ အခက်အခဲတွေ ရှိနေသေးကြောင်း သတင်းမီဒီယာသမားတွေက ဆွေးနွေးခဲ့ကြောင်း MPC က သတင်းထုတ်ပြန်ထားပါတယ်။