သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားတွေ လွတ်ဖို့ လုပ်သွားမယ် - ဇေယျာသော်


ကော့သောင်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား၊ အဆိုတော် ကိုဇေယျာသော်။
ကော့သောင်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား၊ အဆိုတော် ကိုဇေယျာသော်။

ဒီနေ့ ပြန်လွတ်လာတဲ့ အကျဉ်းသား ၁၄,၆၀၀ ထဲမှာ နိုင်ငံရေး အကျဉ်းသား ၃၀ ကျော် ပါဝင်လာပါတယ်။ အဲဒီအထဲမှာ ၂၀၀၈ ခုနှစ်တုန်းက အဖမ်းခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား၊ ဟစ်ပ်ဟော့ပ် (Hip Hop) အဆိုတော် ဇေယျာသော်လည်း ပါပါတယ်။ ဇေယျာသော်ဟာ ကော့သောင်းထောင်က ဒီနေ့ပဲ ပြန်လွတ်လာတာပါ။ ကော့သောင်းထောင်မှာ ကျန်းမာရေး စောင့်ရှောက်မှု သိပ်ပြီး ညံ့ဖျင်းနေတယ်လို့ ဆိုပါတယ်။ ဇေယျာသော်ဟာ Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံးက ခေါင်းဆောင်တဦးဖြစ်ပြီး သူ့ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ တရားမဝင် အသင်းဖွဲ့စည်းမှုတွေနဲ့ ဖမ်းဆီးခဲ့တာပါ။ အကျဉ်းထောင်အတွင်း ဘယ်လိုအခြေအနေတွေ ကြုံခဲ့ရသလဲ ဆိုတာနဲ့ အဆိုတော် ဇေယျာသော် ပြန်လွတ်လာပြီးတဲ့နောက် ဘာတွေ ဆက်လုပ်မလဲ ဆိုတာတွေကို သိနိုင်အောင် ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အခု ပြန်လွတ်လာတဲ့အကြောင်း ရှင်းပြပါဦး၊ အကျဉ်းချုပ်လေး။

“ချမှတ်ထားတဲ့ ပြစ်ဒဏ်အရဆိုရင် လွတ်ရက်စေ့ဖို့အတွက် ၁၀ လကျော်လောက် လိုပါသေးတယ်။ ဒါပေမဲ့ အခု ၂၈/၂၀၁၁ အမိန့်ကြော်ငြာစာအရ တနှစ် လျှော့ရက်ခံစားပြီး လွတ်လာခဲ့တာပါ။”

ဇေယျာသော်နဲ့အတူ အမှုတွဲထဲမှာ ပါတဲ့သူတွေရော လွတ်သလား၊ ဘယ်သူတွေ ကျန်သေးလဲ။

“ကျနော်တို့ အမှုတွဲက ၆ ယောက် ရှိပါတယ်။ အဲဒီ ၆ ယောက်မှာ ၂ ယောက်က အစောကြီးကတည်းက လွတ်သွားပြီးသားပါ။ ပြီးတော့ အခု ကျနော် လွတ်လာတယ်ပေါ့။ ကျန်တဲ့အနေနဲ့ကတော့ ၃ ယောက် ကျန်ပါသေးတယ်။ ပုဒ်မတပ်ထားတာတွေလည်း မတူတဲ့အတွက်ကြောင့် သူတို့တွေ ကျန်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။”

ထောင်တွင်းမှာ ဆက်ဆံမှုတွေ၊ အာဏာပိုင်တွေက ဘယ်လိုရှိလဲ၊ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ၊ အခွင့်အရေး အပြည့်အ၀ ရရဲ့လား၊ ဘယ်လိုအခက်အခဲတွေ ရှိလဲ၊ ရှင်းပြပါဦး။

“အဓိက ကျနော်ပြောချင်တာတော့ ကော့သောင်းထောင်မှာ ကျန်းမာရေး စောင့်ရှောက်မှု အင်မတန် ညံ့ဖျင်းနေပါတယ်။ အခုဆိုရင် ကျနော့်ကို ကျန်းမာရေး စစ်ဆေးမှု မလုပ်တာ ၆ လ ရှိပါပြီ။ ကိုပြုံးချိုဆိုရင် သွေးတိုးရောဂါ ရှိပါတယ်။ ကိုပြုံးချိုရဲ့ သွေးတိုးရောဂါ အခြေအနေ အတွက်ကြောင့်မို့ နေ့စဉ် သွေးပေါင်ချိန်ရမယ်ဆိုတဲ့ မှတ်ချက်လည်း ရှိပါတယ်။ ဒါပေမဲ့ လုံး၀ သွေးပေါင် မချိန်ခဲ့တာ ၆ လ ကျော်နေပါပြီ။ ကျန်းမာရေး စောင့်ရှောက်မှု ပေးရတဲ့ ဆရာဝန်ရဲ့ လိုအပ်ချက်တွေပေါ့ဗျာ။

“နောက်ပြီးတော့ ဘယ်ကမှန်း မသိတဲ့ အမိန့်ကြောင့်မို့ ရန်ကုန်ကနေ ကော့သောင်း အဝေးကြီးအထိ လာပြီးသွားတော့မှ ထောင်ဝင်စာ ပေးမတွေ့တဲ့ အခေါက်မျိုးတွေ၊ ဒါမျိုးတွေကို ကိုပြုံးချိုရော၊ ကျနော်ရော၊ ဦးချစ်ခင်ဆိုတဲ့ ဦးလေးတယောက်ရော ကြုံခဲ့ဖူးပါတယ်။ အကြောင်းပြချက်ကတော့ အထက်ကလာတဲ့ အမိန့်ကြောင့်လို့ ပြောတာပဲ။ ဒါပေမဲ့ အဲဒီ အထက်ကလာတဲ့ အမိန့်က ဘာကြောင့်လဲ ဆိုတာကိုတော့ ကျနော်တို့ကို ပြန်ပြီး မဖြေရှင်းပေးပါဘူး။ အခက်အခဲက အနည်းနဲ့ အများကတော့ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ ကျနော်တို့တွေကတော့ ကိုယ့်ယုံကြည်ချက်ကို ကိုယ် မြဲမြဲ ဆုပ်ကိုင်ထားပြီး ရှိသမျှ အခက်အခဲတွေကို ကျော်လွှားသွားနိုင်ကြပါတယ်။”

ကိုဇေယျာသော်ရော အကျဉ်းထောင်ထဲရောက်မှ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာသလားခင်ဗျ။

“အစာအိမ် အနာရောဂါ ကျနော့်မှာ အပြင်မှာကတည်းက ရှိပါတယ်။ အဲဒီတော့ အစားအသောက်နဲ့ ပတ်သက်လို့တော့ ကျနော် တော်တော် ဆင်ခြင်ခဲ့ရပါတယ်။”

ကိုဇေယျာသော် အဖမ်းခံခဲ့ရတုန်းက မြန်မာပြည်မှာ စစ်အစိုးရ အုပ်ချုပ်နေတယ်။ အခု အရပ်သား အစိုးရသစ် တက်လာပြီ။ ဒီလို ဥပဒေနဲ့လည်း အခု လွတ်လာပြီဆိုတော့ ဒါဟာ နိုင်ငံရေး အပြောင်းအလဲကြောင့် ဒီလိုမျိုး လွတ်လပ်မှုတွေ ရှိလာတယ်လို့ ယူဆလားခင်ဗျ။

“ဒီနေ့မှပဲ အထိန်းသိမ်းခံကနေ လွတ်လာတာခင်ဗျ။ အဲဒီတော့ အပြင်က အခြေအနေ အကုန်လုံးကိုတော့ ကျနော် မမြင်သေးပါဘူး။ မမြင်သေးတော့ အတိအကျရယ်လို့ မမှန်းနိုင်ပေမဲ့ ကျနော် စဉ်းစားမိတာ တခုကတော့ မြွေတကောင် အရေခွံလဲတယ်ဆိုတာ ကြီးထွားဖို့အတွက်လို့ပဲ မြင်ပါတယ်။”

အခု ကိုဇေယျာသော် လွတ်လာပြီဆိုတော့ ဘာတွေ ဆက်လုပ်မလဲခင်ဗျ၊ ဘာတွေ စိတ်ကူးထားပါသလဲ။

“ကျနော့်အနေနဲ့ ပထမဦးဆုံး လုပ်ချင်တာကတော့ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အကျဉ်းထောင်တွေထဲမှာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေ အများကြီး ကျန်ပါသေးတယ်။ ဒီလူတွေကို အမြန်ဆုံးလွတ်အောင် ကျနော် လုပ်ချင်ပါတယ်။”

အနုပညာကိစ္စရော မေ့လိုက်ပြီလား။

“အနုပညာနဲ့ ပတ်သက်လို့ကတော့ နဂိုကတည်းကိုက သွေးသားထဲကကို ဝါသနာပါလို့ လုပ်ခဲ့တဲ့ အလုပ်တွေပဲ။ သီချင်းကတော့ ကိုယ်ဆိုချင်တဲ့ဟာ ဆိုနေမှာပဲပေါ့ဗျာ။ ပရိသတ်ရှေ့ကို ချပြခွင့်ရတယ်၊ မရဘူး၊ ဒီဟာပဲ ရှိမှာပါ။ ကျနော်က အနုပညာသမားတယောက် ဖြစ်နေတဲ့ အတွက်ကြောင့် ပရိသတ်က ကျွေးတဲ့ ထမင်းကို စားခဲ့တာပါ။ ပရိသတ်ဆိုတာလည်း ပြည်သူပါပဲ။ ဒါကြောင့်မို့ ပြည်သူ့ဘက်ကနေ ရပ်တည်ပြီး ပြည်သူတွေအတွက် အမှန်တကယ် အကျိုးရှိမယ့် အလုပ်တွေကို ကျနော် ကြိုးစားပြီး လုပ်သွားပါမယ်။”

ကော့သောင်းထောင်က ကိုဇေယျာသော်လိုမျိုး ဒီနေ့လွတ်လာတာ ဘယ်နှစ်ရောက် ရှိလဲခင်ဗျ။ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်သူတွေ ပါပါလဲ။

“အားလုံး စုစုပေါင်း ၁၁၂ ယောက် လွတ်ပါတယ်။ အဲဒီအထဲမှာ သာမန် သီးသန့်လို့ခေါ်တဲ့ နိုင်ငံရေး အကျဉ်းသားဆိုလို့ ကျနော်တယောက်ပဲ ပါပါတယ်။”

ဒီလိုလွတ်မယ် ဆိုတာဟာ ကြိုပြီးတော့ ပြောတာလား၊ ကပ်ပြီးမှ ပြောတာလား။

“ကျနော့်ကို မနေ့က ညသန်းခေါင်လောက်မှာ လာပြီး အကြောင်းကြားပါတယ်။ အဲဒီမတိုင်ခင်ကတော့ မသိပါဘူးခင်ဗျ။”

ကော့သောင်းထောင်က ဒီနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား၊ အဆိုတော် ကိုဇေယျာသော် ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG