သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိုတော် ဇေယျာသော် ရန်ပုံငွေပွဲ ဆိုခွင့်မရ


အဆိုတော် ဇေယျာသော် ရန်ပုံငွေပွဲ ဆိုခွင့်မရ

ရန်ကုန် အရှေ့ဒဂုံမှာ ဖွင့်လှစ်ထားတဲ့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေရှာတဲ့ ဖျော်ဖြေပွဲမှာ မကြာသေးခင်က ထောင်ကနေ လွတ်လာတဲ့ ဟစ်ဟော့အဆိုတော် ဇေယျာသော်ကို အာဏာပိုင်တွေက သီချင်းဆိုခွင့် ပိတ်ပင်ခဲ့ပါတယ်။ အဆိုတော်တွေ တော်တော်များများ လာရောက် ဖျော်ဖြေမယ့် ဒီပွဲမှာ အနုပညာ လုပ်ကိုင်ခွင့် ပိတ်ပင်ထားခြင်း မရှိဘဲနဲ့ အဆိုတော် ဇေယျာသော် တယောက်ကိုပဲ အာဏာပိုင်တွေက ဒီပွဲမှာ သီဆိုခွင့် မပြုခဲ့တာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း အရှေ့ဒဂုံ ၁၂ ရပ်ကွက်မှာ ဖွင့်ထားတဲ့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် ဆည်းဆာရိပ် အလှဖန်တီးကြသူများဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ပုံငွေရှာမယ့်ပွဲကို လာမယ့် သြဂုတ်လ ၆ ရက် စနေနေ့မှာ ကျင်းပဖို့ ပွဲခွင့်ပြုချက် ရထားပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ မနေ့ ဗုဒ္ဓဟူးနေ့ကမှ မင်္ဂလာတောင်ညွန့် ရဲစခန်းက ပွဲစီစဉ်သူတွေကို ခေါ်ပြီး အဆိုတော် ဇေယျာသော်ကို သီဆိုခွင့် မပေးနိုင်ကြောင်းနဲ့ ဒီပွဲမှာ ဇေယျာသော် မပါဝင်ဘူး ဆိုတဲ့အကြောင်း ခံဝန်ကတိကို ရဲစခန်းမှာ လက်မှတ် ရေးထိုးခိုင်းခဲ့တယ်လို့ အဆိုတော် ဇေယျာသော်က ပြောပါတယ်။

“ကျနော် အပါအ၀င် တခြားတခြား အဆိုတော်တွေ ပါဝင်ကြမယ်ဆိုတာ တင်ထားပြီးသားလည်း ဖြစ်ပါတယ်။ သူတို့တွေ အနေနဲ့ကလည်း ခွင့်ပြုချက် ရထားပြီးသား ဖြစ်ပါတယ်။ မနေ့ကမှ မင်္ဂလာတောင်ညွန့်ကနေပြီး ပွဲစီစဉ်သူတွေကို ဖုန်းဆက်ခေါ်ပြီး ဇေယျာသော် ဒီအထဲမှာ သီချင်း ပါဝင်သီဆိုမယ်ဆိုရင် ပွဲပါမစ်ကို ပြန်လည် ရုပ်သိမ်းရပါမယ်ဆိုပြီး စကားပြောလာတာပါ။

“အဲဒီလို ဖြစ်လာတဲ့အတွက် ပွဲစီစဉ်တဲ့သူတွေ အနေနဲ့ ဒီပွဲမှာ ဇေယျာသော် မပါဝင်ပါဘူးလို့ ၀န်ခံကတိလက်မှတ် ထိုးထားခဲ့ရတာပါ။ ကျနော် အဓိက ပြောချင်တာကတော့ အစက ခွင့်ပြုပြီးသား ဖြစ်တယ်၊ ဒါပေမဲ့ ဘယ်လိုအကြောင်းကြောင့်၊ ဘယ်လို အခြေအနေကြောင့်မှန်း မသိဘဲနဲ့ ပိတ်သွားတယ်။”

အခုလို သူ့ကို သီချင်းသီဆိုခွင့် မပေးဘူး ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက သူ့ဆီ အကြောင်းကြားတာ မရှိဘူးလို့လည်း ပြောပါတယ်။

“အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ကတော့ အခုချိန်ထိ ကျနော့်ကို နှုတ်အားဖြင့်ရော၊ စာရွက်စာတမ်း အားဖြင့်ရော အကြောင်းကြားထားတာ မရှိသေးပါဘူး။ ဒါပေမဲ့ ပွဲစီစဉ်တဲ့ သူတွေကတော့ ကျနော်တို့ အက်စစ်အဖွဲ့ထဲက အဖွဲ့ဝင်တယောက် ဖြစ်တဲ့ ကိုရန်ချမ်းကို ဖုန်းဆက်ပြီး အကြောင်းကြားတာပါ။ ကိုရန်ချမ်းကနေမှ တဆင့် ကျနော့်ကို ပြန်ပြီး အကြောင်းကြားတာပါ။”

အဆိုတော် ဇေယျာသော်ကလွဲရင် သီဆိုဖျော်ဖြေကြမယ့် ကျန် အက်စစ်အဖွဲ့ဝင်တွေရော ကျန်တဲ့ အနုပညာရှင်တွေ အားလုံးကိုရော မင်္ဂလာတောင်ညွန့် ရဲစခန်းက ခွင့်ပြုထားပါတယ်။ အဆိုတော် ဇေယျာသော်ဟာ လူငယ်တေးဂီတ အဖွဲ့တခုဖြစ်တဲ့ အက်စစ် တေးဂီတအဖွဲ့က အဖွဲ့ဝင်တဦးဖြစ်ပြီး ပြီးခဲ့တဲ့ မေလကမှ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးလည်း ဖြစ်ပါတယ်။ အခု ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေပွဲဟာ အက်စစ်အဖွဲ့နဲ့အတူ ပထမဆုံး ပရိသတ်နဲ့ ပြန်လည်ထိတွေ့မယ့် ပွဲတခုလည်း ဖြစ်ပါတယ်။

“ကျနော်တို့ အက်စစ်အဖွဲ့ အနေနဲ့လည်း ကျနော်တို့ရဲ့ ပရိသတ်ကို သီချင်း အဟောင်းတွေရော၊ သီချင်း အသစ်တွေနဲ့ရော သီဆို ဖျော်ဖြေနိုင်အောင် ကြိုးစားပြီးတော့ ပြင်ဆင်ထားတာပါ။ ဒါပေမဲ့ ဒီလိုအခြေအနေ ဖြစ်လာတဲ့ အခါမှာတော့ ပရိသတ်ကို ကျနော်တို့ရဲ့ သီချင်းလေးတွေ ချပြခွင့် မရတဲ့အတွက် စိတ်မကောင်းတာတော့ ဖြစ်မိပါတယ်။

“အနုပညာသမား တယောက်ဟာ မိမိရဲ့ အနုပညာကို လွတ်လပ်စွာ ဖော်ထုတ်ပိုင်ခွင့် ရှိရပါမယ်။ ဒီတော့မှသာ အနုပညာ အရည်အသွေးတွေ တက်လာမှာ ဖြစ်ပါတယ်။ အခုလိုမျိုး တားဆီးတာတွေ၊ ပိတ်ပင်တာတွေ၊ ကန့်သတ်တာတွေ ရှိနေသေးသမျှ ကာလပတ်လုံး ကျနော်တို့နိုင်ငံရဲ့ ဖန်တီးတဲ့ အနုပညာ မှန်သမျှဟာ အဆင့်အတန်းမီတဲ့ အနုပညာတွေ ဖြစ်လာဖို့ ခက်ခဲပါလိမ့်မယ်။ ကျနော်က လုပ်ခဲ့သမျှ လုပ်ရပ်တွေ အားလုံး မှန်ကန်ခဲ့တယ်၊ ကိုယ်ယုံကြည်ရာကို စူးစူးစိုက်စိုက် ဖော်ထုတ်ခဲ့တယ်၊ ဒီလိုမျိုး ကျနော့်ကိုကျနော် ခံယူထားပါတယ်။ ဒီအတွက် နောင်တရတာမျိုးတော့ မရှိပါဘူး။”

ဟစ်ဟော့အဆိုတော် ဇေယျာ်သော် ပြောပြခဲ့တာ ဖြစ်ပါတယ်။

စတင်ခြင်းဆိုတဲ့ သီချင်းနဲ့ လူငယ်တွေကြား ရေပန်းစားခဲ့တဲ့ ဟစ်ဟော့အဆိုတော် ဇေယျာသော်ဟာ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Waves) ကို ဦးဆောင်လှုပ်ရှားခဲ့သူ တဦးလည်းဖြစ်ပြီး ၂၀၀၈ ခုနှစ်က အဖမ်းခံခဲ့ရပါတယ်။ နောက်တော့ အကျဉ်းထောင်ထဲမှာ ၃ နှစ်ကျော် နေထိုင်ခဲ့ရပြီး ပြီးခဲ့တဲ့ မေလက ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ပါတယ်။

ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို စာရေးဆရာမ သန်းမြင့်အောင် ဦးစီးဖွင့်လှစ်ထားတာဖြစ်ပြီး ဒီဘိုးဘွားရိပ်သာအတွက် ဆည်းဆာရိပ် အလှဖန်တီးကြသူများဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ပုံငွေရှာပြီး ကူညီဖို့ အစီအစဉ်ထဲမှာ တခြား အနုပညာရှင် တချို့ကလည်း မေတ္တာနဲ့ ကူညီသီဆိုဖို့ စီစဉ်ထားတာပါ။

အရှေ့ဒဂုံမှာ ဖွင့်ထားတဲ့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ အကူအညီမဲ့နေတဲ့ အဘိုးအဘွားပေါင်း ၃၀ ကျော်ကို အဲဒီဂေဟာက ကူညီ စောင့်ရှောက်ထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG