သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ်မှာ ဇေကမ္ဘာ ကုမ္ပဏီက လယ်ယာခြံမြေ မတရားသိမ်း


မွန်ပြည်နယ်မှာ ဇေကမ္ဘာ ကုမ္ပဏီက လယ်ယာခြံမြေ မတရားသိမ်း

မွန်ပြည်နယ်အတွင်းမှာ ဇေကမ္ဘာ ကုမ္ပဏီကနေ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့အတွက် ဒေသခံ ရွာသားတွေ ပိုင်ဆိုင်တဲ့ လယ်ယာခြံမြေတွေကို ဈေးနှိမ် လျော်ကြေးပေးပြီး အဓမ္မ သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇေကမ္ဘာ ကုမ္ပဏီ အနေနဲ့ ဘိလပ်မြေစက်ရုံ တည်ဆောက်တဲ့အခါမှာ ဒေသခံ ရွာသားတွေအတွက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးမယ်လို့ ပြောဆိုပေမဲ့လည်း ရွာသားတွေက အယုံအကြည် မရှိဘူးလို့ ဆိုပါတယ်။ အခုလို လယ်ယာမြေ သိမ်းဆည်းခံရတဲ့ ရွာသားတွေရဲ့ဘ၀ ဘယ်လောက်အထိ ထိခိုက် နစ်နာမှုတွေ ရှိနေပါသလဲ။ လယ်မြေ သိမ်းဆည်းခံခဲ့ရတဲ့ ရွာသားတွေနဲ့ ဆက်သွယ် မေးမြန်းထားတဲ့ နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ဒေါက်တာခင်ရွှေ ပိုင်ဆိုင်တဲ့ ဇေကမ္ဘာ ကုမ္ပဏီကနေ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတွင်းမှာရှိတဲ့ ပျားတောင်မှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ ဒေသခံ ရွာသားတွေရဲ့ လယ်ယာခြံမြေဧက ၄၀၀ ကျော်ကို သိမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာ ဈေးနှိမ်ပြီး လျော်ကြေးတွေ ပေးနေတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။ ကော့ပနော် ကျေးရွာနေ ရွာသားတဦးကတော့ လယ်ယာခြံမြေ အသိမ်းခံရတဲ့ ရွာသားတွေအတွက် လျော်ကြေး ပေးဆောင်နေမှု အပေါ်မှာ အခုလိုပြောပါတယ်။

“ပိုက်ဆံယူတဲ့လူလည်း ရှိတယ်၊ မယူတဲ့လူလည်း ရှိတယ်။ ဧကက ၄၀ဝ ကျော်တယ်။ ရော်ဘာခြံက ၂၀ဝ ကျော်တယ်။ လယ်ကွက်လည်း ၂၀၀၊ ၃၀၀ လောက် ရှိတယ်။ လက်မှတ်ထိုးလည်း သုံးပုံတပုံပဲရှိတယ်။ မထိုးတဲ့လက်မှတ်က နှစ်ပုံကျန်တယ်။ သူတို့ မခံဘူး၊ သူတို့ ပိုက်ဆံလည်း မယူဘူး။”

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ အပါအဝင် ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်လည်း ဒီဇင်ဘာလ ၇ ရက်နေ့မှာ နှီးတုန်ကျေးရွာကို ရောက်လာခဲ့ပါတယ်။ ဦးခင်ရွှေကနေ လယ်ယာခြံမြေ သိမ်းဆည်းခံခဲ့ရတဲ့ နှီးတုန်ကျေးရွာသားတွေကို ဆင့်ခေါ်ပြီး လျော်ကြေးငွေယူဖို့ အတင်းအကျပ် တိုက်တွန်း ပြောဆိုခဲ့တယ်လို့ လယ်ယာမြေ အသိမ်းခံ နှီးတုန်ကျေးရွာသား တဦးက အခုလို ပြောပါတယ်။

“ဦးခင်ရွှေလည်း ပါတယ်၊ သူ့သားလည်း ပါတယ်၊ နန္ဒာလှိုင်လည်း ပါတယ်။ သူတို့အဖွဲ့ကားနဲ့ မယကဥက္ကဋ္ဌလည်း လာတယ်ပေါ့။ နန္ဒာလှိုင်က သူ့အဖေ (ယောက္ခမ) ဦးခင်ရွှေအတွက် ပြောတယ်။ ဦးခင်ရွှေ ပြောတာက ကျနော်တို့ပေးတဲ့ဈေးက ခင်ဗျားတို့ယူ၊ ခင်ဗျားတို့ တိုးတက်ဖို့ပဲ ကျနော်တို့ လာလုပ်တယ်၊ အစိုးရဈေးနဲ့ ပေးမယ်ဆိုရင် ၁၀,၀၀၀ လောက်ပဲ ခင်ဗျားတို့ရမယ်၊ ဒါပေမဲ့ ကျနော်တို့ပေးတဲ့ ၃၅၀,၀၀၀ ကို ခင်ဗျားတို့ ယူလိုက်။ ခင်ဗျားတို့ မယူလည်း ကျနော်တို့က သိမ်းမှာပဲလို့ သူပြောတယ်။”

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေဟာ ချွေးမဖြစ်သူ ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်ကိုပါ ခေါ်လာတဲ့အတွက် ဒေသခံ ရွာသားတွေ အနေနဲ့ ထူးဆန်းနေပြီးတော့ စိတ်ဝင်စားမှု ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ တချို့ရွာသားတွေဟာ ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်ကြောင့် လယ်ယာမြေ အသိမ်းခံရသူ ရွာသား ၃၀ ကျော် လျော်ကြေးယူ လက်မှတ်ထိုးခဲ့တယ်လို့လည်း ပြောပါတယ်။ ဦးခင်ရွှေဟာ ကျိုက်မရောမြို့နယ် မယကဥက္ကဋ္ဌနဲ့ ပူးပေါင်းထားပြီး လျော်ကြေးငွေ လက်ခံဖို့ ငြင်းဆန်နေတဲ့ ရွာသားတွေကို ခြိမ်းခြောက်မှု ပြုလုပ်နေတယ်လို့ နှီးတုန်ကျေးရွာသား တဦးက ပြောပါတယ်။

“တနင်္လာနေ့ကစပြီး သူတို့ သုံးလေးရက် အချိန်ပေးမယ်ပေါ့။ သူတို့ပြန်လာမယ်၊ ပိုက်ဆံပြန်လာပေးမယ်ပေါ့။ ပိုက်ဆံပေးတဲ့နေ့မှ မယူဘူးဆိုရင် သူတို့ မယကနဲ့ အပ်လိုက်မယ်ပေါ့၊ မယကနဲ့ ပေးရှင်းလိုက်မယ်ပေါ့။ မယက လုပ်တဲ့အတိုင်း နင်တို့ခံရမယ်ပေါ့၊ သူတို့ပြောတယ်။”

ကျိုက်မရောမြို့နယ် ကော့ဒွန်း၊ ကော့ပနော်၊ နှီးတုန် အစရှိတဲ့ ရွာတွေဟာ လယ်ယာခြံမြေတွေနဲ့သာ အသက်မွေးဝမ်းကြောင်း ပြုနေရပါတယ်။ အခုလို ဇေကမ္ဘာ ကုမ္ပဏီကနေ လယ်ယာမြေ သိမ်းဆည်းခဲ့တဲ့အတွက် အသိမ်းဆည်းခံ ဒေသခံ ရွာသားတွေအတွက် ရှေ့ဆက်ဘဝ အခက်အခဲ ရှိသွားမယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“လယ်ကိုပဲ အားကိုးပြီး အသက်ရှင်နေကြတာ။ အခု ဒီလယ် မရှိဘူးဆိုရင် သူတို့အနေနဲ့ တော်တော်များများတော့ ထိခိုက်နိုင်တယ်ပေါ့။ ဒီလယ်ကို အသိမ်းခံရပြီးတော့ တခြား စီးပွားရေးတခုခု ပြောင်းလုပ်ဖို့လည်း ကုမ္ပဏီကပေးတာ နည်းတယ်ဆိုတော့ ဘယ်လိုလုပ်ဖြစ်မလဲ။”

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဇေကမ္ဘာ ကုမ္ပဏီဟာ ကျိုက်မရောမြို့နယ် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကော့တုန်၊ ကော့ပနော်၊ နှီးတုန် အစရှိတဲ့ ကျေးရွာသားတွေ ပိုင်တဲ့ လယ်ယာမြေတွေကို တိုင်းတာပြီး သိမ်းဆည်းခဲ့ပါတယ်။ အဲဒီအပေါ်မှာ ဒေသခံ ကျေးရွာသားတွေနဲ့ သံဃာတော်တွေဟာ နေပြည်တော်အထိ တက်ရောက် တိုင်ကြားခဲ့တာကြောင့် အခုလို လျော်ကြေးငွေတွေ ပေးနေရတယ်လို့ သံဃာတော်တပါးက ပြောပါတယ်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ပျားတောင်ဟာ ဘိလပ်မြေထုတ်လုပ်ဖို့ အကောင်းဆုံးကျောက်တောင် ဖြစ်နေတယ်လို့လည်း ကွင်းဆင်းလေ့လာထားတဲ့ ဘူမိဗေဒ ပညာရှင်တွေက ပြောပါတယ်။ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ဘိလပ်မြေစက်ရုံ တည်ဆောက်တဲ့အခါမှာ ရွာသားတွေအတွက် ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ပေးမယ်လို့ ကတိတွေ ပေးထားပေမဲ့လည်း လယ်ယာခြံမြေ အသိမ်းဆည်းခံ ရွာသားတွေ အနေနဲ့ကတော့ ယုံကြည်မှု မရှိဘူးလို့ ပြောပါတယ်။

XS
SM
MD
LG