သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ရိုဟင်ဂျာပြဿနာ Genocide ဖြစ်နိုင်ချေရှိ” ကုလမဟာမင်းကြီး


ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြရတဲ့ဖြစ်ရပ်မှာ အကြမ်းဖက်မှုတွေကို အစီအစဉ်တကျ ကျူးလွန်ခဲ့တာဖြစ်ပြီး၊ ဒီလုပ်ရပ်ဟာ Genocide လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့အဆင့်အထိ ဖြစ်နိုင်ချေရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Zeid Al Hussein က ပြောခဲ့ပါတယ်။ ဒါကို မြန်မာဖက်က ငြင်းချက်ထုတ်နေပေမယ့် နိုင်ငံတကာစုံစမ်းရေးအဖွဲ့ဝင်ရောက်ခွင့်မပေးတာဟာ သံသယဖြစ်စရာရှိတယ်လို့လည်း ပြောသွားပါတယ်။ ကုလ မဟာမင်းကြီး Zeid နဲ့ AFP သတင်းဌာနဲ့ ဒီ မေးမြန်းထားချက်ကိုတော့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

သြဂုတ်လကုန်ပိုင်း စလို့ ရခိုင် မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ပဋိပက္ခအပေါ် အစိုးရလုံခြုံရေးတပ်တွေရဲ့ ကိုင်တွယ်ဆောင်ရွက်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ အလုံးအရင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက်ကို ထွက်ပြေးကြရတယ်လို့ ကုလသမဂ္ဂရော နိုင်ငံတကာကပါ အခိုင်အမာယူဆထားတာပါ။ ဒါကြောင့်လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမ၈္ဂမဟာမင်းကြီး Zeid Al Hussein နဲ့ AFP တွေ့ဆုံမေးမြန်းခန်းမှာ. . သူ့အနေနဲ့ ဒီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေဟာ စနစ်တကျ ဖန်တီးလုပ်ဆောင်ခဲ့တယ်ဆိုတာ တွေ့ရတယ်လို့ ပြောသွားပါတယ်။ ဒီအတွက် ဒီပြဿနာကို သုံးသပ်တဲ့အခါမှာ Genocide လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ခဲ့ချေရှိတယ်ဆိုတဲ့ အချက်ကို ဖယ်ထုတ်စဉ်းစားလို့မရဘူးလို့ ကုလ မဟာမင်းကြီးက ပြောသွားပါတယ်။

“ကျနော်တို့ မြင်တွေ့ နေရတာတွေကို အခြေခံပြောရရင် Genocide လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်နိုင်ချေရှိတယ်ဆိုတဲ့အချက်ကို ဖယ်ထုတ်ထားလို့မရပါဘူး။ ဒီ သတ်မှတ်ချက်ကို တရားရုံးတခုကပဲ ဆုံးဖြတ်ရမယ်ဆိုပေမယ့်လည်း၊ ကျနော်တို့ ရထားတဲ့ အချက်အလက်တွေအပေါ် အခြေခံကြည့်ရင် ဒီဖြစ်နိုင်ချေကို ဖယ်ထုတ်စဉ်းစားလို့မရပါဘူး။”

အခု သြဂုတ်လကစပြီး တလအတွင်းမှာပဲ ရခိုင်မြောက်ပိုင်းဒေသ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာ ၆၇၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ MSF နယ်စည်းမခြားဆရာဝန်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။ စစ်တပ် စစ်ဆင်ရေးတွေ စကတည်း အိမ်နီးချင်း ဘင်္ဂလားဒေရ်ှနိုင်ငံကို ထွက်ပြေးကြတဲ့ အရေအတွက်ဟာလည်း ကုလသမဂ္ဂထုတ်ပြန်ချက်အရ ၆၅၅,၀၀၀ ကျော်သွားပါပြီ။ မြန်မာအာဏာပိုင်တွေဖက်ကတော့ ရခိုင်မြောက်ပိုင်းဒေသတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးဟာ အစွန်းရောက်တွေကို ပစ်မှတ်ထား နှိမ်နင်းမှုသာဖြစ်ပြီး၊ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိဘူးလို့ ငြင်းချက်ထုတ်ပါတယ်။ အစိုးရဖက်ကရော စစ်တပ်ကပါ စုံစမ်းရေးကော်မတီတွေဖွဲ့ပြီး စစ်ဆေးခဲ့ပေမယ့်၊ နိုင်ငံတကာက စွတ်စွဲနေသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိဘူးလို့ပဲ အဖြေထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ခဲ့တဲ့ အချက်အလက်စုဆောင်းရေး ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ကိုတော့ ပေးမဝင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့တွေရော ကုလသမဂ္ဂစုံစမ်းရေးအရာရှိတွေပါ ဘင်္ဂလားဒေ့ရ်ှဖက်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုပဲ သွားရောက်ပြီး၊ အဲဒီက ရရှိတဲ့အချက်အလက်တွေအရ ကြောက်ရွံထိတ်လန့်စရာရာဇဝတ်မှုတွေကို ဖြစ်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ အစီရင်ခံစာတွေ ထွက်လာပါတယ်။ ကုလသမဂ္ဂမဟာမင်းကြီး Zeid ကတော့ မြန်မာဖက်က ဖုံးကွယ်ထားစရာမရှိရင် ဘာကြောင့် နိုင်ငံတကာစုံစမ်းရေးအဖွဲ့ကို ပေးမဝင်တာလဲလို့ မေးခွန်းပြန်ထုတ်ပါတယ်။

“ဒါမဟုတ်ဘူးလို့ ငြင်းဆိုတယ်ဆိုရင်၊ ဘာကြောင့် ကျနော်တို့ကို ဝင်ခွင့်မပေးတာလဲ၊ ဒီနေရာတွေကို ဘာလို့ ကြည့်ရှုစစ်ဆေးခွင့်မပေးတာလဲ၊ ဘာတွေများ ဖုံးကွယ်ထားစရာရှိလို့လဲ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ပြောဆိုစွတ်စွဲနေတာတွေဟာ သူတို့တွေ့ရှိချက်အရ မဟုတ်ဘူး မမှန်ကန်ပါဘူးလို့ ပြောချင်တယ်ဆိုရင်၊ ဒီကိစ္စမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ကို ဝင်ရောက်စစ်ဆေးခွင့်ပေးဖို့ ဘာမှ စိုးရိမ်နေရာမရှိပါဘူး။”

ရခိုင်မြောက်ပိုင်းက အကြမ်းဖက်မှုတွေအတွက် တာဝန်ရှိသူတွေကို တဖြေးဖြေးနဲ့ ဖော်ထုတ်အရေးယူနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း Mr. Zeid က ပြောပါတယ်။ ဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ကရော ဘယ်လောက်အထိ တာဝန်ရှိလဲဆိုတာကို AFP က မေးပါတယ်။ Mr. Zeid ကတော့ ဒီပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်အပေါ် ဘယ်လောက်အထိ လွှမ်းမိုးသြဇာရှိသလဲဆိုတာ သုံးသပ်ဆုံးဖြတ်ရမှာဖြစ်သလို၊ အထောက်အထားတွေအရ ဘယ်သူမှာ အဓိက တာဝန်ရှိသလဲ ဘယ်သူမပါဘူးလဲဆိုတာတွေ ပေါ်လာပါလိမ့်မယ်လို့ပဲ ဖြေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG