ရုရှားရဲ့ခြိမ်းခြောက်မှုနဲ့ အမေရိကန်ရဲ့ အကူအညီတွေ မသေချာ မရေရာချိန်မှာ ဥရောပအနေနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စုစည်းတဲ့ တပ်ဖွဲ့တည်ထောင်ဖို့ လိုနေပြီလို့ ယူကရိန်းသမ္မတက ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့လုံခြုံရေးကိစ္စကို ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ဆွေးနွေးနေတဲ့ မြူးနစ်လုံခြုံရေးညီလာခံမှာ သမ္မတ Volodymyr Zelenskyy ဒီနေ့ မိန့်ခွန်းပြောကြား တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ဥရောပတပ်ဖွဲ့ကို ဖွဲ့စည်းရပါမယ်။ ဒါမှ ဥရောရဲ့အနာဂတ်ဟာ ဥရောပတိုက်သားတွေအပေါ်မှာပဲ မှီခိုအားထားနိုင်မှာဖြစ်ပြီး၊ ဥရောပအတွက် ဆုံးဖြတ်ချက်တွေကိုလည်း ဥရောပကပဲ ဆုံးဖြတ်နိုင်မှာ ဖြစ်တယ်လို့ သမ္မတ Zelenskyy က ပြောဆိုခဲ့ပါတယ်။
ရုရှားသမ္မတ Putin နဲ့ အမေရိကန်သမ္မတ Trump တို့ ဖုန်းနဲ့ ဆက်သွယ်ပြောပြီး ယူကရိန်းကို ရုရှား ကျူးကျော်တိုက်နေတဲ့ စစ်ပွဲအဆုံးသတ်နိုင်ဖို့ ကြားဝင်ညှိနှိုင်းမယ်လို့ သမ္မတ Trump က ပြောကြားထားပါတယ်။ ယူကရိန်းနဲ့ဆိုင်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေမှာ ယူကရိန်းပါမှ ဖြစ်မယ်ဆိုတာကို သမ္မတ Zelenskyy က ဒီကနေ့ အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။
ယူကရိန်းရဲ့နောက်ကွယ်မှာ ဘယ်လို အပေးအယူလုပ် ညှိနှိုင်းမှုမျိုးကိုမဆို လက်ခံမှာ မဟုတ်ဘူးလို့ သူက ပြောဆိုပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က ပြီးခဲ့တဲ့ရက်ပိုင်းက NATO ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောဆိုခဲ့ရာမှာတော့ ယူကရိန်းအနေနဲ့ ရုရှား စတင်မကျူးကျော်ခင် ၂၀၁၄ ခုနှစ်မတိုင်မီက နယ်မြေမျိုးပြန်ရဖို့နဲ့ NATO အဖွဲ့ဝင်ဖြစ်ဖို့ဆိုတာ လက်တွေ့မကျဘူးလို့ ပြောဆိုခဲ့ပါတယ်။
ရုရှားနဲ့ တစုံတရာ ညှိနှိုင်းဆွေးနွေးမှု မလုပ်ခင် အမေရိကန်အစိုးရဆီက လုံခြုံရေးအာမခံချက် လိုချင်တယ်လို့ အမေရိကန် ဒုသမ္မတ JD Vance နဲ့ သောကြာနေ့က မြူးနစ်မှာ သီးခြားတွေ့ဆုံဆွေးနွေးစဉ်မှာ ယူကရိန်းသမ္မတက ပြောကြားခဲ့ပါတယ်။
မြူးနစ်လုံခြုံရေးညီလာခံမှာ ဒုသမ္မတ JD Vance သောကြာနေ့က မိန့်ခွန်းပြောခဲ့ရာမှာ ဥရောပခေါင်းဆောင်တွေဟာ အတိုက်အခံတွေနဲ့ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်နေတယ်လို့ စွပ်စွဲခဲ့သလို ဥရောပ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကိုလည်း ဝေဖန်ပြောကြားသွားခဲ့တယ်။
Forum