အရှေ့တောင်အာရှဒေသတွင်းမှာ ဇီကာရောဂါပိုးကူးစက်တာတွေ မြင့်တက်လာနေတာကြောင့် ၊ မြန်မာနိုင်ငံတွင်းမှာ ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် မဟာဗျူဟာကျတဲ့ စီမံကိန်းတွေကို ပြင်ဆင်လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကပြောလိုက်ပါတယ်။ စင်္ကာပူ နဲ့ ထိုင်းနိုင်ငံတွေက ရောဂါကူးစက်ခံရသူတွေထဲမှာ မြန်မာနိုင်ငံသားတဦးစီပါဝင်နေပေမယ့်၊ မြန်မာနိုင်ငံမှာတော့ ဇီကာဗိုင်းရပ်စ်ပိုးကူးစက်တာတော အခုချိန်ထိမရှိသေးဘူးလို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေအတော်များများမှာ ဇီကာရောဂါဗိုင်းရပ်စ်ပိုးကူးစက်တာတွေ မြင့်တက်လာနေပြီး၊ စင်္ကာပူ နဲ့ ထိုင်းနိုင်ငံတွေက ရောဂါပိုးကူးစက်ခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ၁ ဦးစီပါဝင်နေပါတယ်။ အခုလို ဒေသတွင်းမှာ ဇီကာရောဂါပိုး ကူးစက်ခံရသူူတွေ တိုးလာနေပေမယ့်၊ မြန်မာနိုင်ငံတွင်းမှာတော့ ဗိုင်းရပ်ပိုးကူးစက်တာ အခုချိန်ထိမရှိသေးဘူးလို့ မြန်မာနိုင်ငံ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က ပြောပါတယ်။
“အခုအချိန်အထိက ကျနော်တို့ကမတွေ့သေးပါဘူးခင်ဗျ။ ထိုင်း မှာတော့ မြန်မာနိုင်ငံသား ၁ ယောက်ပေါ့နော် ကူးစက်ခံရတယ်လို့ ကျနော်တို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တဆင့် သတင်းရရှိတယ်ပေါ့နော်။ နောက်ပြီး စင်္ကာပူမှာ တယောက်ပေါ့နော်။”
စင်္ကာပူနိုင်ငံမှာတော့ ကိုယ်ဝန်ဆောင်မိခင် ၈ ဦးအပါအဝင်၊ ရောဂါကူးစက်ခံရသူ ၃၂၉ ဦးရှိပြီး၊ ထိုင်းနိုင်ငံမှာတော့ နောက်ထပ် ဇီကာဗိုင်းရပ်ပိုးကူးစက်ခံရသူ ၂၂ ဦး အပါအဝင် ၁၀၀ ကျော်ရှိပြီးလို့သိပါတယ်။ ဒေသတွင်းက အိမ်နီးချင်းနိုင်ငံတွေမှာ အခုလို ရောဂါပိုး ကူးစက်တာတွေ ရှိလာတာကြောင့် မြန်မာနိုင်ငံကို ရောဂါကူးစက်လာနိုင်ချေ ဘယ်လောက်အထိ စိုးရိမ်စရာရှိသလဲဆိုတဲ့အပေါ်မှာ ဒေါက်တာဉာဏ်ဝင်းမြင့် က အခုလိုပြောပါတယ်။
“ကျနော်တို့ နိုင်ငံအနေနဲ့ဆိုရင်လည်း ဒါ အပူပိုင်းဒေသပေါ့နော် ၊ အပူးပိုင်းဒေမှာ ပါတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ Aedes ခြင်ကတော့ ကျနော်တို့ဆီမှာ ရှိနေတာပေါ့နော်။ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ကူးစက်လာနိုင်ခြေရှိသလားဆိုရင် ကျနော်တို့ scientifically အရပြောမယ်ဆိုရင် ဥပမာဆိုပါတော့ ရောဂါရှိတဲ့တယောက်က ဝင်လာတယ်၊ အဲဒါကို ဒီမှာ ရှိနေတဲ့ Aedes ခြင်က ကိုက်မယ်။ ဒါမှ မဟုတ်ရင်လည်း အေးဒီး(စ်)ခြင်က လေကြောင်းကဖြစ်ဖြစ် ၊ ကုန်းလမ်းကဖြစ်ဖြစ် ဝင်လာမယ်ပေါ့နော် ၊ ရေဂါပိုးရှိတဲ့ခြင်က ဝင်လာတယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ လည်း ရောဂါပိုးဝင်ရောက်နိုင်ခြေက ရှိပါတယ်။"
ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး၊ ဒေသတွင်းနိုင်ငံတွေက မြန်မာသံရုံတာဝန်ရှိသူတွေ၊ သက်ဆိုင်ရာနိုင်ငံရဲ့ ကျန်းမာရေးတာဝန်ခံတွေနဲ့ အပါအဝင် ပြည်တွင်းမှာဆိုရင်လည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးတာဝန်ရှိသူတွေနဲ့လည်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် လက်တွဲလုပ်ဆောင်တာတွေရှိတယ်လို့လည်း ေ့ ဒေါက်တာဉာဏ်ဝင်းမြင့်က အခုလို ရှင်းပြပါတယ်။
“ ကျနော်တို့ရဲ့ Strategic မဟာဗျူဟာ plan မှာဆိုရင် ဥပမာဆိုရင် အခုလို လုံး၀ ရောဂါပိုးမတွေ့ရှိသေးတဲ့အချိန်မှာဆိုရင် ဘာတွေလုပ်မလဲပေါ့နော်၊ ဥပမာဆိုပါတော့ - ရောဂါပိုးစတင်တွေ့ရှိပြီ၊ ဒါမှမဟုတ်လည်း ရောဂါပိုး ဥပမာဆိုပါတော့ တပြိုင်တည်း ၄၊ ၅ ယောက်တွေ့ပြီဆိုရင် ဘယ်လိုလုပ်မလဲပေါ့ အဲဒီဟာတွေကိုတော့ ကျနော်တို့ အဆင့်အလိုက် ဘယ်လိုဆောင်ရွက်မယ်ဆိုတာတော့ ကျနော်တို့ စီမံချက်ရေးဆွဲထားတာရှိပါတယ်ခင်ဗျ။ ခြင်ဆေးအတွက်ကိုတော့ အဓိက ကျနော်တို့ fogging machine ပေါ့နော် ခြင်ဆေးမှုတ်တဲ့ဟာကို ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာန ရံပုံငွေနဲ့ ထပ်မံဝယ်ယူဖို့ပေါ့နေ်ာ ကျနော်တို့လုပ်ထားတာရှိတယ်။ Abate ဆေးခတ်တဲ့ဟာဆိုရင်လည်း ကျနော်တို့ ဆေးခတ်တဲ့ဟာတွေကို Abate ဆေးကိုပေါ့နော် ကျနော်တို့ ပြည်နယ်နဲ့တိုင်းအားလုံးမှာလုပ်ဖို့အတွက် အဲဒါလေးတွေကို ကျနော်တို့ စီစဉ်ထားတာရှိပါတယ်။ ဇီကာက ကျနော်တို့က ကူးစက်လာနိုင်တဲ့အတွက် ကျနော်တို့ ခြင်တွေမပါလာအောင်လို့ အရင်ပတ်စနေနေ့ကဆိုရင် ကျနော်တို့ ရန်ကုန်လေဆိပ် ပတ်ဝန်းကျင်မှာ ဇီကာရောဂါဖြစ်လာနိုင်တဲ့ Aedes ခြင်မရှိဖို့ကို ကျနော်တို့ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့အတွက်ကို လေကြောင်းလိုင်းအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အဲဒါလေးတွေကို ကျနော်တို့ ညှိနှိုင်းထားတာရှိပါတယ်။”
ဇီကာရောဂါကာကွယ်ရေးအတွက် မီဒီယာတွေကနေတဆင့် အသိပညာပေးတာတွေလုပ်ဆောင်နေသလို၊ ကူးစက်ရောဂါဌာနရဲ့ Facebook စာမျက်နှာတခုကို ဖွင့်ပြီး ဇီကာဗိုင်းရပ်စ်ရောဂါပိုးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးနေတယ်လို့ပြောပါတယ်။ ဒါ့အပြင် ကျန်းမာရေး တာဝန်ရှိသူတွေအနေနဲ့လည်း ရောဂါလက္ခဏာဖြစ်နေတယ်လို့ သံသယရှိတဲ့သူတွေကိုတွေ့ရင် အကြောင်းကြားဖို့ ပြောထားတယ်လို့ ဒေါက်တာဉာဏ်ဝင်းမြင့် ကပြောပါတယ်။