သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်နိုင်ငံတွင်း ပထမဆုံး Zika ဗိုင်းရပ်စ် ကူးစက်ခံရမှု ဖြစ်ပွား


အမေရိကန် ပြည်ထောင်စု အနောက်တောင်ပိုင်း တက္ကဆက် ပြည်နယ်တွင်းက ခရိုင် တခုမှာ လိင်ဆက်ဆံမှုကနေ ကူးစက်တယ်လို့ ယူဆရတဲ့ ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးစက် ဖြစ်ပွားမှု တခု တွေ့ရှိရကြောင်း မနေ့ အင်္ဂါနေ့က သတင်းထုတ်ပြန်ပါတယ်။

ဇီကာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ နိုင်ငံတခုကနေ ပြန်လာတဲ့ ဖျားနားနေသူ တဦးနဲ့ လိင်ဆက်ဆံခဲ့ပြီးနောက် ဇီကာဗိုင်းရပ်စပ် ကူးက်ခံရတာ ဖြစ်တယ်လို့ Dallas ခရိုင် တာဝန်ရှိသူ တို့က ပြောပါတယ်။ ကူးစက်ခံထားရသူ ပုဂ္ဂိုလ်ဟာ လတ်တလော ဗင်နီဇွဲလား နိုင်ငံကို ခရီးသွားခဲ့သူ ဖြစ်တယ်လို့လည်း Dallas ခရိုင် က နောက်ပိုင်းမှာ တွစ်တာကနေ ရေးသား ဖော်ပြပါတယ်။

တက္ကဆက် ပြည်နယ်မှာ ဇီကာဗိုင်းရပ်စ် ကူးစက်မှု ကနဦး သတင်းပေးပို့ချက် ရရှိထားတယ်လို့ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန CDC က အတည်ပြုပါတယ်။ အမေရိကန် ပြည်ထောင်စု ပြင်ပကို ခရီးမသွားဘဲ လိင်ဆက်ဆံဘက်ဆီကနေ တဆင့် ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံထားတယ်ဆိုတဲ့ အကြောင်းကြားချက်နဲ့ ပတ်သက်ပြီး အမေရိကန် CDC အကြီးအကဲကလည်း မနေ့ အင်္ဂါနေ့က တွစ်တာ စာမျက်နှာမှာ အတည်ပြု ရေးသားထားပါတယ်။

ခရီးထွက်တာ မဟုတ်ဘဲ အမေရိကန် နိုင်ငံတွင်းမှာပဲ ရှိသူ တဦးကိုဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုတဲ့ ပထမဆုံး ဖြစ်ရပ်ကို ဓာတ်ခွဲခန်း စမ်းသပ်မှုတွေနဲ့ အတည်ပြုထားတဲ့ အကြောင်းလည်း ဗွီအိုအေကို ပေးပို့တဲ့ အီးမေလ်းမှာ CDC အကြီးအကဲက ပြောဆိုပါတယ်။ အခု ဖြစ်ပွားမှုမှာတော့ သန္ဓေသားလောင်းကို ကူးစက်ခံရမယ့် အန္တရာယ် မရှိဘူးလို့လည်း ပြောဆိုထားပါတယ်။

ဇီကာဗိုင်းရပ်စ်ကူးစက်မှုဟာကမ္ဘာ့ လူထု အတွက် ကျန်းမာရေး ဆိုင်ရာ အရေးပေါ် အခြေအနေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ကြေညာခဲ့ပြီး အခုကစလို့ ဒီနှစ်ကုန်ပိုင်း အတွင်း လူ ၄ သန်းလောက် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဇန်နဝါရီ လကုန် အထိ ဇီကာဗိုင်းရပ် ကူးစက်မှုကို အတည်ပြုထားတဲ့ နိုင်ငံပေါင်း ၂၄ နိုင်ငံ ရှိခဲ့ပြီး အများစုက ဗဟို အမေရိကနဲ့ တောင်အမေရိက နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာတဝန်း ကူးလူး ဆက်ဆံမှုကြောင့် ကူးစက်ဖြစ်ပွားတဲ့ နိုင်ငံ အရေအတွက် တိုးလာဖို့ကတော့ သေချာသလောက်ရှိပါတယ်။ လက်တင် အမေရိကမှာ ဇီကာဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ရေး အတွက် အရေးပေါ် ရံပုံငွေ အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ သန်း ပေးဖို့လည်း နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးက တောင်းဆိုထားပါတယ်။

XS
SM
MD
LG