သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ လိင်ဆက်ဆံမှုကတဆင့် Zika ရောဂါပိုးကူးစက်


အမေရိကန်ပြည်ထောင်စုမှာ လိင်ဆက်ဆံရာကနေ ဇီကာဗိုင်းရပ်စ် ကူးစက်ခဲ့ပုံရတဲ့ ပထမဆုံး ဝေဒနာရှင်တဦးကို တွေ့ရှိထားတယ်လို့ အမေရိကန် ပြည်ထောင်စု အနောက်တောင်ပိုင်း Texas ပြည်နယ်မှာရှိတဲ့ ခရိုင်တခုက အင်္ဂါနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇီကာရောဂါ ဖြစ်ပွားနေတဲ့ နိုင်ငံတခုကနေ ပြန်လာပြီး နာမကျန်းဖြစ်နေသူတဦးနဲ့ လိင်ဆက်ဆံခဲ့ပြီးနောက် ရောဂါရခဲ့တာဖြစ်တယ်လို့လည်း ဒါးလတ်စ်ခရိုင် တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကတော့ လူနာတွေဟာ ဘယ်သူတွေဖြစ်ကြတယ်၊ ခရီးထွက်ခဲ့သူဟာ ဘယ်တိုင်းပြည်ကို သွားခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်မပြောပါဘူး။

အမေရိကန် ဗဟိုအစိုးရရဲ့ ထိပ်တန်း လူထုသူ့ကျန်းမာရေးဌာနတခုဖြစ်တဲ့ ရောဂါထိန်းချုပ်ရေးဌာန CDC က Texas ပြည်နယ်က ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုကို အတည်ပြုခဲ့ပေမဲ့ စုံစမ်းစစ်ဆေးမှုတွေတော့ မလုပ်ရသေးဘူးလို့ ပြောပါတယ်။ ဗွီအိုအေကို ပေးပို့တဲ့ အီးမေးလ်မှာတော့ - ပြည်ပကို ခရီးသွားသူ မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရတာကို ပထမဆုံးအကြိမ် ဓာတ်ခွဲစမ်းသပ်မှုတွေနဲ့ အတည်ပြုနိုင်ခဲ့ တယ်လို့လည်း ပြောပါတယ်။ လူနာအနေနဲ့ သန္ဓေသားရလာမယ် ဆိုရင်လည်း အန္တရာယ်မဖြစ်နိုင်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း အမေရိကားတိုက်မှာ လူပေါင်း ၄ သန်းလောက်အထိ ကူးစက်ခံခဲ့ရနိုင်တဲ့ ဇီကာဗိုင်းရပ် ပျံ့နှံ့မှုကို ကာကွယ်ဖို့ IRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကြီးက အရေးပေါ် ရန်ပုံငွေတရပ် တောင်းခံထားပါတယ်။ ဒေသတွင်းက ကျန်းမာရေး ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အင်္ဂါနေ့မှာပဲ ကြက်ခြေနီအဖွဲ့ကြီးက အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃ သန်း တောင်းခံလိုက်တာပါ။ ဇီကာဗိုင်းရပ်စ်ပိုးဟာ ပုံမှန်ထက်သေးငယ်တဲ့ ခေါင်းတွေနဲ့ ကလေးငယ်တွေ မွေးဖွားလာတာလို၊ ဦးနှောက်အာရုံကြောဆိုင်ရာ မွေးရာပါ ချို့ယွင်းချက်တွေနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့လည်း ယုံကြည်ထားကြပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း - ဇီကာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့လူထုကျန်းမာရေး အရေးပေါ် အခြေအနေတရပ်အဖြစ် တနင်္လာနေ့က ကြေညာထားပြီး၊ ဒီနှစ်အတွင်း လူပေါင်း ၄ သန်းလောက်ဟာ ဒီရောဂါပိုး ကူးစက်ခံထားရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဇန်နဝါရီလကုန်အထိ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ နိုင်ငံပေါင်း ၂၄ နိုင်ငံရှိကြောင်း အတည်ပြုထားပြီး၊ လက်ရှိမှာတော့ ဒီရောဂါကို ကုသလို့ မရနိုင်သေးပါဘူး။

XS
SM
MD
LG