သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နုတ်ထွက်ပေးမှုမရှိလို့ မူဂါဘီ စွဲချက်တင်ခံရဖွယ် ရှိနေ


ဇင်ဘာဘွေ နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်နေတဲ့ သမ္မတ ရောဘတ် မူဂါဘီ က ဒီကနေ့ တနလာၤနေ့ နေ့ခင်းပိုင်း နောက်ဆုံးထားပြီး ရာထူးက ဆင်းပေးဖို့ ဒါမှမဟုတ်ရင် စွပ်စွဲပြစ်တင်ခံရမှုနဲ့ ရင်ဆိုင်ရမယ်လို့ ပြောဆိုထားချက်ကို လစ်လျူရှု ပစ်ပယ်ထားပါတယ်။

မနေ့ တနင်္ဂနွေနေ့ ရုပ်မြင်သံကြားကနေ မိန့်ခွန်းပြောတာမှာတော့ သမ္မတ မူဂါဘီက ရာထူးက ဖယ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။ သမ္မတ မူဂါဘီရဲ့ ၃၇ နှစ်ကြာ အုပ်ချုပ်မှု အဆုံးသတ် အောင်ပွဲခံရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မနေ့ တနင်္ဂနွေနေ့က သန်းနဲ့ချီတဲ့ ပြည်သူတွေ ရေဒီယို၊ ရုပ်မြင်သံကြားတွေကို ဖွင့်ပြီး စောင့်မျှော်ခဲ့ကြတာပါ။

ဒါပေမယ့်လည်း သမ္မတ မူဂါဘီက နောက်လကျင်းပမယ့် ZANU-PF ပါတီ ညီလာခံကို သူဦးဆောင်မယ်လို့ ပြောဆိုလိုက်တာကြောင့် တချို့ မျက်ရည်ကျခဲ့ကြသလို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြပါတယ်။ နိုင်ငံမှာ နိုင်ငံရေး ပဋိပက္ခ ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ အပေါ် စစ်တပ်က ကြားဝင်ဆောင်ရွက်မှုကို လက်သင့်ခံတဲ့ အနေအထားရော၊ ဒါမှမဟုတ်လည်း နုတ်ထွက်မယ်ဆိုတဲ့ စကားလုံးရော သမ္မတ မူဂါဘီ သုံးနှုန်း ပြောဆိုခဲ့တာ မရှိပါဘူး။

နိုင်ငံရဲ့ ခိုင်မာတဲ့ အခြေခံဥပဒေ ဆိုင်ရာ ပြဌာန်းချက်တွေ အပေါ်မှာရော၊ နိုင်ငံအကြီးအကဲ အဖြစ် သူ့ရဲ့ လုပ်ပိုင်ခွင့် အာဏာကိုပါ အခု လုပ်ရပ်တွေက ခြိမ်းခြောက်မှု မဖြစ်ဘူးလို့ သမ္မတ မူဂါဘီက ပြောဆိုခဲ့ပါတယ်။ ZANU-PF ပါတီကတော့ သမ္မတ မူဂါဘီ ရာထူးက နုတ်ထွက်ပေးဖို့ ဒေသစံတော်ချိန် ဒီကနေ့ တနလာၤနေ့ နေ့ခင်းပိုင်း အထိ အချိန်ပေးထားပါတယ်။

ဒါမှမဟုတ်ရင်တော့ စွပ်စွဲပြစ်တင်ခံရမှုနဲ့ ရင်ဆိုင်ရမယ်လို့ ပြောဆိုထားတာပါ။ သမ္မတ မူဂါဘီကို ZANU-PF ပါတီ အကြီးအကဲ အဖြစ်ကနေလည်း ထုတ်ပယ်လိုက်ပြီး ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ဒုတိယ သမ္မတ အီမာဆန် မနန်ဂါဂွါ ကို ပါတီ ခေါင်းဆောင်သစ် အဖြစ် တင်မြှောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG