သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေနိုင်ငံရေး မရေမရာရှိနေ


လုံခြုံရေးရဲများ နေရာယူထားစဉ်
လုံခြုံရေးရဲများ နေရာယူထားစဉ်

ဇင်ဘာဘွေနိုင်ငံမှာ နှစ်ပေါင်း ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ Robert Mugabe အနေနဲ့ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ အာဏာကို စွန့်လွှတ်မလဲဆိုတဲ့အပေါ် အတည်မပြုနိုင်တဲ့ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေပြီး၊ နိုင်ငံရေးအရ မရေမရာ အခြေအနေတွေလည်း ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။ သွေးထွက်သံယိုမရှိဘဲ အာဏာကိုထိန်းချုပ်ခဲ့တဲ့ စစ်တပ်ကတော့ Mugabe ကို နေအိမ်မှာ ထိန်းသိမ်းထားတာပါ။

ကမ္ဘာမှာအသက်အကြီးဆုံး နိုင်ငံခေါင်းဆောင်တဦးအဖြစ် အသက် ၉၃ နှစ်အရွယ် Mugabe ကတော့ ရာထူးက ထွက်ပေးဖို့ ငြင်းဆန်နေပြီး၊ အသွင်ကူးပြောင်းရေး အစိုးရတရပ်ထံ အာဏာလွှဲပေးဖို့ ပြောဆိုနေကြောင်းလည်း နီးစပ်သူတွေက ပြောဆိုနေကြပါတယ်။ အစိုးရသစ် ဖွဲ့စည်းရာမှာ ပါဝင်ဖို့ ပြည်ပမှာ တိမ်းရှောင်နေကြသူတွေဖြစ်ကြတဲ့ ဒုသမ္မတဟောင်း Emmerson Mnangagwa နဲ့ အတိုက်အခံခေါင်းဆောင် Morgan Tsvangirai တို့ဟာလည်း ဇင်ဘာဘွေကို ပြန်လာကြကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

Mugabe နဲ့ ဇနီးဖြစ်သူ Grace Mugabe တို့ကိုတော့ မြို့တော် Harare က နေအိမ်ဝင်းထဲမှာပဲ ထိန်းသိမ်းထားကြောင်း Reuters သတင်းတပုဒ်က ဖော်ပြခဲ့တာပါ။ ဒုသမ္မတဟောင်းကို ထောက်ခံသူတွေကို အာဏာရ ZANU-PF ပါတီကနေ ဖယ်ရှားဖို့ သမ္မတ Mugabe ကကြိုးပမ်းနေတာတွေကို မရပ်ရင်၊ ကြားဝင်မယ်လို့ ဇင်ဘာဘွေစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Constantino Chiwenga က သတိပေးခဲ့ပြီးနောက် တနင်္လာနေ့မှာပဲ နိုင်ငံရေးပြဿနာတွေ ပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့မှာ ဒုသမ္မတကို ရာထူးက ဖယ်ရှားလိုက်ပြီးနောက် လူပေါင်းဒါဇင်နဲ့ချီပြီးတော့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ Mugabe တာဝန်က အနားယူတာပဲဖြစ်ဖြစ်၊ ကွယ်လွန်တဲ့ အချိန်မှာပဲဖြစ်ဖြစ် သမ္မတတာဝန်ယူနိုင်အောင် ဖယ်ရှားလိုက်တဲ့ ဒုသမ္မတနေရာမှာ ဇနီးဖြစ်ကို တာဝန်ပေးဖို့ ကြိုးပမ်းမှုတွေလည်း ရှိခဲ့တာပါ။

စစ်တပ်အကြီးအကဲရဲ့ သတိပေးချက် ထွက်ပေါ်ခဲ့ပြီး နောက်တနေ့မှာပဲ မြို့တော် Harare မှာ သံချပ်ကာကားတွေ ဝင်လာပြီး၊ လွှတ်တော်ကို ဝန်းရံထားလိုက်သလို၊ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနကိုလည်း ထိန်းချုပ်လိုက်ပါတယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၀၀ ကျော်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ ပူးတွဲကြေညာချက်မှာတော့ Mugabe အနေနဲ့ အေးအေးဆေးဆေး ရာထူးကဆင်းပေးပြီး၊ ဇင်ဘာဘွေနိုင်ငံ အနာဂတ်ကို ဆုံးဖြတ်နိုင်မယ့် သက်ဆိုင်သူတွေ အားလုံးပါဝင်နိုင်မယ့် လုပ်ငန်းစဉ်တရပ်အတွက် လမ်းဖွင့်ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ဇင်ဘာဘွေနိုင်ငံရေး မရေမရာရှိနေ
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG