သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ဗိုလ်ချုပ်သမီး သြစတြေးလျ ပြည်နှင်ခံရ


မြန်မာစစ်တပ်က စစ်အရာရှိကြီးတဦးရဲ့ သမီးဖြစ်သူကို သြစတြေးလျ အစိုးရက မြန်မာနိုင်ငံ ပြန်ပို့ဖို့ တရားဥပဒေကြောင်းအရ စီစဉ်နေပါတယ်။ မြန်မာ့လေတပ်က ဗိုလ်မှူးချုပ်ဇင်ယော်ဟာ သြစတြေးလျ အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတဲ့ စာရင်းထဲမှာ ပါနေတာကြောင့် သြစတြေးလျနိုင်ငံမှာ ပညာသင်ကြားနေတဲ့ သူ့ရဲ့ သမီးဖြစ်သူကို နိုင်ငံရင်း ပြန်ပို့ဖို့ကိစ္စ ဖြစ်လာတာပါ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘန်ကောက်ကနေ စုံစမ်းမေးမြန်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

တပ်မတော်လေတပ်စခန်း ဌာနချုပ်မှူး တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဇင်ယော်ရဲ့ သမီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မဇင်မွန်အေးဟာ ကိုယ့်ရဲ့ မိသားစု အချက်အလက် အမှန်တွေကို ဖုံးကွယ် ပြောင်းလဲပြီး သြစတြေးလျနိုင်ငံ အနောက်ပိုင်း ဆစ်ဒနီ တက္ကသိုလ်မှာ တက်ရောက်နေတာကို သြစတြေးလျ အာဏာပိုင်တွေက သိသွားတဲ့အကြောင်း၊ ဒီလို အခြေအနေတွေ ဖြစ်အောင် သြစတြေးလျရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း အစိုးရကို မကြာခဏ တိုက်တွန်းခဲ့တဲ့အကြောင်း မြန်မာ့အရေး လှုပ်ရှားတဲ့ ဘားမားကမ်ပိန်း သြစတြေးလျအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမြင့်ချိုက ရှင်းပြပါတယ်။

“မြန်မာနိုင်ငံကလာတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေရဲ့ သားသမီးတွေက မိဘနာမည်တွေ ပြောင်းထားတာ ရှိတယ်၊ လိပ်စာတွေ ပြောင်းထားတာရှိတယ်၊ စသည်ဖြင့် သူတို့ရဲ့ ကိုယ်ရေးရာဇဝင်တွေ ပြောင်းပြီးတော့ ဒီမှာလာပြီး ကျောင်းတက်နေကြတာ ရှိတယ်၊ စီးပွားရေး လုပ်နေကြတာ ရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ သူတို့ရဲ့ နောက်ကြောင်းကို လိုက်စုံစမ်းဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ ဒါပေမဲ့ အဲဒီ အခက်အခဲ ကြားထဲမှာပဲ ကျနော်တို့က သြစတြေးလျ အစိုးရကို ရအောင် ထောက်လှမ်း စုံစမ်းပြီး အရေးယူပါလားဆိုပြီး ကျနော်တို့က မကြာမကြာ သူတို့ကို ဆက်သွယ်ပြီးတော့ အမြဲတမ်း ဖိအားပေးပါတယ်။

“အဲဒီတော့ ဗိုလ်မှူးချုပ်ဇင်ယော်ရဲ့ သမီးက ဆစ်ဒနီမြို့မှာရှိတဲ့ တက္ကသိုလ်ကြီးတခုမှာ ကျောင်းတက်နေတယ်။ အဲဒါကို သူတို့ သိသွားလို့ သြစတြေးလျ ထောက်လှမ်းရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနတို့ ပေါင်းပြီးတော့ အခုလို ဖော်ထုတ်ပြီး အရေးယူတာပါ။”

၂၀၀၇ ခုနှစ်တုန်းက မြန်မာပြည်မှာ သံဃာတော်တွေ ဦးဆောင် ဆန္ဒပြခဲ့တဲ့ အရေးအခင်းနောက်ပိုင်း သြစတြေးလျ အစိုးရက မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ စုစုပေါင်း ၄၁၈ ဦးကို သြစတြေးလျကို မလာရအောင် ပြည်ဝင်ခွင့် ဗီဇာတွေကို ပိတ်ပင်ထားပြီး သူတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်တာတွေကို လုပ်ခဲ့တာပါ။ အခု ဗိုလ်မှူးချုပ်ဇင်ယော်ရဲ့ သမီးက သူ့မှာ အပြစ်မရှိကြောင်း တရားရုံးမှာ ချေပခဲ့ပေမဲ့လည်း တရားရုံးက လက်မခံလို့ မြန်မာပြည် အမြန်ဆုံးပြန်ရေး ဒီကနေ့ပဲ အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

“အကြောင်းပြတာက တရားရုံးမှာ ရင်ဆိုင်ပြီးတော့ သူ့မိဘနဲ့ သူနဲ့ ဘာမှမဆိုင်ဘူး၊ သဘောထားလည်း မတူဘူး၊ သူက ပညာသင်တဲ့ ကျောင်းသူပဲဖြစ်တယ် ဆိုပြီးတော့ သူ့အနေနဲ့ လူသားချင်း စာနာတဲ့ဘက်က လျှောက်လဲတာမျိုးတွေ ရှိပေမဲ့ တရားသူကြီးတွေက အဲဒီအပေါ်မှာ လက်မခံဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက ပညာလာသင်ကြတယ်ဆိုတဲ့ နေရာမှာ ရိုးရိုးသားသား လာသင်တဲ့လူတွေကတော့ အားပေးရမှာပေါ့။

“သို့သော် မြန်မာပြည်သူတွေရဲ့ ချွေးနည်းစာတွေကို ခေါင်းပုံဖြတ်ပြီး ဒေါ်လာတွေကို သုံးဖြုန်း ပညာလာသင်နေတဲ့ ဗိုလ်ချုပ်သားသမီးတွေကျတော့ အစိုးရဘက်က လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီအကြောင်းပြချက်နဲ့ သူတို့ကို ပြန်ပို့တာ ဖြစ်ပါတယ်။ ချက်ချင်း ထွက်သွားဖို့တော့ မပြောပါဘူး။ အမြန်ဆုံး ထွက်ခွာဖို့တော့ ပြောထားပါတယ်။ အချိန်တော့ သူတို့ ပေးပါလိမ့်မယ်။”
တကယ်တော့ အခု မဇင်မွန်အေးက သြစတြေးလျကနေ မြန်မာပြည်ကို ပြန်ပို့ခံရသူတွေထဲမှာ ပထမဆုံးတော့ မဟုတ်ပါဘူး။ သူ့ရဲ့ရှေ့မှာလည်း တချို့ ရှိခဲ့တဲ့အကြောင်း ဒေါက်တာမြင့်ချိုက ဆက်ပြီး ရှင်းပြပါတယ်။

“သူ့ရှေ့မှာ ၂ ယောက် ၃ ယောက် ရှိခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်သားသမီးတွေပဲ။ သူတို့ ကျောင်းတက်နေရင်းနဲ့ နောက်ဆုံး ပေါ်သွားတဲ့ အခါကြတော့ မြန်မာပြည်ကို ပြန်ပို့လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်တုန်းက ဖြစ်ခဲ့တာပါ။ အဲဒါမျိုးတွေ အများကြီး ရှိသေးတယ်ခင်ဗျ။ ကျနော်တို့ မြန်မာအသိုင်းအဝိုင်းကတော့ နီးစပ်ရာ နီးစပ်ရာ ထောက်လှမ်းစုံစမ်းပြီး အစိုးရကို အသိပေးနေတာပဲ။”

ဘားမားကမ်ပိန်း သြစတြေးလျက ဒေါက်တာမြင့်ချို ပြောပြသွားတာ ဖြစ်ပါတယ်။

တကယ်တော့ သြစတြေးလျနိုင်ငံ တခုတည်းက မြန်မာစစ်ခေါင်းဆောင်တွေရဲ့ မိသားစု အသိုင်းအဝိုင်းတွေကို ပိတ်ဆို့ ဒဏ်ခတ်ထားတာ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေကလည်း ပြည်ဝင်ခွင့် ဗီဇာတွေ ပိတ်ပင်ထားတာပါ။ ဒါပေမဲ့လည်း သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင် အချက်အလက် အထောက်အထားတွေကို ဖုံးကွယ်ပြောင်းလဲပြီး ပိတ်ဆို့ထားတဲ့ နိုင်ငံတွေထဲမှာ ဝင်ရောက် နေထိုင်နေကြတာတွေ၊ ပညာသင်ကြားနေတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေက မကြာခဏ ထွက်ပေါ်နေတာပါ။ ဒါပေမဲ့ ဖော်ထုတ်ဖို့ ခက်ခဲနေလို့ အရေးယူမှုတွေ ဖြစ်မလာသေးတာလို့ မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောကြပါတယ်။

XS
SM
MD
LG