သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဒိုမန်းရှာသမီး မြန်မာအစိုးရ Black List ထဲ ပါဝင်မှုကြောင့် ဌာနေပြန်ဖို့ခက်ခဲ


KNU ကရင်အမျိုးသားအစည်းရုံးရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်က ထိုင်းမြန်မာနယ်စပ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဖဒိုမန်းရှာလဖန်းရဲ့ သမီးဖြစ်ပြီး လက်ရှိ ဗြိတိန်နိုင်ငံမှာ နေထိုင်နေသူ နန့်ဇိုရာဖန်းဟာ သူမရဲ့ဖခင် ကွယ်လွန်တဲ့ ၉ နှစ်မြောက် အခမ်းနား တက်ရောက်ဖို့အတွက် မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာရရှိရေး နေပြည်တော်ကို ဆက်သွယ်ပြီး ကြိုးစားခဲ့ရာမှာ သူမဟာ အမည်မည်းစာရင်း သွင်းထားခံရတဲ့အထဲမှာ ပါနေတဲ့အတွက် မသွားရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ အကြောင်းစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဦးစံမိုေ၀ က တင်ပြထားပါတယ်။

ဖဒိုမန်းရှာလဖန်းရဲ့ ဇာတိ ဧရာဝတီတိုင်း ပန်းတနော်မြို့ တောကျောင်းကျေးရွာမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပတဲ့ ဖဒိုမန်းရှာ အထိမ်းမှတ် ကျောက်တိုင်နဲ့ ရုပ်ထုဖွင့်ပွဲအခမ်းနား တက်ရောက်လိုတဲ့အတွက် ပြည်ပမှာ နေထိုင်နေတဲ့ သမီးဖြစ်သူ နန့်ဇိုရာဖန်းဟာ မြန်မာနိုင်ငံကို သွားဖို့ စီစဉ်ခဲ့ရာမှာ သူမရဲ့အမည်က မြန်မာအစိုးရရဲ့ အမည်မည်းစာရင်း သွင်းထားခံရသူတွေထဲမှာ ပါနေတာကြောင့် သွားခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

သူမအနေနဲ့ မြန်မာသံရုံးကတဆင့် ဗီဇာလျှောက်ထားတာမျိုး မဟုတ်ဘဲ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက နေပြည်တော်ကို ဆက်သွယ်ပြီးတော့ စုံစမ်းမေးမြန်းခဲ့ရာမှာ ဗီဇာထုတ်ပေးမှာ မဟုတ်ဘူးလို့ သိရခဲ့ကြောင်း အခုလို ဗွီအိုအေကို ပြောပါတယ်။

“ဗီဇာလျှောက်တာတော့မဟုတ်ဘူး။ ကျမအသိတယောက်အနေနဲ့ပေါ့နော် အသိဆိုတာ နိုင်ငံရေးလောကမှာ ပါဝင်ပတ်သက်တဲ့လူတယောက်က ဒီနိုင်ငံရေးလောကမှာရှိတဲ့ အသိတွေနဲ့ပေါ့နော် တဆင့် ကြိုးစားခဲ့ပါတယ် မြန်မာနိုင်ငံကို ပြန်နိုင်ဖို့အတွက်ပေါ့နော်။ ဒါပေမဲ့ အစိုးရဘက်က ပြောတာကတော့ ကျမက black list ထဲမှာပေါ့နော် ပါတယ်ဆိုတော့ ဗီဇာတော့ မရနိုင်ဘူးပေါ့နော်။ အဲဒါကြောင့် ကျမသိရသလောက်တော့ ဗီဇာပိတ်တဲ့စာရင်းထဲမှာပဲ ပါတယ်လို့ သိရတယ်။ ဘာအကြောင်းကြောင့် black list ထဲမှာပါလဲ။ ဘာအကြောင်းကြောင့် ပါသလဲဆိုတာတော့ ကျမ မသိပါဘူး။”

လန်ဒန်မှာရှိတဲ့ သံရုံးကိုသွားပြီး ဗီဇာလျှောက်ဖို့ ကြိုးစားမကြည့်ခဲ့ဘူးလားလို့ မေးကြည့်တဲ့အခါမှာတော့-

“ဟိုက ခွင့်မပေးဘူးဆိုတော့ ဒီလန်ဒန်မှာ လျှောက်ရင်လည်း ပိုက်ဆံတွေ အများကြီးပေးရတယ်။ အချိန်လည်းကုန်မယ်။ ပြီးတော့ ရမလား - မရဘူးလားဆိုတာ အခုတော့ သေချာပြီလေနော်။ မရဘူးဆိုတော့ ကျမလည်း မကြိုးစားတော့ဘူး။”

နန့်ဇိုရာဖန်းဟာ ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ Burma Campaign UK အဖွဲ့ဝင်တဦးဖြစ်ပြီး၊ မြန်မာ့အရေး လူ့အခွင့်အရေး တက်ကြွလှုပ်ရှား ဆောင်ရွက်နေသူပါ။ သူမအနေနဲ့ မြန်မာ့အရေးမှာ တက်ကြွလှုပ်ရှားမှု လုပ်ဆောင်နေတာကြောင့် အခုလိုပြည်ဝင်ခွင့် မပြုတာ ဖြစ်နိုင်ကြောင်း၊ ခွင့်ပြုတဲ့တနေ့မှာ မြန်မာနိုင်ငံကို သွားလိုတဲ့ ဆန္ဒရှိကြောင်း အခုလို ဆက်ပြောပြပါတယ်။

“သေချာတာတခုကတော့ ကျမက ခုထက်ထိ မြန်မာ့အရေး၊ ဒီမိုကရေစီအရေး၊ စစ်မှန်တဲ့ လူ့အခွင့်အရေးကို လှုပ်ရှားတဲ့အချိန်မှာ ကျမ တော်တော်လေး လှုပ်ရှားနေပါသေးတယ်။ အခုဆိုရင် ကျမက Burma Campaign UK မှာ ကျမက အလုပ်လုပ်နေတယ်ပေါ့နော်။ ပြီးတော့ နိုင်ငံတကာရဲ့ Advocacy လည်း ကျမ တော်တော်လေး လုပ်ဖြစ်နေပါတယ်။ အဲဒီအကြောင်းကြောင့် ဖြစ်နိုင်မလားတော့ မသိဘူးပေါ့နော်။ အဲဒါကြောင့် အစိုးရက ပေးဝင်တဲ့အချိန်မှ ကျမတို့က ပြန်လို့ရမယ်။ ကျမကတော့ စောင့်နေမယ်ပေါ့နော်။ နောက်မှပဲ ထပ် ကြိုးစားကြည့်ပါမယ်။”

Burma Campaign UK ဟာ မြန်မာနိုင်ငံအတွင်းက မွတ်ဆလင်ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်နေမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအနေနဲ့ ဖိအားပေးဖို့ လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် မေလအတွင်းတုန်းကတော့ မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်က ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ရာဇဝတ်မှု ကင်းရှင်းပြီး ယုံကြည်ချက်၊ နိုင်ငံရေးလှုပ်ရှားခဲ့မှုကြောင့် အမည်မည်းစာရင်း သွင်းခံထားရတာမျိုးဆိုရင် ပယ်ဖျက်ပေးဖို့ လုပ်သွားမှာပါလို့ အခုလို ပြောခဲ့ဖူးပါတယ်။

“ရာဇဝတ်ကျူးလွန်သွားတာမျိုးတွေ မဟုတ်ဘဲနဲ့ နိုင်ငံရေးယုံကြည်ချက် သက်သက်နဲ့ဆိုရင် ပိတ်ပင်တားမြစ်ထားတာဆိုရင် အဲ့လိုလူတွေ ပြန်လာခွင့်ရအောင် ကျနော်တို့က သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးမှ ရက် ၁၀၀ အတွင်း အဆင်ပြေအောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

နန့်ဇိုရာဖန်းရဲ့ ဖခင် ဖဒိုမန်းရှာလဖန်းဟာ KNU ကရင်အမျိုးသားအစည်းရုံးရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေဆဲ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ခန့်က ဖေဖော်ဝါရီလ ၁၄ ရက် ညနေပိုင်းမှာ ထိုင်း-မြန်မာနယ်စပ် တနေရာမှာရှိတဲ့ သူရဲ့နေအိမ်မှာပဲ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG