သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ZTE တရုတ်ဆက်သွယ်ရေးကုမ္ပဏီကိုဒဏ်ခတ်မှု အမေရိကန်ဖယ်ရှားမည်


အမေရိကန်ထုတ် ပစ္စည်းတွေ အသုံးပြုခွင့် တားမြစ်လိုက်တဲ့အတွက် လုပ်ငန်းတွေထိခိုက်နေတဲ့ တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ ZTE ကို ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးဖို့ သဘောတူညီချက် ရရှိသွားပြီဖြစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wilbur Ross က ဒီနေ့ပဲ ပြောလိုက်ပါတယ်။

မြောက်ကိုရီးယား၊ အီရန်နိုင်ငံတွေနဲ့ ကုန်သွယ်မှု တားမြစ်ချက်ကို ချိုးဖောက်မှုအတွက် အလုပ်သလား ၇ သောင်းခွဲလောက်ရှိတဲ့ ZTE ကုမ္ပဏီက ဒေါ်လာသန်းတထောင် ပေးဆောင်ဖို့၊ ဒေါ်လာသန်း ၄၀၀ အာမခံထားဖို့နဲ့ ကုမ္ပဏီ စီမံခန့်ခွဲရေးနဲ့ ဘုတ်အဖွဲ့တခုလုံးကို အစားထိုးပြောင်းလဲဖို့ သဘောတူညီမှု ရခဲ့တဲ့အကြောင်း ၀န်ကြီး Ross က အမေရိကန်ရုပ်သံ CNBC ကို ပြောဆိုခဲ့တာပါ။ တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီးအပေါ် ရှေ့လျှောက် စည်းကမ်းတွေ တင်းကျပ်သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

တရုတ်ကုမ္ပဏီကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်တဲ့အတွက် အမေရိကန်ရဲ့ ကုန်သွယ်ရေး စည်းမျဉ်းတွေကို ချိုးဖောက်နိုင်ချေ ရှိသူတွေအပေါ် ဟန့်တားရာရောက်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ အမေရိကန်ကုန်သွယ်ရေး စည်းမျဉ်းတွေကို လိုက်နာကျင့်သုံးဖို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ရွေးချယ်တဲ့ အဖွဲ့တဖွဲ့ကိုလည်း ZTE ကုမ္ပဏီက ၁၀ နှစ်ငှားရမ်း အသုံးပြုဖို့လည်း သဘောတူညီချက်မှာ ထည့်သွင်းထားပါတယ်။ တရုတ်ဆက်သွယ်ရေးလုပ်ငန်းနဲ့ သဘောတူညှိနှိုင်းမှုတွေဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ သွင်းကုန်ခွန်စည်းကျပ်မှုအတွက် စေ့စပ်ညှိနှိုင်းမှုတွေအပေါ် တစုံတရာ ရိုက်ခတ်မှုရှိလိမ့်မယ်လို့ မထင်ကြောင်းလည်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG