[[Zawgyi/Unicode]]
မွန်ပြည်နယ်၊ ကျိုက်ထီးရိုး တောင်တက်ကားဂိတ်မှာ ဘုရားဖူးတချို့သေဆုံးခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ကျိုက်ထိုမြို့နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းမှုတွေ တိုးလုပ်နေပါတယ်။ တချို့နေရာတွေမှာတော့ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံတချို့ ထွက်ပြေးနေရသလို နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကျိုက်ထို ဒေသခံတွေက ပြောပါတယ်။ ကျိုက်ထိုမြို့နယ်က တိုက်ပွဲအခြေအနေနဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို မဆုမွန်ကတင်ပြပေးထားပါတယ်။
ကျိုက်ထီးရိုး တောင်တက်ကားဂိတ်မှာ အောက်တိုဘာလ ၁၂ ရက်နေ့က ဘုရားဖူးခရီးသည် ၃ ယောက်သေဆုံးခဲ့ရတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက် ကျိုက် ထိုမြို့နယ်ထဲမှာ စစ်တပ်ဘက်က နယ်မြေရှင်းလင်းမှုတွေ တိုးလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ အောက်တိုဘာ ၂၀ ရက်နေ့မှာလည်း ရွှေဂဲရိုးကျေးရွာဘက်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား
တိုက်ပွဲဖြစ်ပွားနေပါတယ်။ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ လောလောဆယ်အထိ မသိရသေးပါဘူး။ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းကစပြီး ၁၆ ရက်နေ့အထိ မြန်မာစစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ဖြစ်တဲ့တိုက်ပွဲနဲ့ပတ်သက်လို့တော့ စစ်ဘေးလွတ်အောင် ပြေးခဲ့သူတယောက်က ခုလို ပြောပြပါတယ်။
"တိုက်ပွဲစဖြစ်တာက ပိန္နဲကုန်း၊ ရွှေဂဲရိုး အဲဒီကနေပြီးတော့ စစ်ကြောင်းကဆက်ထိုးပြီး တိုက်ပွဲထိတွေ့မှုတော့ မရှိတော့ဘူး။ ဘယ်ထိရောက်အောင် စစ်ကြောင်းထိုးလဲဆိုတော့ ကဒိုင်တွတ်အထိ။"
တိုက်ပွဲအခြေအနေကြောင့် ကျိုက်ထိုမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၁ ထောင်နီးပါးအထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။ နှစ်ဖက်ပစ်ခတ်တဲ့ နေရာတဝိုက်က ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရပြီး၊ အဖမ်းခံလိုက်ရသူ တချို့လည်း ရှိတယ်လို့ ပြောပါတယ်။
"သူတို့ စစ်ကြောင်းထိုးတဲ့အချိန် ပြေးနိုင်တဲ့လူကတော့ ပြေးတာပေါ့။ သူတို့က စစ်ကြောင်းတကြောင်းတည်း ထိုးတာမဟုတ်ဘူးလေ။ အဘက်ဘက်ကနေ ထိုးတာဆိုတော့ တချို့ရွာသားတွေဆိုရင် ပြေးလို့မလွတ်ဘူး။ မလွတ်တော့ အဖမ်းခံရတာတွေ ရှိတယ်။ အဲဒီ အဖမ်းခံရတဲ့အထဲမှာ တော်လှန်ရေး ရဲဘော်တွေလည်း ပါတယ်။ တော်လှန်ရေး ရဲဘော်တွေကတော့ သူတို့လက်ထဲမှာ ခုခံကာကွယ်စရာ ဘာလက်နက်မှ မရှိတဲ့အခါကျတော့ သူတို့ အသာတကြည်ပဲ အဖမ်းခံလိုက်ရတယ်။"
အဖမ်းခံရတဲ့အထဲမှာ ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် ၃ ဦးကတော့ အသတ်ခံလိုက်ရပြီး ကျန်တဲ့ ၁ ဦး ပျောက်ဆုံးနေတယ်လို့ ကျိုက်ထိုတော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့တုန်းကလည်း ပိန္နဲကုန်းကျေးရွာနဲ့ ကဒိုင်တွတ်ကျေးရွာက နေအိမ်တချို့ကို စစ်ကောင်စီဘက် က မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ VOA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ ကျိုက်ထိုမြို့နယ်ထဲမှာ အခုလို ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မရှိပါသေးဘူး။
=============
[[Unicode]]