[[Zawgyi/Unicode]]
ဒီကနေ့မနက်အစောပိုင်းက မန္တလေးတိုင်း တံတားဦးမြို့အနီးမှာ အင်အား ၅.၂ ရစ်ချ်တာ စကေးအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် စစ်ကိုင်း၊ မင်းကွန်း၊ အမရပူရနဲ့ အင်းဝက ရှေးဟောင်းဘုရားစေတီအချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ ဒီလို အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်တွေ လှုပ်ခတ်ပြီးရင် နောက်ဆက်တွဲငလျင်ငယ်တွေ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့ မန္တလေးတိုင်းက ငလျင်သတင်းကို ကိုဇော်ဝင်းလှိုင်က ပြောပြထားပါတယ်။
ဒီကနေ့မနက် ၃ နာရီ ၂၆ မိနစ်မှာ မန္တလေးတိုင်း တံတားဦးမြို့အရှေ့ဘက် ၄ မိုင်အကွာမှာ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားခဲ့တာပါ။
ဒီလို ငလျင်လှုပ်ခတ်သွားတဲ့အခြေအနေကို မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာရည်မျိုးမင်းထွေးက VOA ကို အခုလို ပြောပါတယ်။
“ဒီနေ့မနက်ပေ့ါနော်။ ၃ နာရီကျော်မှာ လှုပ်ခတ်သွားတဲ့ငလျင်ဟာ အင်အားအနေနဲ့ ၅.၂ အင်အားအသင့်အတင်ရှိတယ်။ သူ့ဗဟိုချက်အနက်ကလည်း တိမ်တယ်ပေါ့။ လူအများသတိပြုမိတာလည်း ရှိပြီးတော့ ဒီကနေ့မနက်လှုပ်ရှားခဲ့တဲ့ငလျင်မှာ ဗဟိုချက်အနီးတဝိုက်တွေမှာ ဒီ ရှေးဟောင်းဘုရားတွေ၊ စေတီပုထိုးတွေမှာ ဒီပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်ဆိုတာကြားသိရပါတယ်။”
ရှေးဟောင်းစေတီပုထိုးတွေ အဓိကထိခိုက်ပျက်စီးခဲ့တဲ့နေရာတွေကတော့ စစ်ကိုင်း၊ မင်းကွန်း၊ အမရပူရနဲ့ အင်းဝ စတဲ့ဒေသတွေမှာပါ။ စစ်ကိုင်းတိုင်း မင်းကွန်းက မြသိန်းတန်စေတီ စိန်ဖူးနဲ့ ငှက်မြတ်နားမြေခခဲ့သလို မင်းကွန်းမှာ ထင်ရှားတဲ့ခြင်္သေ့ရုပ်ကြီးရဲ့ လက်မောင်း ပြုတ်ကျခဲ့ပါတယ်။ မန္တလေးမြို့ရှိ ခန္တောတိုက် မဏိရတနာဘုန်းကြီးကျောင်းရှိ ပတ္တမြားစေတီ၊ မန္တလေးတိုင်း အမရပူရမြို့နယ်၊ တောင်လေးလုံးကျောင်း ဘုရားစေတီတချို့ စိန်ဖူးမြေခခဲ့ပြီး ကျောင်းမျက်နှာကျက်တွေ ပျက်စီးခဲ့ပါတယ်။
အင်းဝမြို့က ထိခိုက်ပျက်စီးမှုအခြေအနေကို ကိုယ်တိုင်သွားရောက်ကြည့်မြင်ခဲ့တဲ့ သုတေသီစာရေးဆရာ ဗိုလ်ရှိတ် (ရတနာပူရ)က အခုလို ပြောပါတယ်။
“ သိတာထင်ရှားတဲ့အဆောက်အဦးနဲ့ ပြောမယ်ဆိုရင် မယ်နုအုတ်ကျောင်းက လှိုဏ်မုဒ်ပန်းလေးတွေ တခု ပြုတ်ကျတယ်ပေါ့။ နောက်ပြီး ရတနာဆီမီးဘုရားက စေတီ။ အဲဒီက ဒုပိကာ အက်သွားတယ်ပေါ့။ နောက်ပြီးကျ ဒေါ်ဂျမ်းဘုရားစုထဲက စေတီ ၂ ဆူမှာ ပြဿဒ်ပါတဲ့ စေတီကကျ ဒေါင့်ဒုရင် ပြုတ်ကျသွားတယ်ပေါ့။ စေတီတဆူကကျတော့ ထီးကနေ ပြတ်ကျသွားတယ်ပေါ့။ ဒါပေမဲ့ သူက ဉာဏ်တော် တအားကြီးတဲ့ စေတီကြီးတွေတော့ မဟုတ်ဘူး။ နန်းတွင်းထဲက မာန်အောင်ရတနာဘုရားက ဖောင်းရစ်မှာ အက်သွားတာပေါ့။ ပိန္နဲတိုင်နဲ့ ခံနေလို့သာ ပိန္နဲတိုင်မပါရင် ပြတ်ကျသွားမယ့်အနေအထားရှိတယ်ပေါ့။ နောက်တခုက သစ္စာတိုက်ဘုရား၊ သစ္စာတိုက်ဘုရားကတော့ စေတီလုံးပတ်အက်သွားတာပေါ့။ အဲလောက်ပါပဲ။ တအားနင်း ဆိုးဆိုးဝါးဝါးပျက်စီးတာတော့ သိပ်မရှိပါဘူး။ ”
ငလျင်ကြောင့် ဆိုးဆိုးဝါးဝါး မထိခိုက်ပေမဲ့ ပိုမိုပြီး ပျက်စီးမသွားရအောင် အချိန်မီ ပြုပြင်ဖို့ လိုအပ်ကြောင်း လည်း အခုလို ဆက်ပြောပါတယ်။
“ အချို့ဟာလေးတွေ ပြိုကျမယ့်ဟာလေးတွေ အချိန်မီပြန်ပြီးတော့ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်သွားရင်တော့ ကောင်းတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒဏ်တွေကြောင့်မို့ မပြင်ခဲ့ဖူးဆိုရင် မိုးရွာတဲ့အခါမှာ ရေတွေဘာတွေ စိမ့်ဝင်ပြီး ပျက်စီးမှုတွေက အဲဒီအချိန်ကျ ဖြစ်သွားနိုင်တယ်လေ။ ငလျင်လှုပ်လို့ စေတီ လုံးပတ်အက်နေတယ်ပေါ့။ အက်နေတော့ မိုးရွာလိုက်တော့ အဲဒီအက်တဲ့အထဲကို ရေက ဝေါဝေါနဲ့ ဝင်သွားရင် အဲဒီစေတီက ပြိုသွားနိုင်တယ်။ ဒါကြောင့်မို့ ပြုပြင်ထိန်းသိမ်းမှုတွေက အဆောတလျင်ဆောင်ရွက်ဖို့ ကောင်းပါတယ်။”
ယနေ့မနက် လှုပ်ခတ်သွားတဲ့ငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ယခုလို အင်အားအသင့်အတင့်နဲ့ ငလျင်ဗဟိုချက်အနက်တိမ်တဲ့ငလျင် လှုပ်ခတ်ပြီးချိန်မှာ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ခတ်နိုင်ကြောင်း မိုးဇလဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာရည်မျိုးမင်းထွေးက သတိပေးထားပါတယ်။
“ ဒီ ပထမဆုံးလှုပ်တဲ့ငလျင်က အင်အားအနေနဲ့ အတော်အသင့်လည်းများမယ်။ ဗဟိုချက်အနက်ကလည်း တိမ်တယ်ဆိုရင် အဲဒီဒေသအနီးတဝိုက်မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ကတော့ ငလျင်ပေါ့ သူ့ရဲ့ နောက် ဆက်တွဲ ဖြစ်နိုင်ခြေ အလားအလာဆိုရင်တော့ ငလျင်ငယ်လေးတွေ လာနိုင်တဲ့ အလားအလာရှိတယ်။ ဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးတွေပြီး ကြိုတင်ပြင်ဆင်ထားတဲ့ဟာမျိုးလေးတွေတော့ သတိထားဖို့ရန် လိုအပ်ပါတယ်။”
စစ်ကိုင်းပြတ်ရွေ့ကြောမှာ မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိပြီး ၁၉၃၀ ခု ပဲခူးငလျင်လို ငလျင်ကြီး ပြန်လည်လှုပ်ရှားနိုင်တဲ့ အခြေအနေရှိကြောင်းလည်း မိုးဇလဌာနကခန့်မှန်းထားသလို ဒီအတွက်လည်း ပညာပေးအစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ မန္တလေးတိုင်း၊ ချောက်မြို့အနီး ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပုဂံ၊ ညောင်ဦးဒေသမှာ ရှေးဟောင်းစေတီပုထိုး ၄၂၅ ဆူ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ဒီမြေငလျင်ကတော့ အင်အား ရစ်ခ်တာစကေး ၆.၈ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
=================
[[Unicode]]
=================