သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာဇော်မြင့်မောင် အဂတိ ၅ မှုနဲ့ ထောင် ၂၁ နှစ်ချခံရ


မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်။ (ဓာတ်ပုံ - ဒေါက်တာဇော်မြင့်မောင်ဖေ့စ်ဘုတ်)
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်။ (ဓာတ်ပုံ - ဒေါက်တာဇော်မြင့်မောင်ဖေ့စ်ဘုတ်)

[[Zawgyi/Unicode]]

အဂတိလိုက်စားမှု ၅ မှုနဲ့ တရားစွဲခံရတဲ့ NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဒီကနေ့ ဇွန်လ ၁၇ ရက်မှာ ထောင်ဒဏ် ၂၁ နှစ် ချလိုက်ပါတယ်။ အမှု စုစုပေါင်း ၉ မှုနဲ့ တရားစွဲခံထားရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အစောပိုင်းကလည်း အမှု ၃ မှုအတွက် ပြစ်ဒဏ်တွေ ချထားပြီးဖြစ်လို့ ဒီနေ့ ပြစ်ဒဏ်တွေနဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၆ ရှိသွားပါပြီ။ ရန်ကုန်ကပေးပို့တဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးတိုင်း အိုးဘိုထောင် တွင်း အထူးတရားရုံးက အဂတိအမှု ၅ မှုအတွက် ဒီနေ့ ထောင်ဒဏ် ၂၁ နှစ် ချလိုက်ပါတယ်။ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ ထိုင်းနိုင်ငံမှာ ဆေးသွားကုတာမှာ စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ် ဆီကနေဒေါ်လာ ၁၅၀,၀၀၀ ရယူခဲ့တယ်ဆိုတဲ့အမှု၊ နောက်ဆေးကုသပြီး မြန်မာနိုင်ငံကို ပြန်ရောက်ချိန်မှာလည်း မြန်မာကျပ်ငွေ သိန်း ၆၅၀ ကို နှစ်ကြိမ်ခွဲ ရယူခဲ့မှု၊ ဖွံ့ဖြိုးသစ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးရဲမြင့်တပည့်တဦးဆီကနေ စီမံကိန်းအတွက်ဆိုကာ ထိုင်းဘတ်ငွေ ၃၀၀,၀၀၀ ကို ၂ ကြိမ်ခွဲရယူခဲ့မှုနဲ့ ပြင်ဦးလွင်နဲ့ မြင်းခြံမြို့တို့မှာ NLD ရုံးခန်းမြေနေရာချပေးခဲ့စဉ်က အစိုးရဘဏ္ဍာ နစ်နာခဲ့မှု စတာတွေအတွက် အဂတိလိုက်စားခဲ့တယ်လို့ဆိုပြီး ပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက အမှု ၅ မှုဖွင့် တရားစွဲခဲ့တာပါ။ အဲဒီအမှု ၆ မှုကို ထောင်ဒဏ် ၂၁ နှစ်ချလိုက်တာနဲ့ပတ်သက်လို့ ရှေ့နေတယောက်က ခုလိုပြောပြပါတယ်။


“ဆရာဇော်ကို အဂတိအမှု ၃ မှု ဆေးကုတာပိုက်ဆံယူတယ်ဆိုတဲ့ကိစ္စပါတာက အမှုနံပါတ် ၆၊ ၇၊ ၈ အဲဒါကတမှုကို ၅ နှစ်စီနဲ့ ၁၅ နှစ်၊ ပြင်ဦးလွင်နဲ့ မြင်းခြံမှာ ပါတီရုံးမြေနေရာယူတာက အမှုနံပါတ် ၉၊ ၁၀ အဲဒါအတွက်က တမှုကို ၃ နှစ်စီနဲ့ ၆ နှစ် စုစုပေါင်း ၂၁ နှစ်ချတယ်။ အယူခံတက်မယ်။”

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါက်တာဇော်မြင့်မောင်ကို ဆေးကုသစရိတ်ပေးခဲ့တယ်ဆိုတဲ့ အမှုအတွက် ဦးမောင်ဝိတ်က တရားရုံးမှာ ထွက်ဆိုခဲ့တုန်းက ဒေါက်တာဇော်မြင့်မောင်လက်ကို ငွေတွေ ပေးခဲ့တာမဟုတ်ပါဘူးလို့ ထွက်ဆိုခဲ့တာကိုလည်း ရှေ့နေက ပြောပြပါတယ်။ စစ်မေးမှုတွေမှာလည်း အဂတိလိုက်စားတယ်ဆိုတဲ့ အထောက်အထားတွေ တရားလိုဘက်ကတင်ပြနိုင်တာမရှိခဲ့သလို ပေးခဲ့တယ်ဆိုတဲ့ ငွေကြေးတွေကိုလည်း တည်ဆဲဥပဒေအရ ဒေါက်တာဇော်မြင့်မောင်ဆီကနေ ပြန်လည်သိမ်းယူနိုင်ခဲ့တာ မရှိဘူးလို့ သိရပါတယ်။

“ဒီအမှုတွေက တရားသလား မတရားဘူးလားဆိုတာ လုံးလုံးပေါ်တယ်။ ဥပဒေအရဆို တလွဲတွေချည်းပဲ။ ဥပမာအားဖြင့် ပြင်ဦးလွင်မှာ ပါတီရုံးဖွင့်ဖို့ပေးတာ ကျပ်သိန်း ၉၀၀ ကျော်နစ်နာတယ်ပြောတယ် မှားတယ်။ တကယ်ဆိုရင် အစိုးရစီမံခန့်ခွဲမှုရှိတဲ့မြေကိုပေးတာ။ အစိုးရစီမံခန့်ခွဲမြေက ပေးခွင့်ရှိသူက တကယ်ဆို အလကားတောင်ပေးလို့ရတယ်။ အလကားပေးလို့ရတယ်။ ငှားလို့ရတယ်။ ဈေးသက်သာပေးလို့ရတယ်။ နောက်သူတို့သတ်မှတ်ပေးထားတဲ့ဈေးတွေကလည်း မမှန်ဘူး။ သူတို့ သတ်မှတ်တာက မြေအရောင်းဝယ်လုပ်တဲ့ အမြတ်ခွန်ကြေညာချက်နဲ့လာတာ။ အဲဒါကြီးကကြေညာချက်လေ။ သိပြီးသားပါ ထောင်ချမယ်ဆိုတာ ဘာကိုမှထည့်စဉ်းစားပေးမှာ မဟုတ်ဘူး။”

မန္တလေး အိုးဘိုထောင်မှာ ထောင်ချခံထားရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာဝေဒနာကို ခံစားနေရပါတယ်။ လောလောဆယ်တော့ ကျန်းမာရေး အတန်အသင့် ကောင်းမွန်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း NLD အစိုးရလက်ထက်က ဝန်ကြီးချုပ်တော် တော်များများကို နှစ်ရှည်ထောင်ချနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲခဲ့ပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ကိုလည်း သဘာဝဘေးဥပဒေချိုးဖောက်မှု၊ အများပြည်သူ တည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်၊ လုပ်ဆောင်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ခ၊ ရွေးကောက်ပွဲမှာ မလျှော်ဩဇာသုံး မဲမသမာမှုလုပ်မှုအတွက် ပုဒ်မ ၁၇၁(စ) ၊ ပုဒ်မ ၁၃၀ (က) တို့အပြင် အဂတိအမှု ၅ မှု စုစုပေါင်း အမှုပေါင်း ၉မှုနဲ့ တရားစွဲဆိုခံရပါတယ်။ အဲဒီထဲက သဘာဝဘေးပုဒ်မနဲ့ ၂နှစ် ၊ ပုဒ်မ ၅၀၅-ခ နဲ့ ၂နှစ်၊ ပုဒ်မ ၁၇၁ (စ)နဲ့ ၁ နှစ် စုစုပေါင်း ၅ နှစ် စသဖြင့် ထောင်ဒဏ်တွေကို အစောပိုင်းက ချမှတ်ထားပါတယ်။ ဒီနေ့ အဂတိအမှု ၅ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ချခဲ့တာမို့ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ချခံထားရပြီဖြစ်ပါတယ် ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးခဲ့တယ်ဆိုပြီး တရားစွဲထားတဲ့ ပုဒ်မ ၁၃၀ (က) အမှု တခုကိုတော့ေ ဒေါက်တာဇော်မြင့်မောင် အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===============







===============

XS
SM
MD
LG