သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ရက်ကြာ မိုးဗြဲမြို့တိုက်ပွဲ အရပ်သားထိခိုက်သေဆုံး


ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ Kayah ကယား / ကရင်နီ
ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ Kayah ကယား / ကရင်နီ
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နှစ်ရက်အတွင်း ကလေးငယ်တဦးအပါအဝင် ၂ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီအခြေအနေကြောင့် ဒေသခံတွေ ဘေးကင်းတဲ့နေရာမှာ ယာယီပြောင်းရွှေ့နေကြပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက် နန်းလောဝ်ပြောပြပါမယ်။
မိုးဗြဲမြို့မှာ မတ်လ ၂၇ ရက်နဲ့ ၂၈ ရက် နှစ်အတွင်း လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုရှိခဲ့ပြီး၊ ကလေးငယ်တဦးအပါအဝင် ၂ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ခဲ့သူတဦးက ဗွီအိုအေကို ပြောပါတယ်။
“ မနေ့ညကျတော့ ၂ဦးပေါ့နော် နှစ်ဦးတော့ သေဆုံးသွားတာပေါ့။ ညနေအချိန်ကြီးဖြစ်တဲ့အခါကျတော့ ကျနော်တို့ ဒီဆေးရုံ ဆေးခန်း သွားဖို့မရှိဘူးလေ၊ ဒီမိုးဗြဲ အဝင်နဲ့ အထွက်မှာ တိုက်ပွဲဖြစ်နေဆိုတော့ ဘယ်ဆေးရုံ ဆေးခန်းမှ သွားလို့မရဘူး။ မြို့တွင်းမှာပဲ ကျနော်တို့ အရေးပေါ်ကုသမှုတွေပဲ လုပ်နေရတာပေါ့နော်၊ တအားကြီးထိခိုက်မိတဲ့လူကျတော့ ကျနော်တို့ကတော့ မကုနိုင်ဘူးပေါ့နော် အဲ့ဒါဆုံးသွားတာပေါ့၊ အဲ့ဒါ တဦးရယ် နောက်ကလေးငယ်က ၃နှစ်ကလေးငယ်တစ်ယောက် ရင်ဘတ်ပွင့်တာ အဲ့ဒါတစ်ယောက် ဆုံးသွားတယ်ပေါ့။ ကျနော်တို့ အဲ့ဒါသိရတယ် အဲ့ဒီတဦးကျတော့ မကုရဘူးပေ့ါနော်၊ ကျနော်တို့အနေနဲ့ကျတော့ မနေ့ညကျတော့ စုစုပေါင်းကျနော်တို့ ပို့ဆောင်ကုရတာ ဒီ ၉ ယောက်လောက် ရှိတာပေါ့၊ ဒီရက်က တဦးပေ့ါနော်။”
မတ်လ ၂၇ရက်နေ့က မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်မှာ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပြီးတဲ့နောက် မိုးဗြဲမြို့လယ်ခေါင်၊ ပွဲကုန်း(၁)ရပ်ကွက်၊ ပွဲကုန်း(၂)ရပ်ကွက်၊ ပွဲကုန်း(၃) ရပ်ကွက်နဲ့ ညောင်ဝိုင်းရပ်ကွက်တွေကို လေကြောင်းကနေ တိုက်ခိုက်တာလို့ဆိုပါတယ်။
မတ်လ ၂၈ ရက် ညနေပိုင်းမှာတတော့ အပြန်အလှန်တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့်၊ လက်နက်ကြီးပစ်ခတ်မှုတွေက ဆက်ရှိနေတယ်လို့ ပြောပါတယ်။ မတ်လ ၂၈ရက် နေ့ခင်းပိုင်းတုန်းက နေအိမ်အဝတ်အစားပြန်လာယူတဲ့ ဒေသခံတဦး လက်နက်ကြီးကျည်ထိမှန်လို့ ခြေထောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ခဲ့သူက ပြောပါတယ်။
ဒီလို တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူစာရင်းဟာ သူတို့ ကူညီကုသပေးခဲ့သူတွေဖြစ်ပြီး၊ သူတို့လက်လှမ်းမမီတဲ့နေရာမှာလည်း ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးသမားက ပြောပါတယ်။
မတ်လ ၂၇ရက်နေ့တုန်းက မိုးဗြဲ နေရာအနှံ့ ပစ်ခတ်သံတွေဆက်တိုက် ကြားရပြီး တနေ့ကုန်နီးပါး ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါတယ်။ ပစ်ခတ်သံကြားရပြီးနောက် ဘေးကင်းတဲ့နေရာကို အမြန်ပြောင်းရွှေ့လိုက်ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတဦးက ခုလိုပြောပါတယ်။
“ကျနော် အိပ်ရာမထသေးဘူးဗျ၊ အဲ့ဒါ…ဒုန်း…ဒုန်… သေနတ်အရင်အသံကြားတယ်၊ အဲ့ဒါကြောင့် ကျနော်တို့ မိသားစုတွေကို လွတ်တဲ့နေရာမှာ ရွှေ့တယ်၊ အဲ့ဒီမှာ ဗုံး…ဗုံး...ဗုံး ဆို ဆက်တိုက်ဖြစ်သွားတယ်၊ ဖြစ်ပြီးတော့ မကြာဘူး လေယာဉ်လာတယ်၊ လေယာဉ်တွေ ကြဲသွားတယ်။ တနေ့ကုန်နီးနီးကို စစ်ပွဲဖြစ်တယ်။ မနေ့ကဆို အခြေအနေ အရမ်းဆိုးတာလေ။ လေယာဉ်က ပထမတစီးကတော့ ဒီပွဲကုန်းဖက်ကို ပစ်သွားတယ်ဗျ၊ ပွဲကုန်းကို ကြဲတယ်၊ ပစ်တယ်၊ နောက် နောက်တစီးနဲ့ကျမှပဲ အဲ့ဒီညောင်ဝိုင်းရဲ့ ဘုန်းကြီးကျောင်း တောက်လျှောက်ကြဲသွားတာ၊ အဲ့ဒါပြီးမှ နည်းနည်းငြိမ်သွားတယ်၊ တချက်ငြိမ်သွားပြီးတော့ ဟို…ဆောင်ကန်တို့ဖက်ကို အဲ့ဒီလွိုင်ကော်-ဆောင်ကန်လမ်းခွဲကျမှ တခေါက်ပြန်ကြဲသွားတာ၊ အဲ့လိုမျိုးပေါ့ လေယာဉ်တော့ ၃ခေါက်လာသွားတယ်။”
လက်နက်ကြီးပစ်ခတ်တာ လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေကြောင့် မိုးဗြဲမှာလည်း အရပ်သားပြည်သူ သေဆုံးထိခိုက်တဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေတာပါ။ ဒါကြောင့် အကာအကွယ်ဖြစ်တဲ့ ဗုံးခိုကျင်းတွေ ပြင်ဆင်ထားဖို့ လိုအပ်တဲ့ အကြောင်း ကယ်ဆယ်ရေးလုပ်နေက တိုက်တွန်းထားပါတယ်။
“လက်နက်ကြီးက ဒီတစ်ခေါက်ဆို တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်တယ်ပေါ့နော်၊ အဲ့ဒါကို နေရာအနှံ့ကို ကျနိုင်တာပေါ့နော်၊ တချို့ဆို ဒီကတုတ်ကျင်းမရှိ စပါးကျင်းမရှိတဲ့လူကျတော့ ကြိုတင်ပြင်ဆင်မှုမရှိတဲ့လူတွေကျတော့ အထိအခိုက်မှုတွေတော့ တွေ့နေရတယ်ပေ့ါနော်။ ဒါကြောင့် ကျနော်တို့အနေနဲ့ တိုက်တွန်းချင်တာက အိမ်တအိမ်မှာ အရေးပေါ်ပေါ့နော် လုံခြုံတဲ့နေရာတခု အဲ့ဒါရှိဖို့လိုမယ်လို့ ကျနော်အနေနဲ့ မြင်တာပေါ့။”

မိုးဗြဲတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။ မိုးဗြဲကာကွယ်ရေးအဖွဲ့ကတော့ မတ်လ ၂၇ ရက်မှာ နှစ်ဖက်ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ၈ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သလို လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ မတ်လ ၂၈ ရက်နေ့မှာတော့ မိုးဗြဲမြို့အနောက်ဖက်မှာရှိတဲ့ စစ်ရှောင်စခန်းကို လေယာဉ်နဲ့ ၂ကြိမ် ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တွေလည်း ပျက်စီးမှုရှိကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG