သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗမာပြည်နယ်ဖွဲ့ရေး SSPP တင်ပြချက် စစ်ကောင်စီပယ်ချ 


ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA- မိုင်းလားအဖွဲ့တို့ စက်တင်ဘာ ၂၆ ရက်ကနေ ၃၀ ရက်နေ့အထိ စစ်ကောင်စီနဲ့ ဒုတိယအကျော့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးစဉ်။ (ဓာတ်ပုံ-တပ်မတော်သတင်းမှန်ုပြန်ကြားရေး)
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA- မိုင်းလားအဖွဲ့တို့ စက်တင်ဘာ ၂၆ ရက်ကနေ ၃၀ ရက်နေ့အထိ စစ်ကောင်စီနဲ့ ဒုတိယအကျော့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးစဉ်။ (ဓာတ်ပုံ-တပ်မတော်သတင်းမှန်ုပြန်ကြားရေး)

[[Zawgyi/Unicode]]

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ အမျိုးသားတန်းတူရေးအတွက် ဗမာပြည်နယ် ဖွဲ့စည်းဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က မကြာသေးခင်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဆွေးနွေးတင်ပြတာကို စစ်ကောင်စီဘက်ကလက်မခံကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပြောရေးဆိုခွင့်ရှိသူက VOA ကို ပြောပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တန်းတူအခွင့်အရေးရဖို့အတွက် တိုင်းရင်းသားလူမျိုးစုတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ လိုအပ်မယ်ဆိုပြီး ပြောဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA ခေါ် မိုင်းလားအဖွဲ့တို့ဟာ စက်တင်ဘာလ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စစ်ကောင်စီနဲ့ ဒုတိယအကျော့အဖြစ် နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA ခေါ် မိုင်းလားအဖွဲ့တို့ဟာ ဝပြည်နယ်ဖွဲ့စည်းရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဖွဲ့စည်းရေးကိုတင်ပြခဲ့ကြပါတယ်။ ဒီတင်ပြချက်တွေကို မူအားဖြင့် သဘောတူတဲ့ အကြောင်း စစ်ကောင်စီဘက်က တုံ့ပြန်ထားတာပါ။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေကို ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုးသားတန်းတူရေးအတွက် ဗမာပြည်နယ်ဖွဲ့စည်းဖို့ တင်ပြချက်ကို စစ်ကောင်စီဘက်က လက်မခံခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုက VOA ကို ပြောပါတယ်။

“ဒီ ဖက်ဒရယ်သွားဖို့ပေါ့နော်။ ဖက်ဒရယ်သွားဖို့က အဓိကက ဗမာပြည် ရှိဖို့လိုတယ်ပေါ့နော်။ ရှမ်း State တွေ၊ ကချင် State တွေ၊ ရခိုင် State တွေ- အဲဒီ State တွေ စုပေါင်းပြီးမှ ပြည်ထောင်စုအနေနဲ့ လာမှာလေဗျာ။ အဲဒါ ကျနော်တို့တွေ အမျိုးသားတန်းတူရေးအတွက် ဗမာလူမျိုးအနေနဲ့လည်း State တခု ဖွဲ့စည်းရင် ကျနော်တို့ အမျိုးသားတန်းတူရေး၊ ဖက်ဒရယ်ပုံစံသွားဖို့က အဆင်ပြေတယ်ပေါ့နော်။ ဗမာပြည်ကို မဖြစ်မနေ State ဖွဲ့ဖို့ပေါ့နော်၊ အဲလိုမျိုး လိုအပ်ပါတယ်လို့ ကျနော်တို့က တင်ပြဆွေးနွေးသွားတယ်ဗျာ။ အဲဒါကျတော့ သူတို့က လက်မခံဘူး။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအေးမောင်ကျော်ကတော့ ဖက်ဒရယ်အရေး၊ တန်းတူရေးအတွက်ဆိုရင် တိုင်းရင်းသားလူမျိုးစုတွေအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“လက်ရှိ အခြေအနေမှာ လူမျိုးတိုင်း တန်းတူ အခွင့်အလမ်းရဖို့အတွက်ဆိုရင် ဖြေရှင်းနည်းတခုတော့ လိုတာပေါ့ဗျာ။ အဲဒီဖြေရှင်းနည်းက သေချာဆွေးနွေးပြီးတော့ သေချာလုပ်ရမယ့် ကိစ္စပေါ့ဗျာ။ သဘောပေါက်အောင်ပြောပြီးတော့။ လက်ရှိအာဏာပိုင်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒီတိုင်းပြည်မှာ ထိပ်ဆုံးကနေပြီးတော့ ဟိုလူက ဟိုဟာယူလိုက်၊ ဒီလူက ဒါယူလိုက်လုပ်လို့လည်း မဖြစ်ဘူးဗျ။ ဗမာကိုချည်း ပြည်နယ်ဖွဲ့ခိုင်းနေလို့လည်း ပြဿနာက ပြေလည်နိုင်မှာ မဟုတ်ဘူး။ ၂၀၀၈ ကလည်း တပ်မတော်က ရှိသေးတယ်ဆိုပေမယ့် ဒီဘက်က အင်အားစုတွေက မရှိတော့ဘူးလို့ ပြောနေတာလေ။ ဟုတ်တယ်မဟုတ်လား။ အဲတော့ ဒီအခြေခံက အများကြီး ကွဲနေပြီလေ။ အများကြီး ကွဲနေပြီဆိုတော့ အဖြေထွက်ဖို့ အရမ်းခက်သွားပြီ။”

စစ်ကောင်စီဘက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NCA အပစ်ရပ်စာချုပ်နဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပြီး ဆွေးနွေးပွဲကို မတက်ရောက်သေးတဲ့ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။

ဖက်ဒရယ်အခွင့်အရေးပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခွင့်အရေးသာ ပေးအပ်မှာဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာလည်း လွှတ်တော်လမ်းကြောင်းကသာ ပြင်ဆင်နိုင်မှာဖြစ်ကြောင်း စစ်ကောင်စီအကြီးအကဲက တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ မကြာသေးခင်က နေပြည်တော်မှာ တွေ့ဆုံတဲ့အချိန် ပြောဆိုထားပါတယ်။ တဆက်တည်းမှာပဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ NCA အပစ်ရပ်စာချုပ်ကို ပစ်ပယ်မရဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

KNU ကရင်၊ KIO ကချင်၊ KNPP ကရင်နီ၊ CNF ချင်း ၊ PSLF/ TNLA တအန်း(ပလောင်) ၊ ULA/AA ရခိုင်၊ MNDAA ကိုးကန့်အဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ခဲ့ပါဘူး။ အရင်က အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့တဲ့ ဒေသတော်တော်များများမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေလည်း ပြန်လည် ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]












XS
SM
MD
LG