သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရဲတွေ မူးယစ်ဆေးကင်းမကင်း စစ်ဆေးခံရမယ်


ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်စိတ်ကြွဆေးများ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်စိတ်ကြွဆေးများ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးမှုနဲ့ အလုပ်ဖြုတ်ခံရတဲ့ ရဲအရာရှိဟောင်းတဦးလက်ချက်နဲ့ ကလေးအများစုအပါအဝင် လူ ၃၇ ယောက် သေဆုံးခဲ့ပြီးနောက် ထိုင်းအစိုးရက မူးယစ်ဆေးဝါး နှိမ်နင်းမှုတိုးမြှင့်လာပါတယ်။ ရဲဝန်ထမ်းတွေကို မူးယစ်ဆေးသုံး မသုံး ၃ လတကြိမ် ဆေးစစ်သွားမှာဖြစ်တယ်လို့ ထိုင်းရဲချုပ်က ပြောပါတယ်။ တချိန်တည်းမှာပဲ ကာလတန်ဘိုး ဘတ်ငွေ သန်း ၁,၀၀၀ ကျော်ဖိုး တန်ဖိုးရှိတဲ့ စိတ်ကြွဆေးတွေနဲ့ နာမည်ကြီးမူးယစ်ဂိုဏ်း ၂ ခုက ဂိုဏ်းသားတချို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

မူးယစ်ဆေးကြောင့် ကလေးငယ် ၂၄ ယောက်အပါအဝင် ၃၇ ယောက် ပစ်သတ်ခံခဲ့ရပြီးနောက် မူးယစ်ဆေးပြဿနာကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်မှာဖြစ်သလို ရဲဝန်ထမ်းတွေကိုလည်း မူးယစ်ဆေးဝါးနဲ့ ကင်း မကင်း သုံးလတကြိမ် စစ်ဆေးသွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အခုရက်ပိုင်းမှာပဲ နာမည်ကြီး မူးယစ်မှောင်ခိုဂိုဏ်း ၂ ခုက ဂိုဏ်းသားတချို့၊ ကာလပေါက်ဈေး ထိုင်းဘတ်ငွေ သန်း ၁ ထောင်ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁၁ သန်း ၆ သိန်းကျော်နဲ့ ICE မူးယစ်ဆေး ကီလို ၅၀ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းမူးယစ်နှိမ်နှင်းရေးဗျူရိုက ပြောကြားခဲ့ပါတယ်။

ရွှေတြိဂံဒေသကနေ စိတ်ကြွဆေးအမြောက်အများ ထိုင်းမြောက်ပိုင်းဘက် တင်သွင်းနေတဲ့ နာမည်ကြီး မူယစ်းဂိုဏ်းနှစ်ခုကို သက်သေခံပစ္စည်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ရဲချုပ်ကြီး Damrongsak Kittipraphat (ဒန်ရုံစပ် ကစ်တီပရာဖတ်) က ရှင်းလင်းပြောကြားခဲ့ပါတယ်။

ရဲချုပ်ပြောသွားတဲ့အထဲမှာ “အခုဖမ်းမိတဲ့ မူးယစ်ဆေးတွေဟာ ထိုင်းနယ်စပ်ကို လှေလမ်း၊ ကုန်လမ်းနဲ့ တဆင့်ဆီသယ်ဆောင်ပြီး ဝင်ရောက်လာတာဖြစ်တယ် မူးယစ်ဆေးဝါးပြသနာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအတွင်းမှာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်အရေးယူမှာဖြစ်ပြီး ရဲဝန်ထမ်းတွေ မူးယစ်ဆေးဝါးသုံးစွဲမှုရှိမရှိ သုံးလတကြိမ်ဆေးစစ်သွားမှာဖြစ်တယ်” လို့ထိုင်းဘာသာနဲ့ပြောသွားတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က မူးယစ်ဆေးမှုနဲ့ ရာထူးကနေဖယ်ရှားခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတယောက်က မူးယစ်ဆေးသုံးပြီး မူူကြိုကျောင်းထဲဝင်ရောက်ပစ်ခတ်ခဲ့လို့ ကလေးငယ် ၂၀ ကျော်သေဆုံးခဲ့ရပြီးနောက်မှာ တနိုင်ငံလုံးက ရဲဝန်ထမ်းတွေကို မူးယစ်ဆေးနဲ့ပတ်သက်လို့ အခုလို တင်းကြပ်လာတာဖြစ်ပါတယ်။

အခုနောက်ဆုံးဖမ်းမိတဲ့စိတ်ကြွဆေးတွေဟာ ရွှေတြိဂံဒေသကနေဝင်လာတာဖြစ်ပြီး ထိုင်းမြောက်ပိုင်းကဆင့် စရဘူရီ အဝေးပြေးလမ်းမမှာ စိတ်ကြွဆေးတွေနဲ့ Ice မူးယစ်ဆေးတွေကိုဖမ်းမိခဲ့တာလို့လည်းဆိုပါတယ်။ ဒီအမှုမှာတော့ မူးယစ်မှောင်ခိုသမားတွေက ထွက်ပြေးရင်း ကားဘီးပေါက်တဲ့အတွက် မူးယစ်မှောင်ခိုသမား ၂ ဦးနဲ့အတူ အဲဒီမူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့ပါတယ်။

နောက်ဖြစ်စဉ်တခုကတော့ ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲမှာ ကုန်တင်ကားနဲ့သယ်ဆောင်လာတဲ့ ၉၉၉ တံဆိပ် စိတ်ကြွဆေး ၅ သန်းကျော် ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဒီအမှုကပစ္စည်းတွေဟာ ထိုင်းနိုင်ငံကဝရမ်းထုတ်ထားတဲ့ တောင်ပေါ်တိုင်းရင်းသား မူးယစ်ကုန်သည် နိုင်လစ်စယ်မားရဲ့ပစ္စည်းတွေလို့ ပြောပါတယ်။

ဒီရက်ပိုင်းမှာပဲ တာချီလိတ်ကနေ မဲဆိုင်ဘက်ကို တောလမ်းအတိုင်းဝင်လာတဲ့ အသက်၂၀ အရွယ်မြန်မာလူငယ်တဦးကိုလည်း သေနတ်တလက်နဲ့ စိတ်ကြွဆေအလုံး ၁၀၀ လောက်နဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။ အခုရက်ပိုင်းအတွင်း ထိုင်းမြောက် ပိုင်းက ထိုင်းမြန်မာထိစပ်နေတဲ့နယ်စပ်ကျေးရွာတွေကို ထိုင်းစစ်တပ်က ဝင်ရောက် ရှာဖွေ စစ်ဆေးနေပြီး မသင်္ကာဖွယ်လူတွေကိုလည်း ဖမ်းဆီးနေပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသကနေ နေ့စဉ် စိတ်ကြွဆေးပြား အနည်းဆုံး သန်း ၂၈၀ မူးယစ်ဆေးထုတ်လုပ်သူတွေ တင်ပို့နေတဲ့အကြောင်း ထိုင်း တရားရေး ဝန်ကြီး Somsak Thepsutin ပြောတာကို ဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

ထိုင်းနယ်စပ်အပြင်ဘက် နေရာအနှံ့ ပြန့်ကျဲနေတဲ့ မူးယစ်စိတ်ကြွဆေးတွေထုတ်နေတဲ့စက်ရုံ ၇ ခုရှိပြီး စိတ်ကြွဆေး အများအပြား ထုတ်လုပ်နေကြောင်း ဝန်ကြီး Somsak ကပြောပေမယ့် မြန်မာနိုင်ငံ ဆိုတဲ့ နာမည်ကို ထည့်သွင်းပြောကြားခဲ့ခြင်းတော့ မရှိပါဘူး။ ဒါပေမယ့်လည်း စိတ်ကြွဆေးပြား စက်ရုံတွေဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာလို့ ထိုင်းသတင်းစာက ရေးပါတယ်။ ကပ်ရောဂါကူးစက်မှုတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို အသုံးချပြီး မြန်မာနိုင်နယ်ခြား ရွှေတြိဂံနယ်ဘက်မှာ လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေက မူးယစ်ဆေးတွေ ပိုပြီး ထုတ်ဝေဖြန့်ချီနေတဲ့အကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့ UNODC ကလည်းပြောဆိုထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

--------------------

[[Unicode]]












XS
SM
MD
LG