သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံသားတွေ ရွှေကုက္ကိုလ်မြို့သစ်မှာ အဖမ်းခံနေရ 


ထိုင်းနယ်စပ်၊ မြဝတီခရိုင်က ရွှေကုက္ကိုလ်မြို့သစ်မြင်ကွင်း။ (ဓာတ်ပုံ- VOA Burmese)
ထိုင်းနယ်စပ်၊ မြဝတီခရိုင်က ရွှေကုက္ကိုလ်မြို့သစ်မြင်ကွင်း။ (ဓာတ်ပုံ- VOA Burmese)

[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ် မြဝတီမြို့အနီးမှာ အိန္ဒိယနိုင်ငံသား ၃၀၀ လောက်ကို ဖမ်းဆီးခေါ်ဆောင်ပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်တဲ့အလုပ်တွေ အဓမ္မစေခိုင်းနေသူတွေဟာ ရွှေကုက္ကိုလ်မြို့သစ် က KK Park ရာဇဝတ်ဂိုဏ်းအဖွဲ့ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံထုတ် The Times of India သတင်းစာက ရေးပါတယ်။ အဓမ္မအခိုင်းခံရသူတွေထဲက အိန္ဒိယနိုင်ငံ Kerala ပြည်နယ်သား IT နည်းပညာရှင် ၉ ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီး ဒီလိုလွတ်မြောက်ဖို့ ငွေအမြောက်အများပေး ရွေးခဲ့ရ သလို မလွတ်မြောက်သေးသူတွေကလည်း အိန္ဒိယအစိုးရကို အကူအညီတောင်းတဲ့ ဗွီဒီယိုတွေ ပေးပို့ခဲ့ပါတယ်။ ဒီအကြောင်း ဦးသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။

ရွှေကုက္ကိုလ် အိမ်ယာစီမံကိန်းနေရာဟာ မြဝတီမြို့ မြောက်ဘက် ဆယ်မိုင်လောက်အကွာမှာရှိပြီး ကရင်ပြည်နယ်ရဲ့ China Town လို့လူသိများတဲ့ နိုင်ငံတကာအဆင့်မှီ အိမ်ယာစီမံကိန်းဖြစ်တဲ့အကြောင်း နယ်စပ်သတင်းရပ်ကွက်တွေက ပြောပါတယ်။ DKBA ကရင်အဖွဲ့က ခွဲထွက်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းလိုက်တဲ့ အဖွဲ့တဖွဲ့နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ ရထိုင် နိုင်ငံတကာ ဦးပိုင်ကုမ္ပဏီ (Yatai International Holdings Group)တို့ ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်ကတည်း ကောင်အထည်ဖေါ်ခဲ့တာပါ။ ခရီးသွားကဏ္ဍ၊ ဖျော်ဖြေရေးကကဏ္ဍနဲ့ အိမ်ယာကဏ္ဍတွေကို ၂၀၁၇ ခုနှစ်က စတင် အကောင်အထည်ဖေါ်ပြီး အမေရိကန် ဒေါ်လာ ၁၅ ဘီလျံဖိုး အသုံးပြုတည်ဆောက်ထားတဲ့ စီမံကိန်းလို့ လူသိများပါတယ်။

ဒီ စီမံကိန်းနေရာဟာ မြန်မာစစ်တပ်ထိန်းချုပ်တဲ့နေရာ မဟုတ်ဘူးဆိုတာကို အရင် အိန္ဒိယနိုင်ငံထုတ်သတင်းတွေမှာလည်း ဖေါ်ပြခဲ့ပါတယ်။ အခုထိ အိန္ဒိယနိုင်ငံသား ၃၀၀ လောက်ထဲက တချို့ အခိုင်းခံနေရတဲ့နေရာဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင် She Zhijiang ဦးစီးတဲ့ ရွှေကုက္ကိုလ်အိမ်ယာခြံမြေဝန်းထဲမှာရှိတဲ့ KKPark ရာဇဝတ်ဂိုဏ်းက ဖမ်းထားတာလို့ The Times of India က ရေးပါတယ်။

တရုတ်စီးပွားရေးလုပ်ငန်းရှင် She Zhijiang ကတော့ ငွေကြေးခဝါချမှု လောင်းကစားမှုတွေနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိနေပြီး ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားတဲ့ တရုတ်နိုင်ငံသားဖြစ်ပြီး တရုတ်နိုင်ငံကလည်း အလိုရှိနေတဲ့ ဝရမ်းပြေးတယောက်ဖြစ်တယ်ဆိုတာကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က သြဂုတ်လ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ She Zhijiang ဟာ မြန်မာနိုင်ငံ ကရင်ပြည်နယ်အပြင် ကမ္ဘောဒီယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း လောင်းကစားရုံးတွေ ရင်းနှီးမြှုပ်နှံထားပါတယ်။

ဒီရွှေကုက္ကိုလ် အိမ်ယာစီမံကိန်းထဲက KK Park ရာဇဝတ်ဂိုဏ်းနဲ့ပတ်သက်လို့ လူမှောင်ခိုကုန်ကူးနေတဲ့အဖွဲ့ဖြစ်သလို လူကိုယ်ခန္ဒာ ကိုယ်အင်္ဂါတွေ ရောင်းဝယ်တဲ့ဂိုဏ်းဖြစ်တယ်ဆိုပြီး Focus Taiwan အင်တာနက် သတင်းစာမျက်နှာက ရေးခဲ့ဖူးပါတယ်။ KK Park ရာဇဝတ်ဂိုဏ်းနဲ့ ဆက်သွယ်တယ်ဆိုပြီး မြန်မာနိုင်ငံဘက်က ပြန်လာတဲ့ ထိုင်ဝမ်နိုင်ငံသား ၃ ဦးကိုလည်း သြဂုတ်လ တတိယပတ်အတွင်းမှာ ထိုင်ဝမ်ရဲက ဖမ်းဆီးခဲ့ပါတယ်။

အခု တရားမဝင် အွန်လိုင်းက ဆိုက်ဘာရာဇဝတ်မှုကျုးလွန်တဲ့လုပ်ငန်းတွေ အဓမ္မစေခိုင်းစေခံနေရတဲ့ အိန္ဒိယနိုင်ငံသား ၃၀၀ လောက်ဟာ ထိုင်းနိုင်ငံထဲမှာ IT နည်းပညာနဲ့ပတ်သက်တဲ့ လစာကောင်းတဲ့အလုပ်တွေရမယ်ဆိုပြီး ကြော်ငြာတွေတွေ့ လို့ ထွက်လာခဲ့ကြသူတွေပါ။ သူတို့ကို တရက် ၁၆ နာရီလောက်အထိ အလုပ်လုပ်ရပြီး ကျဉ်စက်နဲ့တို့တာ၊ ရိုက်နှက်တာတွေအပြင် ထွက်ပြေးရင် သေနတ်နဲ့ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေလည်း ခံရတဲ့ကြောင်း ပြောဆိုထားတာကို အိန္ဒိယ သတင်းစာမှာ ရေးပါတယ်။

အဖမ်းခံခဲ့ရသူတဦးရဲ့ The Times of India သတင်းစာကို ပြောပြချက်အရ သူတို့ကို ဘန်ကောက်ကနေ လက်နက်ကိုင် အစောင့်အကြပ်တွေ ထူထူထပ်ထပ်ချထားတဲ့ မြန်မာနိုင်ငံဘက်ကို ခေါ်သွားပြီး နေ့စဉ် ဆိုက်ဘာအွန်လိုင်းက အချက်အလက်တွေ တရားမဝင်ရယူတဲ့ အလုပ်တွေကိုလုပ်ခိုင်းခဲ့တယ်လို့ ပြောပါတယ်။ လက်ဖြောင့်တပ်သားတွေအပါအဝင် လက်နက်ကိုင်တွေ စောင့်ကြပ်ထားတဲ့နေရာတွေမှာ ကန့်သတ်ခံရတာ၊ ဖုံးတွေသုံးတာကို စစ်ဆေးတာတွေအပြင် အလုပ်ကောင်းကောင်းမလုပ်ရင် အရိုက်ခံရတာ၊ နှိပ်စက်တာတွေခံရပြီး များသောအားဖြင့် သြစတြေးလျှနဲ့ နယူးဇီလန်ဘက်ကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာရာဇဝတ်မှု အချက်အလက်ရှာဖွေတာတွေ လုပ်ပေးရတယ်လို့ ပြောပါတယ်။

မကြာသေးခင်က အိန္ဒိယနိုင်ငံ Kerala ပြည်နယ်သား IT နည်းပညာရှင် ၉ ဦး ပြန်လည်လွတ်မြောက်ခဲ့ပြီး သူတို့ထဲက တချို့ လွတ်မြောက်ရေးအတွက် Cryptocurrency ဆိုက်ဘာငွေကြေးအမြောက်အများ ပေးခဲ့ရတယ်လို့လည်း The Times of India သတင်းစာက ရေးပါတယ်။ IT နည်းပညာရှင်တယောက် ပြန်လွတ်ဖို့အတွက်တော့ အိန္ဒိယ ရူပီးငွေ လေးသိန်းကျော် ဒေါ်လာ ငါးထောင် တောင်းတာခံခဲ့ရတယ်လို့လည်း ပြန်ပြောတာကို သတင်းစာမှာ ရေးပါတယ်။

အခု အိန္ဒိယနိုင်ငံသားတွေ အဖမ်းခံနေရတဲ့သတင်းတွေ ဒီရက်ပိုင်း ထွက်ပြီးနောက်ပိုင်းမှာတော့ တခြားနေရာတွေ ပြောင်းရွှေ့တာတွေလုပ်နေသလို စစ်ဆေးတာတွေလည်း ပိုလုပ်လာကြောင်း အဖမ်းခံထားရသူ အိန္ဒိယနိုင်ငံသားတဦးက အပြင်ကို အကြောင်းကြားထားပါတယ်။ အဖမ်းခံရတဲ့သူတွေထဲမှာ အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ်က ၅၀ လောက် ပါတဲ့အတွက် ပြည်နယ်အစိုးရဝန်ကြီးတွေက အိန္ဒိယ ဗဟိုအစိုးရကို အကူအညီတောင်းခံနေပါတယ်။

ပြီးခဲ့တဲ့ ဂျူလိုင်လဆန်းကတည်းက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထိုင်းနိုင်ငံမှာ လခကောင်းကောင်းရမယ်ဆိုပြီး အလုပ်အကိုင် ဖျားယောင်းခေါ်ယူနေတာတွေကို သတိထားဖို့ အိန္ဒိယနိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vinay Kumar ကို ဆက်သွယ်ပြီး အိန္ဒိယနိုင်ငံသားတွေ ပြန်လွှတ်ပေးရေး ဆက်လက်ကြိုးပမ်းနေတယ်လို့ ပြောဆိုပါတယ်။

နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကလည်း ဒီသတင်းနဲ့ပတ်သက်လို့ မှတ်ချက်တစုံတရာပေး ပြောဆိုတာ မရှိသေးပါဘူး။ အိန္ဒိယနိုင်ငံ ပြည်နယ် အစိုးရအရာရှိတွေကတော့ အဖမ်းခံရသူတွေ လွှတ်မြောက်ရေး ဗဟိုအစိုးရဲ့ အကူအညီတောင်းခံထားသလို ဆက်သွယ်နိုင်မယ့် တယ်လီဖုံးနံပါတ်တွေ အီးမေးတွေကို ဖြန့်ဝေနေပါတယ်။

#ရွှေကုက္ကိုလ် #အိန္ဒိယအိုင်တီပညာရှင် #ဆိုင်ဘာရာဇဝတ်မှု #ITနည်းပညာရှင်၃၀၀ #မြဝတီ
==============

ရွှေကုက္ကိမြို့သစ်နဲ့ ဆိုက်ဘာရာဇဝတ်မှု
please wait

No media source currently available

0:00 0:04:55 0:00

[[Unicode]]

အိန်ဒိယနိုငျငံသားတှေ ရှှကေုက်ကိုလျမွို့သဈမှာ အဖမျးခံနရေ












==============

XS
SM
MD
LG