[[Zawgyi/Unicode]]
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တွေမှာ တောတောင်တွေထဲခိုလှုံနေကြတဲ့ ထောင်ဂဏန်းရှိတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ဆောင်းရာသီအအေးဒဏ်ကြောင့် အကူအညီလိုအပ်နေပါတယ်။ ဒီအကြောင်း ရန်ကုန် စုံစမ်းမေးမြန်းသတင်းပေးပို့တာကို အလိမ္မာက တင်ပြပေးထားပါတယ်။
မိုးဗြဲမြို့နယ်တွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မိုးဗြဲမြို့အစွန် စက်တော်ရာရပ်ကွက်ဘက်မှာ စစ်တပ်က တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့နားတဝိုက်က လက်နက်ကြီး လက်နက်ငယ်သံတွေလည်း မကြာမကြာ ကြားနေရတာလို့ ဆိုပါတယ်။
စစ်ပြေးဒုက္ခသည်တွေဟာ မိုးဗြဲမြို့နယ်ထဲမှာ တိမ်းရှောင်နေသူတွေရှိသလို တောတောင်တွေထဲ ခိုလှုံနေရသူတွေလည်း အတော်များများ ရှိနေပါတယ်။ ဆောင်းရာသီဝင်လာတာနဲ့အမျှ တောတောင်ထဲမှာ အအေးဒဏ်ကြောင့် အကူအညီတွေ ပိုလိုအပ်လာတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။
“တောင်ကြိုတောင်ကြားမှာပဲ ရှိတဲ့လူရှိတယ်၊ တချို့ကကျတော့ မြို့ထဲမှာရှိတယ်။ ကျမလည်း တောင်ပေါ်မှာ ၂ ရက် ၃ ရက် သွားခိုခါကျတော့ တအားအေးတယ်။ အဲ့တောင်မှာကျတော့ အများအားဖြင့် အနွေးထည်တို့၊ စောင်တို့ မလောက်ကြဘူးပေါ့။ ကလေးငယ်လည်း များနေတယ်။ စစ်ရှောင်ထဲမှာ ခပ်များများက ဆောင်းရာသီဆို အဲ့ဒီ နှာစေး၊ ချောင်းဆိုးများနေတယ်။”
အလားတူ ဖယ်ခုံမြို့နယ်အရှေ့ခြမ်းက စစ်ပြေးဒုက္ခသည်တွေလည်း ကျေးရွာတချို့က ခုချိန် ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။
“ရွာဘေးမှာ စိုက်ထားတဲ့ လယ်များများရှိတဲ့ တချို့က ရွာကိုစပါးကိုပြန်ရိတ်တာ။ တချို့က ရွာကို မပြန်ရဲတာလည်း ရှိသေးတယ်။ မပြန်ရဲဆို ၃ ပုံ ၂ ပုံလောက်ရှိသေးတယ်။ ပြန်ရဲတာ ၁ ပုံလောက်ပဲ ရှိသေးတယ်ရှင့်။ ဆီးမီးလောဘက်၊ လယ်ထွန်တို့ အဲ့ဘက်မှာရှိတယ်။ အများကြီး ကုန်းသာတို့ဘက်ပေါ့။”
ရာသီဥတုအပြောင်းအလဲကြောင့် ကလေးသူငယ်အပါအဝင် အတော်များများ ကျန်းမာရေးထိခိုက်လာနေကြတယ်လို့ ဒေသခံက ပြောပါတယ်။
“အခုလည်း စစ်ဘေးရှောင်ရတာတဘက်၊ မိုးမကောင်းတာတဘက်ဆိုလည်း လယ်လည်းအကုန်မစိုက်ရ၊ တောင်ယာလုပ်ရင်လည်း ကောင်းကောင်းမစိုက်ပျိုးရ၊ ပြောရရင် အစားအသောက်လည်းခက်ခဲတယ်။ အထူးသဖြင့်ကျန်းမာရေးဆိုလည်း ဆေးဆရာမတွေလည်း ဆေးသွားဝယ်ရတာခက်ခဲတယ်။ လမ်းကြောင်း ရေလမ်းကြောင်းလည်း ခက်ခဲတယ်။ အဲ့ဒါကြောင့် လူနာလည်း အမျိုးမျိုးဒုက္ခရောက်နေတယ်လေ။ စစ်ရှောင်တွေကြားမှာ တချို့က ဝမ်းလျှောဝမ်းပျက်လည်း ဖြစ်တယ်။ ငှက်ဖျား၊ တုပ်ကွေးလိုမျိုးလည်းဖြစ်တယ်လေ။ အခု နှာစေး ချောင်းဆိုးဖြစ်လည်း အုပ်လိုက်စုလိုက်နဲ့ဖြစ်တယ်လေ။ တောတောင်မှာနေရတာတော့ ငွေလည်းမရှိ၊ ဆေးဝယ်ရတာလည်း ခက်ခဲနေတယ်ပေါ့။”
စစ်ရေးအခြေအနေတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ပြေးရှောင်လိုက်၊ ဒေသတည်ငြိမ်ရင် နေရပ်ပြန်လိုက်နဲ့ အလုပ်အကိုင်တွေလည်း ဖြောင့်ဖြောင့်တန်းတန်းမလုပ်နိုင်ကြပါဘူး။ အချိန်ကြာလာတာနဲ့အမျှ စားရေးသောက်ရေး၊ ကျန်းမာရေး စတဲ့အခက်အခဲမျိုးစုံ ကြုံတွေ့လာကြရသလို ပြည်တွင်းပြည်ပအကူအညီမျိုးတွေလည်း မရရှိပဲဖြစ်နေကြပါတယ်။ မြန်မာနိုင်ငံတွင်း စစ်ပြေးဒုက္ခသည်တွေအပါအဝင် ပြည်တွင်းဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေး အာဆီယံအပါအဝင် နိုင်ငံတကာက ကြိုးပမ်းနေပေမဲ့လည်း ခုအချိန်အထိ ထိထိရောက်ရောက်မဆောင်ရွက်နိုင်သေးပါဘူး။ ကုလ ဌာနအဖွဲ့အစည်းတချို့က ကူညီတာတွေရှိပေမယ့်လည်း တကယ်ဒုက္ခတွေ့နေတဲ့သူတွေဆီ ရောက်ရှိနိုင်လောက်တဲ့ အခြေအနေမျိုးမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
=================
[[Unicode]]