ကမ္ဘာ့ထိပ်တန်းသို့ အမေရိကန်ကို တရုတ်ကျော်တက်မည်ဟု ယူဆသူများပြား

အမေရိကန်-တရုတ် အလံ

တရုတ်နိုင်ငံဟာ တနေ့ကျရင် အမေရိကန်ပြည်ထောင်စုကို ကျော်တက်ပြီး ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံဖြစ်လာလိမ့်မယ်လို့ ကမ္ဘာက ပိုမို ယုံကြည်လာနေတဲ့အကြောင်း Pew သုတေသနဌာနက ကောက်ယူတဲ့ စစ်တမ်းသစ်တခုက ဆိုပါတယ်။ နိုင်ငံပေါင်း ၃၉ နိုင်ငံမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေရဲ့ တဝက်ကျော်က အမေရိကန်ပြည်ထောင်စုကို ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံအဖြစ် အသိအမှတ်ပြုထားတုန်း ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံက ပြည်သူ အများစုကတော့ တရုတ်နိုင်ငံဟာ အဆုံးမှာ အမေရိကန်ကို ကျော်တက်သွားလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ထုတ်ဖော်ခဲ့တာပါ။ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီစစ်တမ်းအရ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတဝှမ်း တရုတ်နိုင်ငံ ထက်ပိုပြီး နံမည်ကောင်း ဆက်ရနေတုန်း ဖြစ်ပါတယ်။

အမေရိကန်ကို နံမည်ကောင်းရစေတဲ့ မဲက ၆၃ ရာခိုင်နှုန်း ရှိချိန်မှာ တရုတ်ကတော့ ၅၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီနှုန်းတွေဟာ ဒေသအလိုက် ကွဲလွဲမှုတွေတော့ ရှိပါတယ်။ တရုတ်ဟာ သူ့ရဲ့ အနီးစပ်ဆုံး အိမ်နီးချင်းနိုင်ငံတွေကြားမှာတော့ ပုံရိပ်မကောင်းလှပါဘူး။ အမေရိကန် ကတော့ မူဆလင်အများစုရှိတဲ့ နိုင်ငံတွေကြားမှာ အဆိုးအမြင်ခံရဆုံးဖြစ်ပါတယ်။

ဒါပေမဲ့ ခုလို အမေရိကန်ကို မုန်းတီးတဲ့ နိုင်ငံတွေမှာတောင် အမေရိကန်နိုင်ငံဟာ နိုင်ငံသားတွေအတွက် လွတ်လပ်ခွင့်တွေ ပိုရှိတဲ့နိုင်ငံဖြစ်တယ်ဆိုတာကို လက်ခံတယ်လို့ ဆိုကြပါတယ်။ အမေရိကန်နိုင်ငံဟာ လူတဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို လေးစား လိုက်နာမှုရှိတယ်လို့ Pew သုတေသနအဖွဲ့ကိုပြောတဲ့လူ ၇၀ ရာခိုင်နှုန်းရှိပြီး တရုတ်နိုင်ငံနဲ့ပတ်သက်လို့ ဒီလို ပြောတဲ့သူကတော့ ၃၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။