ဘိုရှီလိုင်း အပြစ်ရှိကြောင်း တရားရုံး ဆုံးဖြတ်

တရုတ်နိုင်ငံရေးသမား Bo Xilai

တရုတ်ကွန်မြူနစ်ပါတီကနေ စွတ်စွဲသိက္ခာချပြီး ဖြုတ်ချခံခဲ့ရတဲ့ နိုင်ငံရေးသမား ဘိုရှီလိုင်ကို လာဒ်ပေးလာဒ်ယူပြုလုပ်မှု အဂတိလိုက်စားမှု အာဏာအလွဲအသုံးချမှု စတဲ့ ပစ်မှုတွေနဲ့ စွဲချက်တင်လိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖေါ်ပြထားပါတယ်။
ဘိုရှီလိုင်ကို နိုင်ငံရှေ့ပိုင်း ကမ်းရိုးတန်းခရိုင်ဖြစ်တဲ့ဘ ရှန်ဒုံခရိုင်မြို့တော် ဂျီနန်မှာ ကြာသာပတေးနေ့က စွဲချက်တင်လိုက်တာဖြစ်ကြောင်း ရှင်ဟွာသတင်းဌာနက ပြောပါတယ်။
ဘိုရှီလိုင်ဟာ နိုင်ငံအကြီးအကဲတယောက်ရဲ့ ရာထူးအာဏာကို အသုံးချပြီး ကိုယ်ကျိုးအတွက် လုပ်ဆောင်ခဲ့တယ်လို့ စွဲချက်တင်တဲ့ စာတမ်းမှာ ရေးသားတင်ပြထားကြောင်း ရှင်ဟွာသတင်းမှာ ဖေါ်ပြထား ပါတယ်။
သူဟာ ငွေတွေ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာတွေ အမြောက်အများ လက္ခံယူခဲ့တယ်လို့လည်းဆိုပါတယ်။ သူ့ရဲ့အမှုဟာ တရုတ်နိုင်ငံမှာ ဆယ်စုနှစ် များစွာအတွင်း ကျော်မကောင်းကြားမကောင်း အဖြစ်ဆုံး အမှုကြီးဖြစ်ပြီး၊ အမှုစစ်ဆေးမဲ့ အချိန်ကာလကို ကြိုတင်သပ်မှတ်ထားခြင်းမျိုးတော့ မရှိပါဘူး။
ဒါပေမဲ့ ကာလအတန်ကြာစောင့်စားနေကြတဲ့ သူ့ရဲ့အမှုကို ရှေ့လမှာ စတင်စစ်ဆေးလိမ့်မယ်လို့ မီဒီယာတွေ အတော်များများမှာ ဖေါ်ပြနေကြပါတယ်။
စွဲချက်မှာ ဘိုရဲ့ ဇနီး ဂူကိုင်လိုင်နဲ့ ပတ်သက်ပြီး အထူးပြုဖေါ်ပြထားတာမတွေ့ရပါဘူး။ ဘိုရဲ့ ဇနီးဖြစ်သူဟာ ငွေရေးကြေးရေး အငြင်းပွားတဲ့ ကိစ္စတဲ့ ဗြိတိသျှ စီးပွားရေးသမား Neil Heywood ကို သတ်မှုနဲ့ မနှစ်က ပစ်ဒဏ်စီရင်ခံခဲ့ရတာပါ။