ရခိုင်ဒေသပြန်လည် ငြိမ်းချမ်းရေး

ရခိုင်ပြည်နယ် စစ်တွေမြို့ က ဒုက္ခသည်များ။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP က ဦးဦးလှစော နဲ့ ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ဦးအဘူတာဟေရ်ခါ် ဦးသာအေးတို့ကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် ဌာနချုပ်ကို ဖိတ်ခေါ်ပြီး ရခိုင်ပဋိပက္ခကို ပြေလည်အောင် ဘယ်နည်းဘယ်ပုံ ဖြေရှင်းနိုင်မလဲ ဆိုတာနဲ့ပတ်သက်ပြီး ဦးကျော်ဇံသာက မေးမြန်းဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ။ ။ ပထမဆုံး ကျနော်မေးချင်တာက ဆရာတို့နှစ်ယောက်စလုံးဟာ ရခိုင်ပြည်နယ်က နိုင်ငံရေးခေါင်းဆောင်တွေဖြစ်ပါတယ်။ အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ Communal Violence လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခဟာ အတော်ကြီးမားတဲ့ ပဋိပက္ခဖြစ် တယ်။ နိုင်ငံတကာက အာရုံစူးစိုက်နေတဲ့ ပဋိပက္ခဖြစ်ပါတယ်။ ဒီပဋိပက္ခပြေလည်ဖို့ လူ့အဖွဲ့အစည်းနှစ်ခု သဟဇာတဖြစ်အောင် နေနိုင်ဖို့၊ အခြေအနေ ဘယ်လောက်များ နီးစပ်နေပြီလဲခင်ဗျ။ ပထမဆုံး ဦးဦးလှစော ပြောပါခင်ဗျ။

ဦးဦးလှစော။ ။ တတ်နိုင်သမျ၊ အတတ်နိုင်ဆုံးတော့ ကြိုးစားနေကြတာပေါ့။ ပထမဆုံးပြောချင်တာက ဒီကိစ္စဟာ မမျှော်လင့်ပဲ ဖြစ်လာတဲ့အတွက် (Community) လူမှုအသိုင်းအဝိုင်းနှစ်ခုစလုံးဟာ အင်မတန် ဆိုးဆိုးဝါးဝါး နစ်နာခဲ့ကြရတယ်။ ကျနော်တို့ (Democratization) ဒီမိုကရေစီ အကူးအပြောင်းကာလမှာ အသီးအပွင့်လေးတွေ မျှော်လင့်နေတဲ့အချိန်မှာ ကျနော်တို့ဟာ ဒုက္ခတွေကိုပဲ ကြုံရတယ်။ အဲ့ဒီ့တော့ ဒီဟာက ဖြစ်လာတဲ့နောက်ပိုင်း မှာ မမျှော်လင့်နိုင်တဲ့ ပြဿနာအကြောင်း အရင်းဇစ်မြစ်တွေကလည်း အင်မတန်ရှုပ်ထွေးတယ် ဆိုတော့ လောလောဆယ် မှာ နှစ်ဘက်စလုံးမှာ ဒုက္ခတွေ တော်တော်ကြုံနေရ တယ်။ အဲ့ဒီ့တော့ အဲ့ဒီ့ဒုက္ခတွေကို ကျနော်တို့က ဘယ်လိုဖြေရှင်းနိုင်မလဲ ဆိုတဲ့ ပြဿနာကို အရင်ဆုံး သုံးသပ်ရလိမ့်မယ်။ လောလောဆယ်မှာ မူစလင်အသိုင်းအဝိုင်းမှာ တကယ့်ကို ဆိုးဆိုးဝါးဝါးကြုံနေရတဲ့ ဒုက္ခ၊ ရခိုင်မှာ ကြုံနေရတဲ့ဒုက္ခ အဲ့ဒီ့ နှစ်ဦးနှစ်ဖက် မှာ ရှိတဲ့ စိတ်ဒဏ်ရာတွေ၊ ရုပ်ဒဏ်ရာတွေကို ဘယ်လိုကုစားမလဲဆိုတာကို ကျနော်တို့ အရင်ဆုံးဖြေရှင်းဖို့လိုတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့။ ဦးသာအေးကရောခင်ဗျာ။ ဦးသာအေးတို့ ဘယ်လို ပါတီအနေနဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ဦးဦးလှစောပြောတဲ့ ဒီပြဿနာတွေကို ပြည်သူတွေရဲ့ စိတ်ဒဏ်ရာ၊ ရုပ်ဒဏ်ရာတွေ ကို ပြေပျောက်အောင် ကုစားဖို့ ဘယ်လိုများ ဆောင်ရွက်မယ်လို့ စဉ်းစားထားပါလဲ၊ ဘယ်လိုများ ဆောင်ရွက်နေပါလဲခင်ဗျာ။

ဦးအဘူတာဟေရ်။ ။ ဟုတ်ကဲ့။ ကျနော့်အမြင်နဲ့ပြောမယ်ဆိုရင် "Sustainable solution" တခုကြည့်ရမယ်။ ရေရှည်တည်တံ့ရမယ့် အဖြေတစ်ခုရှာဖို့ လိုတယ်။ ဒုတိယတချက်ကတော့ လတ်တလော ခံစားနေရတဲ့ နှစ်ဖက်လူ့အဖွဲ့အစည်း ၊ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေကို သူတို့ကို ဘယ်လိုပြေလည်အောင် လုပ်မလဲဆိုတဲ့အပိုင်း။ နှစ်ခုစလုံးကတော့ တခုပြီးမှ တခု သွားလို့မဖြစ်ပါဘူး။ ကျနော်တို့က ပြိုင်တူသွားရမှာဖြစ်ပါတယ်။ လတ်တလော သွားရမယ့်အခြေအနေမှာ Suffering ဖြစ်နေတဲ့ IDPတွေကို Settlement ဖြစ်အောင် ဘယ်လိုလုပ်မလဲ။ Humanitarian aid တွေ ဘယ်လိုပြေလည်အောင် ဖြေရှင်းပေးမလဲ။ လတ်တလော အလုပ်အကိုင်တွေ ဘယ်လိုဖြေရှင်းပေးမလဲ။ ဒါတွေ လုပ်ဖို့လိုမယ်။

တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။