စစ်ကိုင်းမှာ ဗုံး ၂ လုံး ပေါက်

အခုရက်ပိုင်းအတွင်း ရန်ကုန်နဲ့ မန္တ္တလေးမြို့ကြီးတွေက နေရာတချို့မှာ ဗုံးတွေထပ်ပြီး တွေ့လာရသလို ဆက်တိုက်ဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေချိန်မှာပဲ စစ်ကိုင်းတိုင်း ဒေသကြီးဘက်မှာလည်း ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့တာပါ။

ဒီလို စစ်ကိုင်းမှာ ဗုံးတွေ ပေါက်ကွဲခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာ့ရုပ်မြင်သံကြားကလည်း ညနေ ၃ နာရီသတင်းမှာ အတည်ပြု ပြောဆိုပါတယ်။ ဆက်တိုက်ဆိုသလို ဗုံးလန့်တာတွေ ဖြစ်နေတဲ့အတွက် ပြည်သူတွေအကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ အင်္ဂါနေ့မနက်ခင်း ၃ နာရီဝန်းကျင်လောက်မှာ စစ်ကိုင်းတောင်ရိုးက ဆွမ်းဦးပုညရှင် စေတီတော်အနီးမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတောင်ရိုးကိုသွားတဲ့ တောင်တက်လမ်းပေါ်မှာရှိတဲ့ ရွှေပြည့်စုံ တည်းခိုခန်းမှာပါ ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရတာတွေတော့ အခုထိ မသိရသေးဘူးလို့ စစ်ကိုင်းဒေသခံက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ရွှေပြည့်စုံတည်းခိုခန်းနဲ့ ဟိုဟာပေါ့ ဆွမ်းဦးပုညရှင်စေတီလေ အဲ့ဒီမှာ နှစ်လုံးပေါက်တယ်လို့တော့ ကြားတာပဲ။ ဘာမှတော့ အထိအခိုက် မရှိဘူးလေ။ စစ်ကိုင်းမှာလေ အခါတိုင်းတော့ ဒီလိုမျိုး ဗုံးတွေဘာတွေ မကြားဖူးဘူးလေ။ ဒါကြောင့်မို့ပြောတာပေါ့ အခုကလေ ရက်က ဆက်တိုက်ကြီးဖြစ်နေတော့၊ မနေ့က မန္တလေးကွဲ၊ မန္တလေး မနေ့ကဆိုတာက နေ့ခင်းလောက် ထားလိုက်ပါတော့ အခု စစ်ကိုင်းမှာ မနက် ၃ နာရီကျမှ ဒီဗုံးပေါက်ကွဲတာလေ။ အခုကလေ နေရာတိုင်း၊ နေရာတိုင်းမှာ လိုက်ကြည့်လိုက်လို့ရှိရင် နာမည်ကြီးတဲ့ တည်းခိုခန်းတွေတို့၊ စားသောက်ဆိုင်တွေမှာချည်း လုပ်တာလေ ဒါက”

အခုလို ဗုံးပေါက်ကွဲမှုတွေနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေ ဆက်တိုက်ဆိုသလို တွေ့နေရတာကြောင့် ဒေသခံပြည်သူတွေအကြား စိုးရိမ်မှုတွေဖြစ်နေကြသလို လက်ရှိ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေး တာဝန်ယူထားတဲ့ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေမှာ အားနည်းမှုတွေ ရှိနေတယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။