ဘင်လာဒင်ကို ပစ်သတ်သူ ထုတ်ဖေါ်ပြောကြား

အိုစမာ ဘင်လာဒင်။

၂၀၁၁ ခုနှစ်တုံးက ပါကစ္စတန်နိုင်ငံမှာ ပုန်းအောင်းနေတဲ့ အယ်လ်ကိုက်ဒါး အကြမ်းဖက် အုပ်စု ခေါင်းဆောင် အိုစမာဘင်လာဒင် ရဲ့ ခြံဝန်းကို သန်းခေါင်ယံ အချိန် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာပါဝင်ခဲ့သလို ဘင်လာဒင်ကို ပစ်သတ် ခဲ့တဲ့သူဟာ သူဖြစ်ကြောင်း အမေရိကန်ရေတပ်ကွန်မန်ဒို စစ်ပြန်တယောက်က ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ နာမည်ကို ၃ နှစ်ကျော် လျှို့ဝှက်ထားခဲ့ပေမဲ့ Robert O’Neill ဆိုသူက ဘင်လာဒင်ကို သေနတ်နဲ့ သုံးချက် သူပစ်ခတ်ခဲ့တယ်လို့ အမေရိကန် သတင်းဌာနတွေကို ပြောဆိုပါတယ်။ ၂ ချက်ဟာ နှစ်ဖူးကိုထိမှန်ပြီး ၊ Abbottabad မြို့နေအိမ်အတွင်းက သူ့ရဲ့ကုတင်ရှေ့မှာ လဲကျသွားပြီးတဲ့နောက် နောက်ထပ် တချက် ထပ်ပစ်ခဲ့တယ်လို့ ပြောဆိုပါတယ်။

O’Neill က သူဟာ ဘင်လာဒင်ရဲ့ နေအိမ်ဝန်းအတွင်းကို ဝင်ရောက်ခဲ့တဲ့ NAVY SEAL Team 6 လို့ ခေါ်တဲ့ ရေတပ် အထူးကွန်မန်ဒို အုပ်စု (၆) ရဲ့ ရှေ့ဆုံးနေရာ အနီးမှာ ရှိနေကြောင်းနဲ့ ၂၀၀၁ ခုနှစ်က အမေရိကန်နိုင်ငံမှာ လူပေါင်း ၃ ထောင်လောက်ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကြီးကို ကြိုးကိုင် စီစဉ်ခဲ့သူကြီးနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်လို့ ပြောပါတယ်။

သူ့ရဲ့ ညကြည့်မျက်မှန်နဲ့ ဘင်လာဒင်မမြင်ရသေးခင် ဘင်လာဒင်ရဲ့ အခန်းကို ပထမဆုံးရောက်သွားတဲ့ ကွန်မန်ဒိုက တချက်စပြီး ပစ်ခတ်လိုက်ပေမဲ့ လွဲသွားပုံရကြောင်း O’Neil ကပြောပါတယ်။

အနည်းဆုံး SEAL ကွန်မန်ဒို ၂ ယောက်ကလည်း ဝင်ရောက်ပစ်ခတ်မှုတွေ လုပ်ခဲ့ကြောင်း အသက် ၃၈ နှစ် အရွယ် O’Neill ကပြောပါတယ်။ အဲဒီအထဲမှာ No Easy Day စာအုပ်ရေးသားတဲ့ Mark Bissonnette လည်းပါတယ်လို့ သူကပြောပါတယ်။