မြန်မာနိုင်ငံမှာ စစ်တပ်လွှမ်းမိုးမှု ကြီးမားဆဲ

၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန်အစိုးရ တက်လာကတည်းက မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ အစိုးရက ဆင်ဆာဖြတ်တောက်မှုကို လျှော့ချပေးတဲ့အပြင် နိုင်ငံရေး အကျဉ်းသားတွေကို လည်း ပြန်လွှတ်ပေးခဲ့သလို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း မြန်မာနိုင်ငံကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လို့ နိုင်ငံမှာ စစ်တပ်ရဲ့အာဏာ လွှမ်းမိုးမှုကတော့ မပြောင်းလဲဘဲ ဆက်ရှိနေတာကို တွေ့ရပါတယ်။ ၂၀၁၅ မှာ ရွေးကောက်ပွဲကို ကျင်းပဖို့ မြန်မာနိုင်ငံမှာ ပြင်ဆင်နေချိန် ပြုပြင်ပြောင်းလဲရေးတွေက စိုးရိမ်ရလောက်အောင် တန့်နေတာကို တွေ့ရတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Gabrielle Paluch ဘန်ကောက်ကနေ ပေးပို့ထားတဲ့သတင်းကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

တချိန်က ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေးမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို မြင်တွေ့နေရပါပြီ။ စီးပွားရေးအပေါ် အစိုးရရဲ့ ထိန်းချုပ်မှုကို လျှော့ချပေးတဲ့အပြင် ဘဏ်စနစ်သစ်၊ မြေယာပိုင်ဆိုင်မှု ပေါ်လစီသစ်တွေအပြင် ငွေလဲလှယ်မှုတန်ဖိုးကို အစိုးရက မသတ်မှတ်ဘဲ ဈေးကွက်ကနေ သတ်မှတ်ပေးတဲ့အခြေအနေ ရောက်နေပါပြီ။ အခုလို ခြေလှမ်းတွေကြောင့်လည်း ၂၀၁၁ ကစလို့ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံဟာ ခန့်မှန်းခြေဒေါ်လာ ၉ ဘီလီယံရှိခဲ့ပါတယ်။

ဒါပေမဲ့လို့ အခုလို အပြောင်းအလဲတွေကြောင့် စီးပွားရေးလုပ်ကိုင်ဖို့ လွယ်ကူပေမဲ့လို့လည်း စီးပွားရေးမှာရော၊ နိုင်ငံရေးမြင်ကွင်းမှာပါ စစ်တပ်ရဲ့လွှမ်းမိုးတဲ့ အခန်းကဏ္ဍကို ပြောင်းလဲနိုင်ဖို့ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးဘူးလို့ စီးပွားရေးပညာရှင် Sean Turnell က ပြောပါတယ်။

“၂၀၁၅ နောက်ပိုင်းမှာ အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲမှု ပြုလုပ်မယ်ဆိုရင် အဓိကကျတာက စစ်တပ်နဲ့ စစ်တပ်ရဲ့ လွှမ်းမိုးတဲ့ အခန်းကဏ္ဍကို ပြောင်းလဲဖို့ ပြုလုပ်မှာလားလို့ မေးစရာရှိပါတယ်။ တကယ်ဖြစ်သင့်တဲ့အတိုင်း စစ်တပ်ရဲ့ချုပ်ကိုင်မှုကို လျှော့မှာလား ဆိုတာကတော့ အရေးကြီးတဲ့ မေးခွန်းထုတ်စရာအချက် ဖြစ်ပါတယ်။”

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဦးပိုင်လီမိတက်လို အကြီးဆုံး စီးပွားရေးလုပ်ငန်းတွေနဲ့ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မျက်ရတနာတူးဖော်တဲ့ ဝင်ငွေအကောင်းဆုံး စီးပွားရေးကဏ္ဍအများစုဟာ စစ်တပ်က ချုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ စစ်တပ်ရဲ့လွှမ်းမိုးမှု ကြီးမားသလို နိုင်ငံရဲ့အာဏာ ချုပ်ကိုင်မှုကလည်း အလားတူ အနေအထားမှာ ရှိတာကို တွေ့ရပါတယ်။ လွှတ်တော်မှာ စစ်တပ်က ခန့်အပ်တဲ့ ၁ မတ်သား ကိုယ်စားလှယ်ပါရှိတဲ့အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အားလုံးကို ဗီတိုအာဏာသုံး ပယ်ချနိုင်တဲ့ အနေအထားမျိုးကို ရောက်စေတာဖြစ်ပါတယ်။

ဒါကြောင့်လည်း လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်ကြတဲ့ စစ်မှုထမ်းတွေကို အရေးယူနိုင်ဖို့က ခက်ခဲတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက Howard နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ရာမှာ လက်ရှိ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို အပါအဝင် စစ်တပ်ထိပ်တန်းအရာရှိ ၄ ဦးတို့ဟာ ၂၀၀၅ နဲ့ ၂၀၀၆ ခုနှစ်အတွင်းမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ကြတဲ့အကြောင်း စွပ်စွဲထားပါတယ်။

ရန်ကုန်ရောက် Matthew Bugher ဟာ Harvard ရဲ့ Global Justice သုတေသီတဦးဖြစ်ပါတယ်။ ဖမ်းဝရမ်းတွေထုတ်ဖို့ သက်သေအထောက်အထား အလုံအလောက်ရှိပေမဲ့ အရေးယူခြင်းမရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

“စစ်တပ်က ပြတ်ပြတ်သားသား ပြောခဲ့ပြီးပါပြီ။ စစ်တပ်က ကျူးလွန်တဲ့ ချိုးဖောက်မှုတွေကို အရေးယူဖို့ ငြင်းဆိုနေပြီး အရေးယူဖို့ တောင်းဆိုခဲ့ကြသူတွေကိုလည်း ခြိမ်းခြောက်ခဲ့ကြပါတယ်။ အစိုးရအတွင်း ပြုပြင်ပြောင်းလဲရေး လိုလားကြသူတွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကလည်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းအရေးယူနိုင်ဖို့အတွက် အခိုင်အမာ ရပ်တည် တောင်းဆိုပေးခဲ့တာမျိုး ကျနော်တို့ မတွေ့ရပါဘူး။ တချိန်တည်းမှာပဲ တပ်တွင်း လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ရာထူးတိုးပေးပြီးတော့ အရေးပါတဲ့ နေရာတွေမှာ တာဝန်ပေးထားတာကို တွေ့ရပါတယ်။”

ဒါကြောင့်လည်း အရပ်ဘက်က ကြီးစိုးတဲ့ တရားရေးစနစ် မကျင့်သုံးနိုင်သ၍တော့ စစ်တပ်ထိပ်တန်းအရာရှိတွေကို သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အရေးယူနိုင်မှာ မဟုတ်သလို စစ်တပ်ကလည်း ဆက်ပြီး ဒီလိုပြစ်မှုတွေကို ကျူးလွန်နေမှာဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

“ကျနော်တို့ မြင်တွေ့နေရတာကတော့ မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေဖြစ်တဲ့ တွင်းထွက်သယံဇာတတွေ ရှိတဲ့နေရာမှာ ဒေသအုပ်ချုပ်ရေးကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဥပမာ - ကျောက်စိမ်းထွက်တဲ့ ဖားကန့်ဒေသမှာ စစ်တပ်က ဒေသခံအစိုးရကိုရော တရားရေးစနစ်ကိုပါ ထိန်းချုပ်ထားတာ တွေ့ရပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေး ပီပြင်ဖို့ဆိုတာထက် သူတို့ရဲ့ အကျိုးစီးပွား ကာကွယ်ဖို့ကို ပိုပြီးတော့ လုပ်ဆောင်နေတာ တွေ့ရပါတယ်။”

၁၀ စုနှစ်ပေါင်းများစွာ နှိပ်ကွပ်ခံခဲ့ရတဲ့ မြန်မာ့အတိုက်အခံ နိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော်မှာ အမတ်နေရာတွေ အနိုင်ရရှိခဲ့ပေမဲ့ စစ်တပ်ရဲ့လွှမ်းမိုးမှုကို လျော့ကျသွားအောင် လုပ်နိုင်စွမ်းမရှိခဲ့ပါဘူး။ အထူးသဖြင့် စစ်တပ်က ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အရေးယူနိုင်ဖို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝိုင်းဝန်းတောင်းဆိုကြပေမဲ့လို့လည်း သူမအနေနဲ့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ အခုလို စစ်တပ်အပေါ် ဝေဖန်မှုတွေကို တုံ့ပြန်ရာမှာ မြန်မာစစ်ဗိုလ်ချုပ်တွေက နိုင်ငံ့ရဲ့တချို့ဒေသတွေမှာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေတဲ့အတွက် စစ်တပ်အနေနဲ့ စစ်တပ်အနေနဲ့ ဆက် အာဏာရှိဖို့ လိုအပ်တယ်လို့ ခုခံပြောဆိုကြပါတယ်။ လွှတ်တော်မှာ စစ်တပ်ရဲ့လွှမ်းမိုးမှု ကြီးမားတဲ့အတွက်လည်း မြန်မာနိုင်ငံရဲ့ အသုံးစရိတ် ၂၃ ဒဿမ ၂ ရာခိုင်နှုန်းကို စစ်အသုံးစရိတ်အတွက် လျာထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးစရိတ်ဟာ ဒေသန္တရမှာ အမြင့်ဆုံးဖြစ်ပြီး၊ စစ်တပ်က တိုင်းရင်းသားတွေနဲ့ ဆက်လက်တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အခုလို စစ်အသုံးစရိတ် လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ကို နိုင်ငံရဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အုပ်ချုပ်ပြီး ဘတ်ဂျက်ကိုလည်း သတ်မှတ်ပေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း ပြည်ပရှိ အကဲခတ်တွေကတော့ လက်ရှိ တိုင်းရင်းဒေသတွေမှာ ဆူပူမှုတွေ ဆက်ဖြစ်နေတာဟာ စစ်တပ်ရဲ့ စီးပွားရေးုလုပ်ငန်းကြီးတွေကြောင့် တစိတ်တပိုင်းဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ သဘာဝသယံဇာတတွေ ရှိတဲ့အတွက်ကြောင့်လည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကြန့်ကြာနေပြီး အစိုးရရော စစ်တပ်အပေါ်မှာ ယုံကြည်မှုတွေ လျော့နည်းလာတယ်လို့ Harvard သုတေသီ Matthew Bugher က ပြောပါတယ်။

ပြီးခဲ့တဲ့လက ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပပြီး တရက်အကြာမှာပဲ မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကချင်ပြည်နယ် လိုင်ဇာမှာ တိုင်းရင်းလက်နက်ကိုင်တပ်သား ၂၇ ဦး ကျဆုံးခဲ့တာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရအနေနဲ့ ၂၀၁၅ နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်သဘောတူညီမှု ရရှိလိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ လျှော့ချနိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက လွှတ်တော်အစည်းအဝေးပွဲမှာတော့ ၂၀၁၅ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ မဖြစ်နိုင်တဲ့အကြောင်း စစ်တပ်ကိုယ်စားလှယ်တွေက သဘောထား ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။