Cardinal ဘုန်းတော်ကြီးသစ်တွေကို ရဟန်းမင်းကြီး တရားဝင်ခန့်ထား

ဗာတီကန်ကိုရောက်လာတဲ့ Cardinal ဘုန်းတော်ကြီးသစ်တွေကို တွေ့ဆုံနှုတ်ဆက်နေတဲ့ ပုပ်ဖရန်စစ် (၀၂-၁၄-၁၅)

မြန်မာနိုင်ငံက အပါအဝင် ပုပ်ရဟန်းမင်းကြီး Francis ရွေးချယ်ထားတဲ့ Cardinal ရဟန်းမင်းအမတ်သစ် အပါး ၂၀ ကို ဒီကနေ့
တရားဝင်ခန့်အပ်လိုက်ပါပြီ။

Vatican က St. Peter’s Basilica ဘုရားကျောင်းထဲမှာ ဒီကနေ့ ကျင်းပတဲ့အခမ်းအနားမှာ မြန်မာနိုင်ငံအတွက် Cardinal ရဟန်းမင်း အမတ် Charles
မောင်ဘိုအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံက Cardinal ဘုန်းတော်ကြီးသစ်တွေကို ပုပ်ရဟန်းမင်းကြီး Francis ကိုယ်တိုင် တင်မြှောက် ခန့်အပ်ခဲ့တာပါ။ မနာလို ဝန်တိုစိတ်၊ ဒေါသနဲ့ ဂုဏ်ယူဝံ့ကြားမှုဆိုတာကို ဘုန်းတော်ကြီးတွေတောင်မှ ရှောင်လွဲနိုင်ဖို့ ခက်ခဲတာမို့ ဒါတွေနောက်ကို မလိုက်မိကြဖို့ ပုပ်ရဟန်းကြီးက Cardinal သစ်တွေကို တိုက်တွန်းခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်တွေတုန်းကလည်း Cardinal ရဟန်းမင်းအမတ်သစ်အားလုံးနဲ့ ပုပ်ရဟန်းမင်းကြီး Francis တွေ့ဆုံပြီး Vatican
အုပ်ချုပ်ရေးအဖွဲ့ Roman Curia အတွင်း ပြုပြင်ပြောင်းလဲဖို့ ဆွေးနွေးခဲ့ကြပါတယ်။ Vatican အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ လုံးဝပွင့်လင်းမြင်သာမှုရှိရမယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားသွားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့ ၂၀၁၃ ခုနှစ် မတ်လမှာ Roman Catholic အသင်းတော်ကို စတင်ဦးဆောင်ခဲ့ပြီးတဲ့နောက် Vatican အုပ်ချုပ်ရေးအဖွဲ့ အတွင်းမှာ ရှိနေတဲ့ အဂတိလိုက်စားမှုအပြင် တခြားပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ Cardinal ဘုန်းတော်ကြီးတွေကိုလည်း ဖွံဖြိုးဆဲ နိုင်ငံတွေအပါအဝင် ကမ္ဘာ့တိုက်ကြီး အားလုံးထဲက နိုင်ငံအစုံကနေ ရွေးချယ်ခဲ့တာပါ။ ပုပ်ရဟန်းမင်းကြီးပြီးရင် Cardinal ရဟန်းမင်းအမတ်တွေဟာ အသင်းတော်မှာ သြဇာအရှိဆုံးဖြစ်ပါတယ်။

အခု အသစ်ခန့်အပ်ခံရတဲ့ Cardinal အပါး ၂၀ ထဲမှာ ဘုန်းတော်ကြီး ချားလ်မောင်ဘိုအပါအဝင် ၁၅ ပါးဟာ အသက် ၈၀ အောက်တွေဖြစ်တာမို့ ပုပ်ရဟန်းမင်းကြီးသစ်ကို မဲပေးရွေးချယ်ပိုင်ခွင့်ရကြမှာဖြစ်ပါတယ်ရှင်။