ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းသစ် တိုင်ပင်ညှိနှိုင်းမှု လိုအပ်

စီမံကိန်းနယ်မြေတွင်း လယ်ယာမြေသိမ်းခံရတဲ့ လယ်သမားများ ဆန္ဒပြနေစဉ်။

အစိုးရက အသစ် ပြန်ရေးဆွဲတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေမူကြမ်းကို လွတ်တော်ကို ပေးပို့ အတည်ပြုချက် မရယူခင်မှာ ဒီဥပဒေမူကြမ်းနဲ့ ပါတ်သတ်လို့ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေ၊ လူထု လူတန်းစား အလွှာအသီးသီးကလူတွေနဲ့ ညှိနှိုင်းအကြံဉာဏ်ယူသင့်တယ်လို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီး က ပြောဆို လိုက်ပါတယ်။ ဒီဥပဒေဟာ လူ့အခွင့်အရေးအခြေအနေနဲ့ သဘာဝပါတ်ဝန်းကျင် အပေါ် အကြီးအကျယ် ရိုက်ခတ်မှုရှိနိုင်တာကြောင့် လူမှုအဖွဲ့အစည်းတွေကြား စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်နေတာပါ။ ဒီအကြောင်း HRW အဖွဲ့ကို ဆက်သွယ်မေးမြန်းပြီး ကိုအောင်အောင်က တင်ပြထားပါတယ်ခင်ဗျာ။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပါတ်သတ်ပြီး အကြံဉာဏ်ပေးဖို့ အစိုးရက နောက်ဆုံးရက် သတ်မှတ်ထားတဲ့ ဒီကနေ့ မတ်လ ၂၆ ရက်နေ့မှာပဲ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ဒီရက်ကို ထပ်တိုးပြီး ဒေသခံ အလွှာပေါင်းစုံက လူထုတွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး အကြံဉာဏ် ရယူဖို့ အခုလို တိုက်တွန်းလိုက်တာပါ။ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ သုတေသနပညာရှင် David Mathison က ဒီဥပဒေမူကြမ်းမှာ အငြင်းပါွးစရာ အချက်အလက်တွေ ပါဝင်နေတာကြောင့် အခုလို့ အချိန်ထပ်တိုးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ ဆိုပါတယ်။

"တခြားဥပဒေတွေကို အတည်ပြုသတ်မှတ်ဖို့ဆိုလျင်လည်း အလွှာပေါင်းစုံက လူတွေရဲ့ အကြံဉာဏ်တွေကို လနဲ့ချီ အချိန်ယူပြီး ဆွေးနွေးခဲ့တာတွေရှိတာကြောင့် ဒီရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဥပဒေမူကြမ်းအတွက် အကြံဉာဏ်ယူဖို့ နောက်ထပ် အချိန် ထပ်တိုးပေးဖို့ဟာလည်း အစိုးရအတွက် ဘာမှအခက်အခဲ မရှိဘူးလို့ ထင်ပါတယ်။ နေပြည်တော်နဲ့ ရန်ကုန်က လူတချို့ဆီကသာ အကြံဉာဏ် ယူတာမျိုး မဟုတ်ပဲနဲ့ အလွှာပေါင်းစုံကလူတွေနဲ့ ဆွေးနွေးဖို့လိုပါတယ်။ အဲဒီလိုမှ မဟုတ်လျင် မြန်မြန်ဆန်ဆန် ထွက်လာတဲ့ ဒီဥပဒေကို လက်ခံဘို့ ဆန့်ကျင် တာတွေကို ကြုံရနိုင်ပြီး ဘယ်သူ့အတွက်မှလည်း ကောင်းမှာမဟုတ်ပါဘူး။"

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေကစလို့ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတယ်ဆိုပြီး နိုင်ငံတကာ စီးပွါးရေး လုပ်ငန်းရှင် အများအပြားလည်း မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီအထဲမှာ ထားဝယ် အထူးစီးပါွးရေး ဇုံ စီမံကိန်းလည်း ပါဝင်ပြီး ဒီစီမံကိန်း စတင်ကတည်းက ဒေသခံတွေရဲ့ အိုးအိမ်ခြံမြေတွေကို သိမ်းယူတာတွေ၊ သဘာ၀ ပါတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုရှိခဲ့တယ် ဆိုပြီး ကန့်ကွက်မှုတွေ ရှိခဲ့တာပါ။ အခု ဒီ ရင်းနှီးမြပ်နှံမှုဆိုင်ရာ ဥပဒေကြမ်းဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကြောင့် နစ်နာဆုံးရှုံးခဲ့သူတွေရဲ့ အကျိူးစီးပွါးကို အပြည့်အ၀ အကာအကွယ်မပေးဘူးလို့ David က အခုလို ဆက်ပြောပါတယ်။

"ထားဝယ်အထူးစီးပါွးရေးဇုံ စီမံကိန်းလိုမျိုး၊ နောက် ရခိုင်ပြည်နယ်က ကျောက်ဖြူ စီမံကိန်းနဲ့ တခြားနေရာတွေမှာ ဆိုလျင်လည်း အစိုးရက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေအတွက် အလွန်လွယ်ကူအောင် လုပ်ထားပြီး ဒေသခံ မြန်မာနိုင်ငံသားတွေ အတွက်တော့ သိပ်ပြီး ကြည့်ပေးတာမျိုး မရှိပါဘူး ။ မတ်လ ၂၆ ရက်နေ့စွဲ နဲ့ ထုတ်ပြန်တဲ့ HRW အဖွဲ့ကြီးရဲ့ ကြေညာချက်ထဲမှာ အတည်ပြုဖို့ ရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကြောင့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိလာနိုင်တာကို လူမှုအဖွဲ့အစည်းတွေက စိုးရိမ်ကြောင်း ပြောဆိုတယ် ဆိုပြီးတော့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။"

ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေး ကော်ပိုရေးရှင်း (IFC) တို့ရဲ့ အကူအညီကို ရယူကာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကို ပေါင်းပြီး ဒီရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို မြန်မာအစိုးရ က ပြန်လည် ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အကြံဉာဏ်ရယူဖို့ သတ်မှတ်ထားတဲ့ ရက်ကို မြန်မာအစိုးရအနေနဲ့ ထပ်တိုးပေးအောင် ဖိအားပေးဖို့ကိုလည်း HRW အဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။