ဂရိအကြွေးလျှော်ရေး ဂျာမနီပယ်ချ

ဂျာမန်ဝန်ကြီးချုပ် Angela Merkel (ဝဲ)

ဂရိနိုင်ငံကတင်ထားတဲ့အကြွေးတချို့ကို လျှော်ပေးဖို့ တင်ပြထားတဲ့အဆိုပြုချက်တွေကို ဂျာမနီဝန်ကြီးချုပ် Angela Merkel က ထပ်မံပယ်ချ
လိုက်ပါတယ်။ ဒါပေမယ့် ဂရိစီးပွားရေးကို ကျားကန်ပေးတဲ့အနေနဲ့ နိုင်ငံတကာထုတ်ချေးထားတဲ့ငွေတွေကို ဂရိအစိုးရက ဘယ်လိုပြန်ဆပ်မှာလဲဆိုတဲ့
ဆွေးနွေးပွဲတွေကျရင်တော့ ဂျာမနီအစိုးရဘက်က လိုက်လျောညီထွေရှိမှုကို ပြသမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။

ယူရိုငွေကြေးသုံးစွဲတဲ့ ၁၉ နိုင်ငံအုပ်စုကနေ ဂရိနိုင်ငံထွက်သွားအောင် အတင်းလုပ်မှာ မဟုတ်ဘူးလို့လည်း German ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ
ဝန်ကြီးချုပ် Merkel ကပြောကြားပါတယ်။ ယူရိုဇုန်ထဲကနေ ဂရိနိုင်ငံ ယာယီထွက်သွားတယ်ဆိုရင် ကြိုတင်ခန့်မှန်းလို့ရနိုင်တဲ့ ဖရိုဖရဲ အခြေအနေ ရောက်သွားမယ်လို့ ဂျာမနီလွှတ်တော်အမတ်တွေကို သောကြာနေ့ကပဲ သူက ပြောခဲ့ပါသေးတယ်။

ဂရိနိုင်ငံမှာ သီတင်းသုံးပတ်ပိတ်ထားရတဲ့ဘဏ်တွေ တနင်္လာနေ့မှာ အကန့်အသတ်နဲ့ ငွေထုတ်ပေးနိုင်ရေးအတွက် ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေချိန်မှာ
ဂျာမနီဝန်ကြီးချုပ်က အခုလိုပြောဆိုလိုက်တာပါ။

အသစ်ချမှတ်လိုက်တဲ့ ထိန်းချုပ်မှုအရ ပြည်ပကို ငွေကြေးလွှဲပြောင်းမှုကိုပိတ်ပင်ထားပြီး ဘဏ်စာရင်းဖွင့်ထားသူတဦးအနေနဲ့ အရင်က တရက်ကို ၆၅ ဒေါ်လာငွေထုတ်ခွင့် ကန့်သတ်ထားရာကနေ တဦးကို တပတ်ကို ၄၅၅ ဒေါ်လာအထိ ငွေထုတ်ယူခွင့် ပေးမှာ ဖြစ်ပါတယ်။

ဒီလို ကန့်သတ်မှုနဲ့ပတ်သက်ပြီး ဒါဟာ တကယ်တော့ ပုံမှန်မဟုတ်သေးဘဲ အမြန်ဆုံးဆွေးနွေးမှုတွေတော့ လုပ်ရလိမ့်မယ်လို့ Ms. Merkel က ARD
ဂျာမန်ရုပ်သံဌာနကိုပြောပါတယ်။ အခုဆိုရင် ဂရိနိုင်ငံရဲ့ ငွေကြေးပြဿနာပြေလည်စေရေးအတွက် ဥရောပ က တတိယအကြိမ် အဖြစ် ဒေါ်လာ ၉၅ ဘီလျံ လောက် ထုတ်ချေးပေးရေးအတွက် ဆွေးနွေးပြောဆိုကြဖို့ ရှိနေပါတယ်။