Chevron ကုမ္ပဏီ မြန်မာသဘာဝ ဓာတ်ငွေ့လုပ်ကွက်တွေ ပြန် အရောင်းတင်

အမေရိကန်ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီကြီးဖြစ်တဲ့ Chevron ကော်ပိုရေရှင်း။

အမေရိကန်ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီကြီးဖြစ်တဲ့ Chevron ကော်ပိုရေရှင်း။

အမေရိကန်ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီကြီးဖြစ်တဲ့ Chevron ကော်ပိုရေရှင်းက အမေရိကန်ဒေါ်လာ (၁.၃) ဘီလီယံခန့် တန်ဖိုးရှိတဲ့ မြန်မာကမ်းရိုးတန်းရှိ သဘာဝ ဓါတ်ငွေ့ လုပ်ကွက်တွေကို အရောင်းတင်ဖို့ ကြေညာထားတယ်လို့ ဘဏ်လုပ်ငန်းနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေကို ကိုးကားပြီး ရိုက်တာ သတင်းတရပ် က ဖေါ်ပြပါတယ်။

ဒါဟာ မြန်မာ့သံယံဇာတ ထုတ်ယူမှုနဲ့ ပတ်သက်လို့ ဖက်စပ်လုပ်ကိုင်မှုမှာ တန်ဖိုး အများဆုံး ရောင်းချမယ့် ပမာဏ လည်းဖြစ် ပါတယ်။ နိုင်ငံတကာ ရေနံဈေးနှုန်းတွေ ထိုးကျခဲ့တဲ့ အတွက် ၂၀၁၅ခုနှစ်မှာ Chevron ရဲ့ဝင်ငွေဟာ (၄.၆) ဘီလီယံရှိပြီး ၂၀၁၄ခုနှစ်မှာ (၁၉.၂) ဘီလီယံရှိခဲ့တာဖြစ်ပါတယ်။ အခုလိုငွေကြေးအရှုံးပေါ်မှုကို ထိန်းနိုင်ဖို့ Chevron ရဲ့ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် အခုလိုမြန်မာဓါတ်ငွေ့ ဖက်စပ် လုပ်ကိုင်မှုကို ရောင်းချဖို့ ကြေညာခဲ့တာလို့ သိရပါတယ်။

Chevron ဘက်ကအခုလိုရောင်းချတာကို ဝယ်ယူမယ့် ကုမ္ပဏီပေါင်း ခြောက်ခုလောက် ရှိနိုင်ပြီး သြစတြေးလျရဲ့ Woodside ရေနံကုမ္ပဏီ၊ ထိုင်းရဲ့ PTTE ကုမ္ပဏီ၊ ဂျပန်ကုမ္ပဏီတွေနဲ့ တရုတ်ကုမ္ပဏီတွေ ပါဝင်နိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်နဲ့ထိုင်းနိုင်ငံကို ပို့နိုင်တဲ့ ဈေးကွက်တွေရှိခဲ့တဲ့အပြင် ပြည်တွင်း သဘာဝဓါတ်ငွေ့သုံးစွဲမှုဈေးကွက်ကလည်း တိုးလာတဲ့အတွက်ကြောင့် စီးပွားရေးအရ အောင်မြင်နိုင်မယ့် အလားအလာရှိတာကို ဒီကုမ္ပဏီတွေအနေနဲ့ နားလည် သဘောပေါက်ထားကြတယ်လို့ စင်္ကာပူအခြေစိုက် စွမ်းအင်အကြံပေး ကုမ္ပဏီ Wood Mackenzie ကပြောကြောင်း ရိုက်တာသတင်းဌာနက ကိုးကားဖေါ်ပြထားပါတယ်။

ဒီအရောင်းအဝယ် လုပ်ဆောင်မှုကို အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်တခုက တဆင့် ပြုလုပ်နေဆဲဖြစ်တဲ့အတွက်ကြောင့် လူသိထင်ရှား ထုတ်ဖေါ် ပြောကြားခြင်း မရှိသလို နှစ် (၂၀) ကြာမြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ Chevron ကလည်း ဒီအကြောင်းနဲ့ပတ်သက်လို့ ဘာမှထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။

မုတ္တမပင်လယ်မှာ ပြင်သစ်ပိုင် Total ရေနံကုမ္ပဏီက ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ ရတနာနဲ့ စိန်သဘာဝ ဓါတ်ငွေ့လုပ်ငန်းတွေမှာ Chevron ဟာ အစုရှယ်ယာ၂၈.၃% ပိုင်ဆိုင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မတ်လက Chevron အနေနဲ့ မြန်မာနိုင်ငံရှိသူရဲ့ ကုမ္ပဏီခွဲ Unocal Myamar Offshore ကုမ္ပဏီလီမိတက်က တဆင့် မြန်မာအစိုးရပိုင် MOGE ခေါ် မြန်မာ့ရေနံ နဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းနဲ့ ဖက်စပ်ပြီး ရခိုင် ကမ်းရိုးတန်းမှာ Block A5 လုပ်ကွက်မှာ ရေနံနဲ့သဘာဝဓါတ်ငွေ့ရှာဖွေဖို့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒီရေနံရှာဖွေ လုပ်ကွက်မှာ သူက ၉၉% ပိုင်ဆိုင်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က Chevron ရဲ့နေ့စဉ် သဘာဝဓါတ်ငွေ့ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့နှစ်က ဖျမ်းမျှ (၁၁၇) သန်းကုဗပေရှိခဲ့ပြီး ၂၀၁၅ခုနှစ်မှာ ကုမ္ပဏီရဲ့ သဘာဝဓါတ်ငွေ့ အထွက် (၂.၂%) ရှိခဲ့တဲ့အကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။