ဖိလစ်ပိုင် လွှတ်တော်ဟာ တနင်္လာနေ့က Rodrigo Duterte ကို (၁၆) ယောက်မြောက် ဖိလစ်ပိုင် သမ္မတအဖြစ် တရားဝင် တင်မြှောက်ကြောင်း ကြေငြာလိုက်ပါတယ်။ Rodrigo Duterte ဟာ သမ္မတအဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး ရှေ့လမှာ ရာထူးက ဆင်းတော့မယ့် Benigno Aquino နေရာကို ဆက်ခံမှာ ဖြစ်ပါတယ်။
“ဖိလစ်ပိုင် လွှတ်တော် ဥက္ကဌ Franklin Drilon က Rodrigo Duterte နဲ့ Maria Leonor Gerona Robredo တို့ကို ဖိလစ်ပိုင် သမ္မတ နိုင်ငံရဲ့ သမ္မတ နဲ့ ဒုသမ္မတ အဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြောင်း” ပြောသွားတာပါ။
စကားကို တင်းတင်းမာမာ ပြောတတ်တဲ့ Rodrigo Duterte ဟာ နိုင်ငံ တောင်ပိုင်းက Davao မြို့က မြို့တော်ဝန်ဖြစ်ပြီး၊ ရွေးကောက်ပွဲမှာ ရာဇဝတ်မှု လျော့ချရေး ကိစ္စတစ်ခုတည်းကို စူးစိုက်ပြီး မဲဆွယ်စည်းရုံးခဲ့တာပါ။
ခုအချိန်မှာတော့ အခြေခံ အဆေက်အဦးတွေ ပြုပြင်ဖို့၊ အလုပ်အကိုင် ဖန်တီးဖို့နဲ့ နိုင်ငံလူဦးရေ သန်း ၁၀၀ ရဲ့ လေးပုံတစ်ပုံလောက်ကို ဆင်းရဲမွဲတေမှုက လွတ်မြောက်အောင် လုပ်ပေးဖို့ စတဲ့ ကြီးမားတဲ့ တာဝန်တွေကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
မေလ ၂၄ ရက်မှာ စတင်ခဲ့တဲ့ မဲပေးရွေးခြယ်မှုတွေကို သုံရက်ကြာ စစ်ဆေးမှုတွေ ပြီးတဲ့နောက် ဥပဒေပြုအမတ်တွေ ပါဝင်တဲ့ ပူးတွဲ ကော်မတီက နောက်ဆုံး ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာ နိုင်ခဲ့တဲ့အတွက် ဖိလစ်ပိုင်ရဲ့ သမိုင်းမှာ အမြန်ဆန်ဆုံး ဖြစ်ခဲ့တာပါ။
Duterte ဟာ Davaos မြို့မှာ မှုခင်းနှိမ်နှင်းရာမှာ အောင်မြင်မှုကြောင့် မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ပြီး၊ မဲဆန္ဒရှင် ၄၄ သန်း ရဲ့ ၄၀ ရာခိုင်နှုန်း နီးပါးရခဲ့ပေမယ့်၊ သူ့ရဲ့ မူဝါဒတွေဟာ လူ့အခွင့်အရေး လှုပ်ရှား သူတွေအကြားမှာ မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပါတယ်။
Duterte ဟာ ရာဇဝတ်မှု ကျူးလွန်သူတွေကို လူအုပ်စုဖွဲ့ သတ်ဖြတ် အပြစ်ပေးတဲ့ ဖြစ်ရပ်အမျးအပြားကို ခွင့်ပြုထားခဲ့တယ်လို့ ဝေဖန်ခံနေရပြီး၊ သူသမ္မတ ဖြစ်လာရင် ဒီလို ဖြစ်ရပ်တွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာမှာကို ဝေဖန်သူတွေက စိုးရိမ်နေကြပါတယ်။သူကတော့ ဒီလို သတ်ဖြတ်မှုတွေကို အမိန့်ပေးခဲ့တာကို ငြင်းဆန်းထားပေမယ့်၊ မရှုံ့ချခဲ့ပါဘူး။
Duterte ဟာ ဂျွန်လ ၃၀ ရက်မှာ သမ္မတတာဝန်ကို စတင် ထမ်းဆောင်မှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5