မတည်မငြိမ် အခြေအနေတွေနဲ့ ကြုံနေရတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး မေးမြန်းမှုတွေကို ဖြေကြားခဲ့တဲ့ အစ္စလာမ် ဘာသာဝင် အမျိုးသားတဦး အသတ်ခံခဲ့ရပါတယ်။ သေဆုံးသူရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က အမှုကိုစတင်စုံစမ်း စစ်ဆေးနေပြီလို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခ က ပြောပြပေးမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသကို ပထမဆုံးအကြိမ် သွားရောက်ခွင့် ရခဲ့တဲ့ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုတွေ ကို ဖြေကြားပေးခဲ့ပြီး ပျောက်ဆုံးနေ တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ မူဆလင်အမျိုးသားတဦးရဲ့ အလောင်းကို အခုနောက်ဆုံး တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဒိုးတန်းရွာနဲ့ ငါးခူရရွာကြား၊ စပါယ်ပင်ရင်းချောင်းအနီးက လယ်ကွင်းစပ် မှာ သွေးကွက်တွေတွေ့တဲ့အတွက် ရဲတပ်ဖွဲ့က ဆက်လက် ရှာဖွေခဲ့ကြပြီး ဒီနေ့ နေ့လယ်ပိုင်းမှာ ရှူနာမျာရဲ့ အလောင်းကို စံပါယ်ပင်ရင်းချောင်းထဲမှာ ဦးခေါင်း မပါဘဲ ပြန်လည်တွေ့ရှိခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
မောင်တောမြို့နယ် ငါးခူရကျေးရွာက မူဆလင်အမျိုးသားရဲ့ အလောင်းကို တွေ့ရှိခဲ့တဲ့ အတွက် လူသတ်မှုနဲ့ အမှုဖွင့်ပြီး စုံစမ်းမှုတွေ စတင်မှာ ဖြစ်တဲ့အကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က ရဲမှူးကြီး သက်နိုင်က ပြောပါတယ်။
" လူပျောက်သွားတယ်ဆိုပြီး ကျနော်တို့ လူပျောက်ဖွင့် ထားတယ် ဆိုပြီး ပြောတယ်နော်။ အဲ့တာ အလောင်းတွေ့ပြီ အလောင်းတွေ့တယ် ဆိုပြီးတော့ Report တက်လာတယ်။ အလောင်းက မနေ့က သွေးကွက်တွေ့တယ်ဆိုတဲ့ နေရာနဲ့ မီတာ ၂၀၀ လောက်အကွာ ချောင်းအစပ်မှာ လို့ ပြောတယ်။ ခေါင်းမပါဘူး တဲ့ ခေါင်းမပါဘူး ဆိုတော့ ကျနော်တို့က လူသတ်မှုပြောင်းပြီး အမှုဖွင့်မှာပေါ့။"
အသတ်ခံရသူဟာ မောင်တောမြို့နယ် မြောက်ပိုင်းကို ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ ရောက်ရှိနေစဉ်၊ ဗုဒဟူးနေ့က တွေ့ဆုံဖြေကြားခဲ့တဲ့ ငါးခူရကျေးရွာနေ ဒုစ်မာ မက်(ခ) ရှူနာမျာ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
ခုချိန်ထိတော့ သတ်ဖြတ်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာ မသိရသေးပေမဲ့ မြန်မာ အာဏာပိုင်တွေကတော့ မောင်တောဒေသမှာ အောက်တိုဘာလထဲ ရဲကင်းစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက် လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်သူတွေ လက်ချက်ဖြစ်မယ်လို့ သံသယရှိနေကြပါတယ်။
တချိန်တည်းမှာပဲ မောင်တောဒေသမှာ နယ်မြေစိုးမိုးရေးအတွက် စစ်ဆင်ရေးတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲနေသူတွေကတော့၊ လုံခြုံရေးတပ်ဖွဲ့တွေ၊ ဒါမှမဟုတ် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေ လက်ချက်လို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။
ပထမဆုံးအကြိမ် သတင်းသမားတွေ သွားရောက်ခဲ့တဲ့ ခရီးစဉ်ကို ဦးဆောင်ခဲ့တဲ့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက အထွေထွေမန်နေဂျာ ဦးရဲနိုင်ကတော့ မီဒီယာသမားတွေ အနေနဲ့ လွတ်လွတ်လပ်လပ် သတင်းယူခွင့်၊ မေးမြန်းခွင့် ရှိပေမဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့ ဒေသခံတွေ အပေါ်မှာတော့ ခြိမ်းခြောက်နှောက်ယှက်မှု တချို့ ရှိတာကို တွေ့ခဲ့ရတယ်လို့လည်း ပြောပါတယ်။
" ကျနော်တို့က အဲ့ဒီ့မှာကျတော့ အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရတာဖြစ်တဲ့အတွက် ဘယ်လိုလဲပေါ့နော်။ ဖြစ်ပွားစဉ်မှာ ဘယ်လိုရှိလဲ။ အဲတ့ာမျိုးတွေ ကျနော်တို့ မေးဖြစ်တာဗျ။ အဲ့ဒီ့သတင်းအဖွဲ့တွေကို သူတို့ဘက်ကကို လိုလိုလားလား လာဖြေတာဗျ။ ကျနော်တို့က ဘယ်သူဖြေပါ ဘယ်ဝါဖြေပါ လုပ်ထားတာ မရှိဘူး။ ဖြေတဲ့အချိန်မှာ မေးခွန်းပဲ သူမဖြေချင် တာမျိုးတို့ ခြိမ်းခြောက်ဖြေ တာတွေ ကျနော်တို့ မတွေ့ရဘူးဗျ။ အဲ့တာမျိုး မေးမြန်းတဲ့အခါမှာ တချို့ သတင်းမှန်ရသွားမှာကို စိုးရိမ်တဲ့ အဖွဲ့ကတော့ ကျနော်တို့ မေးပြီးနောက်ပိုင်းမှာ ကာယကံရှင်ကိုဖြစ်စေ ကာယကံရှင်နဲ့ ပတ်သက်တဲ့ မိသားစုကိုဖြစ်စေ ခြိမ်းခြောက်တာမျိုး ရှိတော့ နည်းနည်း မေးဖို့ခက်သွားတာလေးတွေရှိပါတယ်။"
မောင်တောဒေသမှာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ မီးရှို့တာတွေ၊ အဓမ္မပြုကျင့်တာတွေလို ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် နိုင်ငံတကာက အကဲခတ်တွေ၊ သတင်းမီဒီယာတွေ လွတ်လပ်စွာ သွားရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ဖိအားပေး တောင်းဆိုမှုတွေကြားမှာပဲ၊ မြန်မာအာဏာပိုင်တွေက သတင်းသမားတချို့ကို သွားရောက်သတင်းယူခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5