ကန်အမျိုးသားလုံခြုံရေးအကြံပေး ကမ်းလှမ်းချက် ရေတပ် ဒု-ဗိုလ်ချုပ်ကြီး Harward ငြင်းဆန်

ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး Robert Harward ။

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်အဖြစ်လုပ်ဖို့ သမ္မတ Donald Trump က ကမ်းလှမ်းတာကို ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး Robert Harward က ငြင်းလိုက်ပါတယ်။ ဒီသီတင်းပတ်အစောပိုင်းက နှုတ်ထွက်သွားတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး Michael Flynn နေရာမှာ အစားထိုးဖို့ အခုလိုကမ်းလှမ်းတာပါ။

အသက် ၆၀ အရွယ် ဒုဗိုလ်ချုပ်ကြီး Harward ဟာ ရေတပ် SEAL အထူးတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး Farsi ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြော တတ်ပြီးတော့ စစ်တပ်ကနေ ၂၀၁၃ ခုနှစ်က အငြိမ်းစားယူထားတာပါ။ လက်ရှိမှာ သူဟာ စစ်လက်နက် နဲ့ လေကြောင်းဆိုင်ရာ ပစ္စည်းကိရိယာတွေ ထုတ်လုပ်တဲ့ Lockheed Martin ကုမ္ပဏီမှာ အကြီးတန်းတာဝန်ရှိသူတဦးအဖြစ် လုပ်ကိုင်နေပြီး အဓိကအားဖြင့် အာရပ်ဘ်စော်ဘွားများပြည်ထောင်စု UAE နဲ့ဆိုင်တဲ့လုပ်ငန်းပိုင်းကို တာဝန်ယူရပါတယ်။

နိုင်ငံတော်လုံခြုံရေးဆိုင်ရာ တာဝန်ယူလုပ်ဆောင်ကြရတဲ့ လုပ်ငန်းအသိုင်းအဝိုင်းမှာ မစ္စတာ Harward ကို အထူးလေးစားကြပါ တယ်။ ဒါ့အပြင် သူဟာ လက်ရှိ ကာကွယ်ရေးဝန်ကြီး James Mattis နဲ့လဲ နီးစပ်တဲ့ဆက်ဆံရေးရှိပါတယ်။ အရှေ့အလယ်ပိုင်းက အမေရိကန်တပ်ဖွဲ့တွေကို ကြီးကြပ်ရတဲ့ ကမ္ဘာ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန်စစ်ဌာနချုပ် CentCom ရဲ့ ဒုတိယတပ်မှူး အဖြစ် မစ္စတာ Harward တာဝန်ထမ်းဆောင်ချိန်က သူတို့နှစ်ဦး အတူတာဝန်ကျခဲ့တာပါ။

သမ္မတ ဂျော့ဂျ် ဒဗလျူ ဘုရှ်လက်ထက်တုန်းက အမျိုးသားလုံခြုံရေးကောင်စီမှာ တာဝန်ထမ်းဆောင်ဖူးပြီး အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေးပိုင်းကို အဓိကတာဝန်ယူခဲ့ရပါတယ်။ ဒီအလုပ်ဟာ ၂၄ နာရီအပြည့် သီတင်းတပတ်လုံး တာဝန်ယူ လုပ်ဆောင် ရတဲ့အလုပ်မျိုးဖြစ်ပြီး ကျနော့်အနေနဲ့ လက်ရှိမှာ အဲဒီလိုမလုပ်နိုင်ပါဘူးလို့ ထုတ်ပြန်ချက်တခုမှာ Harward ကပြောထားပါတယ်။

Your browser doesn’t support HTML5

ကန်အမျိုးသားလုံခြုံရေးအကြံပေး ကမ်းလှမ်းချက် ရေတပ် ဒု-ဗိုလ်ချုပ်ကြီး Harward ငြင်းဆန်