မြန်မာအမျိုးသမီး ဘောလုံးအသင်း ဆီးရီးယားကို ၁၄ဂိုး ဂိုးမရှိနဲ့နိုင်

မြန်မာအမျိုးသမီး ဘောလုံးအသင်း ဆီးရီးယားကို ၁၄ဂိုး ဂိုးမရှိနဲ့နိုင်။

၂၀၁၈ ခုနှစ် AFC အာရှဖလား အမျိုးသမီးဗိုလ်လုပွဲအတွက် အုပ်စုပါတ်လည်ခြေစစ်ပွဲမှာ မြန်မာအသင်းက ဆီးရီးယားအသင်းကို ၁၄ ဂိုး၊ ဂိုးမရှိနဲ့ နိုင်သွားပါတယ်။ အုပ်စု D မှာပါတဲ့ မြန်မာအသင်းအတွက် ဒုတိယမြောက်အနိုင်ရမှုဖြစ်ပါတယ်။ သောကြာနေ့က Vietnam နိုင်ငံ Hanoi မြို့တော်က Vietnam လူငယ်ဘောလုံးသင်တန်းကွင်းမှာ ကစားခဲ့ကြတဲ့ပွဲမှာ မြန်မာအမျိုးသမီးအသင်းက ပထမပိုင်း မပြီးခင်ထဲက ၇ ဂိုးသွင်းနိုင်ခဲ့တာပါ။ ပွဲတခုလုံးမှာ ဂိုးအများဆုံး သွင်းပေးခဲ့သူကတော့ အလယ်တန်းက မဝင်းသင်္ဂီထွန်းဖြစ်ပါတယ်။ သူက ပထမပိုင်းမှာ ၃ ဂိုး ဒုတိယပိုင်းမှာ ၂ ဂိုးစုစုပေါင်း ၅ ဂိုး သွင်းခဲ့တာပါ။

ရှေ့တန်းတိုက်စစ်မှူး မရီရီဦးကတော့ ၄ ဂိုး။ အလယ်တန်းက နော်အဲလိုဝါးဖောက ၃ ဂိုး။ မဖြူပွင့်ခိုင်နဲ့ မဝေဝေအောင်တို့က ၁ ဂိုးစီ သွင်းခဲ့ကြပါတယ်။ မြန်မာအသင်းမှာ ဒဏ်ရာရထားတဲ့ အသင်းသား ၂ ယောက်ကလွဲလို့ တသင်းလုံး သိပ်ကိုကြံခိုင်မှုရှိကြတယ်လို့ အသင်းနည်းပြ Roger Reijners ကပြောပါတယ်။ တနင်္ဂနွေနေ့ကျရင် စင်္ကာပူနဲ့ကစားရမယ့်ပွဲဟာ လောလောဆယ်အရေးအကြီးဖြစ်တယ်လို့လည်း သူကပြောပါတယ်။ အုပ်စု D အတွက် မြန်မာအသင်းနောက်ဆုံးကစားရမှာက Vietnam အသင်းနဲ့ဖြစ်ပါတယ်။

အဲဒါကတော့ April လ ၁၁ ရက် အင်္ဂါနေ့မှာပါ။ လောလောဆယ် စုစုပေါင်းဂိုးအရေအတွက် အများဆုံးရထားတဲ့ Vietnam အသင်းက အမှတ်ပေးဇယားမှာ ထိပ်ဆုံးမှာရှိနေပြီး မြန်မာအသင်းက ဒုတိယနေရာမှာ ရောက်နေပါတယ်။ ၂၀၁၈ ခုနှစ်မှာကျင်းပမယ့် ၁၉ ကြိမ်မြောက် AFC အာရှဖလား အမျိုးသမီးဗိုလ်လုပွဲတွေကတော့ ဂျော်ဒန်နိုင်ငံမှာကျင်းပမှာဖြစ်ပါတယ်။ ပထမပွဲစဉ်မှာတော့ မြန်မာအသင်းက အီရန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။

Your browser doesn’t support HTML5

မြန်မာအမျိုးသမီး ဘောလုံးအသင်း ဆီးရီးယားကို ၁၄ဂိုး ဂိုးမရှိနဲ့နိုင်