သီရိလင်္ကာရေပိုင်နက်ထဲ ရောက်လာတဲ့ အိန္ဒိယ ငါးဖမ်းလှေပေါ်မှာ လိုက်ပါလာသူ ၃၂ ယောက် ကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့ကြောင်း သီရိလင်္ကာ အာဏာပိုင်တွေက ပြောပါတယ်။
နိုင်ငံမြောက်ပိုင်း Jaffna ကျွန်းဆွယ်ရဲ့ Kanke santurai ကမ်းလွန်မှာ မသင်္ကာဖွယ် ငါးဖမ်းလှေပေါ်မှာ အိန္ဒိယ အမျိုးသား လှေသမား ၂ ဦးနဲ့ အတူ ရိုဟင်ဂျာအမျိုးသား ၇ ဦး အမျိုးသမီး ၇ ဦးနဲ့ ကလေးငယ် ၁၆ ဦး စုစုပေါင်း ၃၂ အယောက် ကို ဖမ်းဆီးခဲ့တယ်လို့ သီရိလင်္ကာ ရေတပ် ပြောခွင့်ရ Chaminda Walakuluge ရဲ့ ပြောကြားချက်ကို အိန္ဒိယ အခြေစိုက် PTI သတင်းမှာ ဖေါ်ပြထားပါတယ်။
ကလေးငယ်တွေထဲမှာ ၁၅ ရက်သားကလေး တဦးနဲ့ ၄ လအရွယ်ကလေးငယ်တွေပါ ပါဝင်နေတာ ဖြစ်ပြီး သူတို့ဟာ လွန်ခဲ့တဲ့ ၄ နှစ် လောက်က မြန်မာနိုင်ငံကနေ အိန္ဒိယကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ဒုက္ခသည်တွေ လို့လည်း ပြောပါတယ်။
ဖမ်းမိသူတွေကို ရေတပ်က ဒေသအာဏာပိုင်တွေကို လွှဲပြောင်းပေးခဲ့တာပါ။ စုံစမ်း စစ်ဆေးသူတွေကတော့ သူတို့ကို လှေသမားတွေက သီရိလင်္ကာနိုင်ငံထဲ တရားမဝင် ခိုးသွင်းဖို့ ကြိုးစားတာလို့ သံသယရှိနေပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်မရတဲ့ ရိုဟင်ဂျာတွေထဲမှာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံသူတွေအတွက် လွန်ခဲ့တဲ့ ၄ - ၅ နှစ်လောက်အထိ အဆင်ပြေခဲ့ပေမယ့် မကြာသေးခင်ကပဲ လင်္ကျာယိမ်း အဖွဲ့တွေက ရိုဟင်ဂျာမူစလင်တွေကို လက်မခံဖို့ လှုံ့ဆော်မှုတွေ ရှိလာခဲ့တဲ့ နောက်ပိုင်း အခက်အခဲတွေနဲ့ ကြုံလာကြရတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။
Your browser doesn’t support HTML5