ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းနဲ့ ဒေသခံတွေရဲ့ အခက်အခဲ

Your browser doesn’t support HTML5

ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းမှာရှိတဲ့ မြန်မာ-တရုတ် ရေနံ နဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း ပြီးသွားပြီဖြစ်ပြီး လုပ်ငန်းတွေ စပြီးအပြည့်အဝ လည်ပတ်လုပ်ဆောင်နေပြီ ဖြစ်ပေမယ့် စီမံကိန်းရဲ့ နောက်ဆက်တွဲ ရှင်းစရာ ပြဿနာတွေ အများကြီး ကျန်နေသေးတယ်လို့ ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်း KRDA (Kyaukpyu Rural Development Association) ကို တည်ထောင်သူတဦးက ပြောပါတယ်။ ဒေသခံတွေ ကြုံရတဲ့ အခက်အခဲတွေနဲ့ မပြီးသေးတဲ့ ပြဿနာတွေကို ဘယ်သူက ဖြေရှင်းပေးမလဲလို့လဲ သူက မေးခွန်းထုတ်ပါတယ်။ မြန်မာ-တရုတ် ရေနံ နဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကနေ ဒေသအတွက် ဘာတွေအကျိုး ခံစားနေသလဲ၊ ဘာတွေ လိုအပ်နေသလဲ၊ နောက်ထပ် အကောင်အထည်ဖော်မယ့် စီမံကိန်းတွေမှာ ဒေသအတွက် ဘာတွေ ထည့်သွင်းစဉ်းစားသင့်သလဲ စတာတွေကို KRDA ကို တည်ထောင်သူတဦးဖြစ်တဲ့ ဦးထွန်းကြည်နဲ့ ကျောက်ဖြူမြို့ခရီးစဉ်အတွင်း ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားတာကို တင်ပြထားပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကိုထွန်းကြည် ကျေးဇူးတင်ပါတယ်။ VOA ကို တွေ့ဆုံမေးမြန်းခွင့်ပြုတာ။ ဆိုတော့ ကိုထွန်းကြည်တို့ KRDA ကျောက်ဖြူဒေသ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းက ဘယ်အချိန်တုန်းက စပေါ်လာတာလဲ။

ဦးထွန်းကြည် ။ ။ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ကျောက်ဖြူဒေသ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်းကို ၂၀၁၂ ဧပြီလမှာ စပြီးတော့ ထောင်ခဲ့ကြပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဘာဖြစ်လို့ ဒီအသင်းဖွဲ့ဖို့ ဖြစ်လာတာလဲ။

ဦးထွန်းကြည် ။ ။ အဓိကတော့ ကျနော်တို့ မြန်မာနိုင်ငံကြီးက ဒီမိုကရေစီစနစ်ကို သွားနေပြီ။ အဲဒီအချိန်အခါမှာ ကျောက်ဖြူ ဂတ်စ်ပိုက်လိုင်းနဲ့ ဆက်စပ်ပြီးတော့ ဒီမှာ မြေသိမ်းယာသိမ်းမှုတွေ ရှိတယ်။ နောက်တပိုင်းက မြေယာပျက်စီးမှုတွေရှိတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ လူငယ်တွေက တက်ကြွတဲ့လူငယ်တွေ စုဝေးပြီးတော့ ဒီမြေယာအတွက် ရပ်တည်ပေးပြီးတော့ ဒေသခံတွေရဲ့ ကောင်းကျိုးအတွက် တောင်းဆိုပေးဖို့ဆိုပြီး အဓိက ရပ်တည်လာကြတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဒီမြေယာတွေသိမ်းတယ်။ လျော်ကြေးပေးတဲ့အခါမှာ သက်ဆိုင်ရာ ကုမ္ပဏီ - ဒီကိစ္စမှာဆိုရင် တရုတ်ကုမ္ပဏီ CNPC – China National Petrolium Cooperation က ထိုက်သင့်တဲ့ ဈေးကွက်ပေါက်ဈေးနဲ့ လျော်ကြေးပေးတယ်လို့ ကျနော် သိထားတယ်။ အဲဒီလျော်ကြေး အတိအကျအတိုင်း မြေယာပိုင်ရှင်တွေက မရဘူးလား။

ဦးထွန်းကြည် ။ ။ ထိုက်သင့်တဲ့ လျော်ကြေးပေးတယ်လို့ အစိုးရကလည်း ကြေညာတယ်။ ဒါပေမဲ့ ဒီမှာကျလာတော့ R1, R2, R3 တွေဆိုပြီး မြေယာကို သူတို့က အတန်းအစား (၃) မျိုး ခွဲလိုက်တယ်။ အဲဒီအပေါ် အခြေခံပြီးတော့ ပေးတယ်။ ဒါပေမဲ့ တခု ပြဿနာရှိတာက တချို့ ချမ်းသာတဲ့လူတွေရဲ့ မြေယာကို ဖြတ်တဲ့နေရာမှာဆိုရင် သိန်းထောင်ချီရတာ တွေ့တယ်။ တချို့နေရာတွေဆိုရင်တော့ ဆယ့်ငါးသိန်း၊ ဆယ့်ခြောက်သိန်းဝန်းကျင်တော့ ရကြတာပေါ့။ အဲဒီအပေါ်မှာ တချို့ဆိုရင် အခက်အခဲက ဘယ်လိုရှိသလဲဆိုတော့ ဥပမာ ဆိုပါစို့ သီးနံှပင်တပင် - သီဟိုပင်တပင်ဆိုရင် အပင်အတွက် (၅) သောင်း လျော်ပေးတယ်။ (၅) သောင်း လျော်ပေးပြီးတော့ အဲဒီအပင်ရဲ့ သီးနံှတနှစ်စာ အထွက်နှုန်းကို တွက်တာပေါ့။ ဥပမာ သီဟိုစေ့ သိန်း (၁၀၀) ထွက်တယ်။ တစ်တင်းကို ၁၅၀၀ နှုန်း ပေးတယ်ဆိုတော့ တင်း (၁၀၀) ဆိုရင် တစ်သိန်းခွဲ ဖြစ်မယ်။ အဲဒီလို သူတို့က (၅) နှစ်စာ တွက်ပြီးတော့ပေးတယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာမှ ဌာနဆိုင်ရာဘက်ကနေ ဥပမာ ၁.၅ ဆိုပြီးတော့ အမြှောက်ကနေ ပြန်ပြီးစားလိုက်တယ်။ အဲဒီငွေတွေက ဘယ်ရောက်လို့ ရောက်သွားမှန်း မသိဘူး။ တကယ်တမ်း ထွက်လာတဲ့အခါကြတော့ ဥပမာ ငှက်ပျောပင်တပင်က ငှက်ပျောသီး (၃) ခိုင် ထွက်မယ်ဆိုရင် တစ်ခိုင်ကို (၁၅၀၀) ဆိုရင် (၄၅၀၀) ရမယ်။ ဒါပေမဲ့ သူတို့က ၁.၅ ကို ဖြတ်ပြစ်လိုက်တော့ တကယ်ရလိုက်တာက သူတို့က (၃) ထောင်ပဲရတယ်၊ ၁၅၀၀ က ပျောက်သွားတဲ့ဟာမျိုး - ဒါမျိုးတွေ အများကြီးရှိတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ ကျနော် ရှင်းအောင်မေးချင်တာက တကယ့်တကယ် တရုတ်ကုမ္ပဏီ CNPC ဘက်ကနေ လျော်ကြေးကို အပြည့်အဝပေးတယ်။ တကယ် ရသင့်ရထိုက်တဲ့ လူတွေလက်ထဲကို အပြည့်အဝ ရောက်မသွားဘူး။

ဦးထွန်းကြည် ။ ။ တရုတ်ဘက်က လျော်ကြေးကို အပြည့်အဝ ပေးတယ်ဆိုတာကိုလဲ ကျနော်တို့ အာမခံချက် ပေးလို့မရဘူး။ ဒီနေ့အထိ တရုတ်ကုမ္ပဏီတွေက ဒေသခံတွေ Community နဲ့ ထိတွေ့ဆက်ဆံတာ အရမ်းနည်းတယ်။ သူတို့မှာ ပြန်ကြားရေးအတွက် သူတို့မှာ သတင်းပြန်ကြားဖို့ ရုံးလည်းမရှိဘူး။ ပြီးတော့ အခုနပြောသလို ကျောက်ဖြူမှာ ပင်လယ်ထဲက တက်လာတဲ့ ပိုက်လိုင်းစီမံကိန်း၊ ဂတ်စ် သန့်စင်စက်ရုံ ရှိတယ်။ အဲဒီကပဲ CNPC စက်ရုံက ကျနော်တို့ တွေ့ချင်တယ်ဆိုလို့ ဒီမှာ သူတို့ဘက်ကနေ တွေ့ဖို့အတွက် အရာရှိတွေ ထားမထားဘူး။ ဆိုတော့ ကျနော်တို့ တွေ့လို့ရှိရင် ဌာနဆိုင်ရာကနေတဆင့်ပဲ MOG ကို သွားတွေ့ရတာ။

ကိုကျော်ကျော်သိန်း ။ ။ စီမံကိန်းက ပြီးလို့ပဲ အခုဆိုရင် ရေနံ နဲ့ သဘာဝဓါတ်ငွေ့ကို စပို့နေပြီ။ ပို့ဖို့လုပ်နေပြီ။ ရေနံသင်္ဘောတွေလည်း ဝင်နေပြီ။ တခါ ဓါတ်ငွေ့ကလဲ Daewoo ကုမ္ပဏီကနေ CNPC စက်ရုံကနေ မေဒေးကျွန်း - အဲဒီကို ပို့တာတွေက ရှိနေပြီဆိုတော့ ဒီ စီမံကိန်းက ပြီးနေပြီပေါ့။ စပြီးတော့ လည်ပတ်တဲ့အဆင့်ကို ရောက်နေပြီပေါ့။ ဒီအဆင့်မှာ ဘာတွေဆိုးဆိုးဝါးဝါး ကိစ္စတွေ ရှိနေသေးလဲ။ မပြေလည်သေး၊ မဖြေရှင်းရသေးတာ ဘာတွေကျန်နေသေးလဲ။

ဦးထွန်းကြည် ။ ။ အများကြီး ကျန်နေသေးတယ်။ အများကြီး ကျန်နေသေးတယ်ဆိုတာက SCAGP နဲ့ SCOP ဘက်ကနေ ၂၀၁၅ မှာ သူတို့ရဲ့ Report တစောင်ထွက်တယ်။ အဲဒီမှာ သူတို့က ဘာပြောထားလဲဆိုတော့ ဒီ Gas ပိုက်လိုင်းတောက်လျှောက်ရှိ လယ်ယာမြေတွေကို ပြန်စိုက်စားလို့ရအောင် လုပ်ပေးမယ်။ ရေမြောင်းတွေ ကာပေးမယ်ဆိုတာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ တကယ်တမ်း ဖြစ်လာတဲ့အခါကြတော့ အဲဒီအတွက် သူတို့ လုပ်မပေးဘူး။ လုပ်မပေးဘူးဆိုတော့ အဲဒါကို ကျနော်တို့က လုပ်ပေးဖို့ တောင်းဆိုကြတယ်။ တောင်းဆိုကြတဲ့အခါကြတော့ ငါတို့တော့ လုပ်မပေးနိုင်တော့ဘူး။ ပိုက်ဆံပေးမယ်ဆိုပြီးတော့ တနှစ်စာ သီးနံှလျော်ကြေးရဲ့ သုံးဆနဲ့ နောက်ပိုင်းဘာပဲပျက်ပျက် ကုမ္ပဏီနဲ့ လုံးဝမဆိုင်တော့ဘူးဆိုပြီး အဲဒီလို လုပ်တာတွေရှိတယ်။ ရှိတဲ့အခါကြတော့ တချို့က အဲဒါကို ယူတာရှိတယ်။ တချို့ဆိုလို့ရှိရင် မယူသေးဘူး။ အခုဆိုရင် မလက်ကျွန်း နဲ့ ဂုံဆင်ရွာက ဒေသခံ အယောက် (၂၁) ယောက်ပိုင်တဲ့ (၁၈.၃) ဧက အဲဒါက CNPC ရုံး ဆောက်တဲ့အခါ တောင်ပေါ်က ဖြိုလိုက်တာ ဖြစ်တဲ့အတွက် အဲဒါ ပျက်ဆီးသွားတာ။ အဲဒါအတွက်ကို ဘယ်သူ လျော်ကြေးပေးမယ်ဆိုတာတောင် ကျနော်တို့ မသိဘူး။ အဲဒီလိုမျိုးတွေ ရှိတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ မြေယာကိစ္စအပြင် တခြား အခု ရေနံတင် သင်္ဘောတွေ ဝင်နေပြီ။ ရေနံတွေ သိုလှောင်ရုံအတွင်းကို ထည့်နေပြီ။ လွှတ်တော့မယ်။ အဲဒီဟာတွေကြောင့် ဒါ့အပြင် တခြားထိခိုက်ပျက်ဆီးမှုတွေ၊ ဆုံးရှုံးမှုတွေ ဘာတွေရှိတယ်ဆိုတာကို ပြောနိုင်လဲ။

ဦးထွန်းကြည် ။ ။ ဒီပိုက်လိုင်းကတော့ အခုန ဆရာတို့ ပြောသလို ထိခိုက်ထားပြီးပြီ။ လက်ရှိအချိန်မှာလဲ ကျနော်တို့ မဖြေသင့်ရတာတွေ ရှိတယ်။ အမ်းမြို့နယ်ဆိုရင် အဆိုးဆုံး အခြေအနေမှာ ရှိတယ်။ ဆိုတဲ့အခါကြတော့ ဒီအတွက်ကတော့ သိသိသာသာကြီး ကုမ္ပဏီဘက်က CSR လုပ်မပေးတာတွေ ရှိတယ်။ မြေယာလျော်ကြေးပိုင်းမှာ အစိုးရဘက်က မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ သွားနေတာတွေရှိတယ်။ ဆိုတော့ အခုဆိုရင် သင်္ဘောတွေ ဝင်လာတာ တစ်လရှိပြီ။ အခုဆိုရင် သင်္ဘော (၅) စီးမြောက် ဝင်လာပြီ။ ဝင်လာတဲ့အခါကြတော့ အဲဒီအတွက် ဒီနေ့အထိ အစိုးရဘက်က ဒီရေနံတင်သင်္ဘောဘက်က EIA Process ကို လုပ်ထားတဲ့ Report တွေကို ကျနော်တို့ မတွေ့ရဘူး။ တကယ်တော့ ဒီရေနံတင်သင်္ဘောတွေ မြစ်ထဲမှာ တခုခုဖြစ်ရင် ဘယ်သူ တာဝန်ယူပေးမလဲ ဆိုတာမျိုးတွေ။ အခုစပြီးတော့ နိုင်ငံတကာ ရေလမ်းကြောင်းဆိုပြီးတော့ သူတို့ သတ်မှတ်ထားတဲ့ မီတာ (၃၀၀) ရှိတယ်။ ပေ (၉၀၀) ကျော်။ ရေလမ်းကြောင်းကို .. အထိ သတ်မှတ်ထားတယ်။ အဲဒီမှာ လုပ်စားနေတဲ့ တပိုင်တနိုင် ငါးဖမ်းလုပ်သားတွေရဲ့ လုပ်ကွက်တွေ ပျောက်သွားတယ်။ ပျောက်သွားတဲ့အခါကြတော့ အဲဒီအတွက် ဘယ်သူက တာဝန်ယူပေးမလဲ။ သူတို့ရဲ့ မိသားစုတွေရဲ့ စားနပ်ရိက္ခာကို ဘယ်လို ဆက်ပြီးတော့ ဖြေရှင်းမလဲဆိုတာမျိုးအတွက်ကို အစိုးရမှာ ဥပဒေ၊ နည်းဥပဒေတွေ ရှိနေတာကို မတွေ့ဘူး။ ညွှန်ကြားထားတာကိုလည်း လက်ရှိမှာ မတွေ့ဘူး။ ၂၀၁၇ (၃) လပိုင်းကဆို အဲဒါကို ဖျက်ပစ်လိုက်တယ်။ ငါးဖမ်းသမားတွေ မဝင်ရတော့ဘူးဆိုပြီး ပြောလိုက်တဲ့အခါကြတော့ သူတို့ရဲ့ မိသားစုတွေ ပြဿနာတွေ အများကြီး ရှိနေတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ ကိုထွန်းကြည်တို့က ဆိုကြပါစို့ ဒီ စီမံကိန်းကိုတော့ ဘယ်လိုမှ ပျက်အောင် ဖျက်လို့မရတော့ဘူးလေ။ စီမံကိန်းကတော့ ပြီးနေပြီ။ အကောင်အထည်ဖော်နေပြီ။ စပြီးတော့ ပို့တော့မယ်။ အဲဒီအခြေအနေ ရောက်နေပြီဆိုတော့ ကိုထွန်းကြည်တို့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ KRDA အပါအဝင် အဖွဲ့အစည်းတွေ အဓိက လိုချင်တာက ဘာကိုလိုချင်တာလဲ။

ဦးထွန်းကြည် ။ ။ ကျနော်တို့တွေကတော့ အခု ဒီ စီမံကိန်းကနေ ဒီ စီမံကိန်းဆိုရင် အခု သင်္ဘောဝင်လာပြီ။ သင်္ဘော ဝင်လာပြီဆိုတော့ သူတို့အနေနဲ့ တခုခုဖြစ်ရင် ဘယ်လို လျော်ကြေးပေးမလဲ။ ဘယ်လို စီမံဖန်တီးပေးမလဲဆိုတဲ့ဟာမျိုးတွေ ရှိတယ်။ ဥပမာ ရေနံယိုဖိတ်တာ ရှိမယ်။ မီးလောင်ပြီးတော့ ပျက်ဆီးတာရှိမယ်။ ဆိုလို့ရှိရင် ဒေသခံတွေအတွက် ဘယ်လို ပြန်ပြီးတော့ ကုစားပေးမယ်ဆိုတာမျိုးတွေ။ နောက်တပိုင်းက ဒီပင်လယ်ပြင်မှာ ဒီသင်္ဘောတွေ သွားလာနေပြီဆိုရင် ဒီမြစ်ကြောင်းက ကျဉ်းကျဉ်းလေးဆိုတော့ ငါးတွေ ရှားလာမယ်။ ငါးဖမ်းလုပ်သားတွေအတွက် စားဝတ်နေရေးတွေ ကြုံလာမယ်။ ဒီအတွက်ကို ဘယ်သူက တာဝန်ယူပေးမလဲ။ သူတို့ရဲ့ စားဝတ်နေရေးအတွက် တနည်းနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားဖို့လိုမယ်။ ဒီ စီမံကိန်းကို ဖော်ဆောင်တဲ့ အစိုးရမှာ လုံးဝတာဝန်ရှိတယ်။ အစိုးရသည် ဒေသခံကို လစ်လျူရှုပြီးတော့ နိုင်ငံတော်အကျိုးစီးပွားတခုဆိုတဲ့ နိုင်ငံတော် GDP တခုတည်းကိုပဲ ကြည့်နေမယ်ဆိုရင် ဒါက ဒေသနဲ့ သဟဇာတ မဖြစ်တဲ့ စီမံကိန်းလို ဖြစ်နေမယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ အဲဒီလို အခြေအနေကို ကိုထွန်းကြည်တို့က ဒေသခံတွေအတွက် နစ်နာတဲ့လူတွေ အဆင်ပြေစေဖို့၊ ငါးဖမ်းလုပ်သားတွေ အဆင်ပြေစေဖို့ အဲဒီလို ကိစ္စတွေကို တာဝန်ရှိသူတွေနဲ့ တွေ့ပြီးတော့ မတင်ပြဘူးလား။ ဒါတွေကို ဖြေရှင်းပေးဖို့ မတောင်းဆိုဘူးလား။

ဦးထွန်းကြည် ။ ။ ကျနော်တို့ တောင်းဆိုပါတယ်။ တောက်လျှောက်ကို တောင်းဆိုလာတယ်။ ၂၀၁၂ က စပြီးတော့ ဒီပိုက်လိုင်းကိစ္စနဲ့ ပတ်သက်ပြီး တောက်လျှောက်ပြောလာတာရှိတယ်။ အခုဆိုရင် ရေနံတင်သင်္ဘောကိစ္စနဲ့ ပြောနေပြီ။ တခြားအထူးစီးပွားရေးဇုန်ကိစ္စနဲ့ ကျနော်တို့ ၂၀၁၃ ကနေ တောက်လျှောက် ဒီနေ့အထိ ဒေသခံတွေ လိုအပ်ချက်၊ ဖြည့်ဆည်းပေးရမယ့် တာဝန်တွေ၊ ပေါ်လာရမယ့် ဥပဒေတွေ၊ အာမခံချက်တွေ ပြည့်ဝတဲ့ ဥပဒေတွေ ပေါ်လာဖို့အတွက် ကျနော်တို့ မျိုးစုံသော တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတယ်။ ဒါပေမဲ့ ဒီနေ့အထိ ဖြေရှင်းမပေးသေးဘူး။

ကိုကျော်ကျော်သိန်း ။ ။ တာဝန်ရှိတဲ့သူတွေဘက်က ဘာပြောလဲ။ ကိုထွန်းကြည်တို့ တင်ပြတဲ့အခါ၊ တွေ့တဲ့အခါ၊ ဆွေးနွေးကြတဲ့အခါမှာ။

ဦးထွန်းကြည် ။ ။ သူတို့ဘက်ကတော့ ဒေသခံတွေရဲ့ အသံကို နားထောင်ပါတယ်ဆိုတဲ့ဟာမျိုးဆိုတော့ မေးခွန်းတွေ မေးတယ်။ ပြည်ထောင်စုဝန်ကြီးလာတယ်ဆိုရင် မေးခွန်းတွေ မေးပါဆိုတာပြောတယ်။ ဒါပေမဲ့ ဒီအပေါ်မှာ သူတို့ ဘာလုပ်ပေးမယ်ဆိုတာ … ဒါက ဒီမိုကရေစီစနစ်အရ ဖြေရှင်းလို့ မရဘူးလေ။ ဖြေရှင်းလို့ မရဘူးဆိုတာက တခုခု ဖြေရှင်းမယ်ဆိုရင် ဥပဒေ၊ နည်းဥပဒေတွေ လိုလာမယ်။ အဲဒီ အာမခံချက်ရှိတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေနဲ့မှ ကျနော်တို့က ယုံကြည်မှာ။ ဥပမာ ပြည်ထောင်စုဝန်ကြီးက ငါလုပ်ပေးပါမယ်ဆိုတဲ့ဟာမျိုးကတော့ ဒါက ကလေးစကားပဲ ရှိတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ ဒီ စီမံကိန်း ဒီလုပ်ငန်း ရေနံနဲ့ သဘာဝလုပ်ငန်းက အစိုးရဘက်ကလည်းပြောဆိုတာတွေ ရှိတယ် … ဒေသဖွံ့ဖြိုးရေးအတွက်၊ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ဒီဥစ္စာက အထောက်အကူတွေရှိတယ်။ ကိုထွန်းကြည်တို့ ပြောတာတွေက တဘက်မှာ နစ်နာတဲ့ဟာတွေရှိတယ်။ ဒီနှစ်ခုကို ချိန်ထိုးကြည့်ရင် အကျိုးဖြစ်တယ်ဆိုတဲ့ဟာနဲ့ နစ်နာတယ်ဆိုတဲ့ဟာ ဘယ်ဟာက ပိုပြီးတော့ အလေးသာတယ်လို့ ကိုထွန်းကြည်တို့လို အဖွဲ့အစည်းတွေက မြင်သလဲ။

ဦးထွန်းကြည် ။ ။ ဒီမှာက ကျနော်တို့ ခပ်ကြီးကြီး ပြောရမယ်ဆိုရင် အကျိုးဖြစ်တယ်ဆိုတာကို ဘာနဲ့တိုင်းတာမလဲဆိုတာ ရှိတယ်။ ဥပမာ ဒီမှာရှိနေတဲ့ Community တစုလောက်ကို တိုင်းတာမလား။ ကျနော်တို့ တွက်တာက အကျိုးအမြတ်ဆိုတာကို နိုင်ငံရေးအရ အကျိုးအမြတ် ရှိရမယ်။ တခုရှိတာက ကျနော်တို့ လိုချင်တာက တခုက စီးပွားရေးအရ အကျိုးအမြတ် ရှိနေရမယ်ဆိုတဲ့ဟာမျိုး။ ဥပမာ အခုဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တခြားအရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ ဒီနေ့ ၂၀၁၅ တက်လာတဲ့ NLD အစိုးရကော ဖယ်ဒရယ်ပြည်ထောင်စုကြီးကို တည်ထောင်မယ်ဆိုတာကို ပြောနေတာရှိတယ်။ ဆိုတဲ့အခါကြတော့ ဒါ ကျနော်တို့ အမှန်အကန် လိုချင်တဲ့၊ ဒီနိုင်ငံမှာရှိနေတဲ့ အကုန်လုံး လိုချင်တဲ့ စနစ်တခုလည်း ဖြစ်တယ်။ ဆိုတဲ့အခါ ကျနော်တို့ရဲ့ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံထဲမှာ အဆင်းရဲဆုံး ပြည်နယ်လည်း ဖြစ်နေတယ်။ ပင်လယ်ထွက်ပေါက် အားကောင်းတဲ့ နေရာလည်းဖြစ်တယ်။ သယံဇာတပေါတဲ့ နေရာလည်းဖြစ်တယ်။ ဆိုတော့ ဘာကြောင့် ကျနော်တို့ ဆင်းရဲနေရသလဲဆိုတာကတော့ ဒါ ဘတ်ဂျက်ခွဲဝေမှုမှာ ရခိုင်ပြည်နယ် နည်းနေလို့ ဆင်းရဲနေတာလားဆိုတာမျိုး။ ဒါကတော့ စနစ်မဟုတ်ဘူးလို့ ထင်တယ်။ ဆိုတော့ ရခိုင်ပြည်နယ်အတွက် ကျနော်တို့ ဘာတွေရသင့်သလဲဆိုတဲ့ဟာမျိုးကို ဗဟိုအစိုးရကလည်း ကြည့်ပြီးတော့ စဉ်းစားပေးဖို့ လိုမယ်။ တခြား ဒါကို ရင်းနှီးမြှုပ်နံှတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေကလည်း ဒါကို စဉ်းစားပေးဖို့လိုမယ်။ ငါတို့ ကုမ္ပဏီက ရွှေဂတ်စ် တူးနေတယ်။ ဥပမာ Daewoo က ဒီမှာ A1 နဲ့ A3 ကို စပြီးတော့ လွှတ်နေပြီ။ နောက်ထပ် မြသဘာဝဓါတ်ငွေ့ စီမံကိန်းဆိုပြီး နောက်ထပ် (၂) တွင်းကို တူးနေပြီ။ ဒီအတွက် ဒီမှာလာတဲ့ လမ်းလေးတကြောင်း ဖောက်ပေးတာမျိုးကတော့ အဆင်မပြေပါဘူး။ ဆိုတော့ ဆိပ်ကမ်းအတွက် ဘယ်လောက် အခွန်ခွဲဝေခွင့် ရမလဲဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ရှိတယ်။ အခု စစ်တွေကို သွားချင်တယ်ဆိုရင် သင်္ဘောမရှိဘူး။ နိုင်ငံတော်က ချပေးတဲ့ သင်္ဘောဆိုလို့ သင်္ဘောတစင်းပဲ ရှိတယ်။ ပုဂ္ဂလိသင်္ဘော နှစ်စီး ရှိတယ်။ ဆိုတော့ ကျနော်တို့ စစ်တွေကို ခရီးတခေါက်သွားဖို့ ရခိုင်ပြည်နယ်မှာ တော်တော်လေး ခက်ခဲတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ ကိုထွန်းကြည်တို့လို ရခိုင်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စသည်အားဖြင့် ဒီကိစ္စတွေကို လုပ်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အဓိက ဒီလို စီမံကိန်းတွေမျိုးကနေ ဘာကို လိုချင်တာလဲ။

ဦးထွန်းကြည် ။ ။ ဒီလို စီမံကိန်းမျိုး ဖြစ်လာတယ်ဆိုရင် ကျနော်တို့က ပြည်နယ်ရဲ့ ခွဲဝေခွင့်ကို လိုချင်တယ်။ ကျနော်အသင်းရဲ့ ဆောင်ပုဒ်လို We will manage our future development ဆိုတဲ့ဟာမျိုးလို ကျနော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကျနော်တို့ကိုယ်တိုင် စီမံခန့်ခွဲချင်တယ်။ ဒါကတော့ ကျနော်တို့အဖွဲ့ကို ပြောတာမဟုတ်ဘူး။ ကျနော်တို့ပြည်နယ်က စီမံခန့်ခွဲချင်တယ်။ ဥပမာ … ဆိပ်ကမ်းအတွက် ကျနော်တို့ပြည်နယ်က ဘယ်လောက် အခွန်အခရမယ်ဆိုတာမျိုး။ အခု ရေနံတင်သင်္ဘောတွေက ဝင်နေပြီ။ ရခိုင်အတွက် ဘယ်လောက်အထိ လျှပ်စစ်မီးကို တိုးပြီးတော့ ပေးမလဲဆိုတဲ့ဟာမျိုးတွေကို ကျနော်တို့ လိုချင်တယ်။ ဒါမှ ဖွံ့ဖြိုးရေး အစစ်အမှန် ဖြစ်တယ်။ ဆေးခန်းတခန်း ဆောက်ပေးပြီးတော့ ကျန်းမာရေးဆရာမ မရှိတာမျိုးတော့၊ စာသင်ကျောင်း ဆောက်ပေးပြီးတော့ အဲဒီကိုသွားဖို့ လမ်းမရှိတာမျိုးတော့ ဒါက ဖွံ့ဖြိုးရေး အစစ်အမှန်တွေ မဟုတ်ဘူး။ ဒါ ပျားရည်နဲ့ ဝမ်းချတာပဲ ဖြစ်တယ်။

ကိုကျော်ကျော်သိန်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

ဦးထွန်းကြည် ။ ။ ကျေးဇူးတင်ပါတယ်။