ထိုင်းနိုင်ငံထဲက သောင်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံဘက်ကို ပြန်နေကြပြီး ပြီးခဲ့တဲ့ သတင်းပတ်အတွင်း မြန်မာနိုင်ငံသား အလုပ်သမား ခြောက်သောင်းလောက်ပြန် သွားတဲ့အကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက တနင်္လာနေ့မှာပြောပါတယ်။
ထိုင်းစစ်အစိုးရက နိုင်ငံခြားသား အလုပ်သမားများ ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဥပဒေသစ်တရပ်ကို ချမှတ်လိုက်ပြီးတဲ့နောက် ရွေ့ပြောင်းအလုပ်သမား အသိုင်းအဝိုင်းအကြား စိုးရိမ် ကြောက်ရွံ့မှုတွေဖြစ်လာပြီး အခုလို ပြန်ထွက်သွားကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်ကို ပြန်သွားတဲ့ အရေအတွက်ဟာ ပိုပြီးတိုးလာနေတယ်လို့လည်း လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်ကြမ်းအလုပ်ကို လုပ်ကိုင်ကြတဲ့ သန်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ ဆင်းရဲတဲ့အိမ်နီးချင်း မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံ ကနေလာတဲ့ အလုပ်သမားတွေဖြစ်ကြပါတယ်။
နိုင်ငံခြားသားအလုပ်သမား အများစုဟာ ဒေါ်လာဘီလီယံနဲ့ချီ ဝင်ငွေရနေတဲ့ ပင်လယ်စာ စီးပွားရေးလုပ်ငန်းမှာ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ နိုင်ငံခြားသားများစီမံခန့်ခွဲရေး ဥပဒေသစ်ထဲမှာ အလုပ်လုပ်ခွင့် မှတ်ပုံတင် အထောက်အထားမရှိတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို ခန့်ထားတဲ့ အလုပ်ရှင်တွေအနေနဲ့ ဒေါ်လာ ၂ သောင်း ၃ ထောင်ကျော်နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ ၈ သိန်း ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။
အခုလို အလုပ်သမား အလုံးအရင်း ပြန်ထွက်သွားကြတာဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကိုထိခိုက်တာကြောင့် ဒီအသစ်ထုတ်ပြန်လိုက်တဲ့ ဥပဒေကို ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ထားမယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့သောကြာနေ့ ဇွန်လ ၃၀ ရက်နေ့မှာ ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5