ကချင်နမ္မတီးတိုက်ပွဲ ရွာသားသုံးဦး အဖမ်းခံရ ရာနဲ့ချီ တိမ်းရှောင်

ကချင်စစ်ပြေးဒုက္ခသည်များ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ ကဆုံ့ကျေးရွာထဲမှာ မြန်မာ့တပ်မတော်နဲ့ ဒေသတွင်းအခြေပြုနေတဲ့ KIO ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ဒီကနေ့မနက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တပ်မတော်ကနေ ရွာသားတွေကို ဖမ်းဆီးခဲ့သလို ရာနဲ့ချီတဲ့ရွာသားတွေ စစ်ဘေး တိမ်းရှောင်နေရပါတယ်။ အခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေဆက်သွယ်မေးမြန်း သတင်းပေးပို့ ထားပါတယ်။

ဒီနေ့မနက်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ ကဆုံ့ရွာအတွင်း ဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် ရွာသားတဦး ထိခိုက်မှုရှိခဲ့သလိုမြန်မာ့တပ်မတော်ကနေ ရွာသား(၃)ဦးကိုဖမ်းဆီးသွားတယ်လို့ ကဆုံ့ကျေးရွာသားတဦးက ပြောပါတယ်။

"KIAထိန်းချုပ်နယ်မြေမှာဗမာစစ်တပ်ကနေအနားလာပစ်လို့ ပြည်သူပြည်သားအားလုံး ဒီမှာဒုက္ခတွေရောက်နေလို့။ (၃)ယောက်ဖမ်းသွားတယ်။ အတိအကျမသိသေးဘူး။ ခုလောလောဆယ်(၃)ယောက်သိတယ်။ ဆရာမတယောက်က ဟို ဗမာရဲဘော်တွေ ဖမ်းသွားတယ်။ လာပစ်တဲ့အချိန်မှာ တယောက်ကဒီမှာနဲနဲဒဏ်ရာရလို့ ဒီမှာရောက်လာတယ်။"

အဖမ်းဆီးခံရသူတွေကတော့ ကျောင်းဆရာမ လွယ်ဆိုင်း ဦးငေါ်လ ဦးလဆော်တို့ဖြစ်ကြပြီး လက်ရှိဘယ်ကို ဖမ်းဆီး ခေါ်ဆောင် သွားတာမသိရှိဘူးလို့ ရွာသားတွေကဆိုပါတယ်။

ရွာသားတွေအနေနဲ့တိုက်ပွဲဖြစ်ပွါးစဉ် ထွက်ပြေးတိမ်းရှောင်ရတဲ့အခြေအနေကြောင့် မိမိပိုင်ပစ္စည်းတွေကို သယ်ဆောင်လာနိုင်ခြင်းမရှိဘူးလို့လဲဆိုပါတယ်။

တိုက်ပွဲဖြစ်ပွါးရာရွာက ရွာသား(၂၀၀)ခန့်ဟာ ဘေးလွတ်ရာ(၁၂)မိုင်အကွာဝေးတဲ့ နမ္မတီမြို့ လမ်းဂွကျေးရွာ ခရစ်ယာန် ဘုရားကျောင်းမှာခိုလှုံနေရတယ်လို့ ကူညီရေးအဖွဲ့ဝင် ဦးလဂျာကပြောပါတယ်။

"အခုဒုက္ခသည်တွေ ကျွန်တော်တို့ဒီမှာ ဘုရားကျောင်းမှာအကုန်လုံးစုရောက်နေကြပါပြီး။ နမ္မတီးလမ်းဂွကျေးရွာ နှစ်ခြင်းဘုရားကျောင်းနဲ့ လမ်းဂွ ကက်သလစ် ဘုရားကျောင်းမှာရောက်နေကြတယ်။ ကျွန်တော်တို့ကားကအစီး (၂၀)လောက် သွားခေါ်တာ အခုအယောက်(၂၀၀)လောက်ရောက်နေပြီး။"

စစ်ဘေးရှောင်ရွာသားတွေကို သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းတွေ လူမှုကူညီရေးအဖွဲ့တွေကနေ ကူညီစောင့် ရှောက်သွားမယ်လို့ ဦးလဂျာကဆိုပါတယ်။

လက်ရှိကချင်ပြည်နယ်အတွင်းမှာကချင်လွတ်လပ်ရေးအဖွဲ့KIOနဲ့ မြန်မာ့တပ်မတော်တို့ အကြား စစ်ရေးတင်းမာမှု တွေဆက်တိုက်ဆိုသလိုဖြစ်ပွါးနေပေမဲ့ နှစ်ဖွဲ့စလုံး သတင်းထုတ်ပြန်တာမျိုးတော့မရှိသေးပါဘူး။

အထူးသဖြင့် ကချင်ပြည်နယ် ဖါးကန့်တနိုင်းဒေသဘက်မှာ ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွါးနေဆဲလို့ ကချင်ငြိမ်း ချမ်းရေး အကျိုးဆောင်ဦးဆမ်အောင်ကပြောပါတယ်။

"တပ်ဖက်ကလဲလှုပ်ရှားမှုတွေတောက်လျှောက်ရှိတဲ့အခါကျတော့ နယ်နမိတ်ကျွံတာနဲ့ တိုက်ပွဲကတော့တောက် လျှောက်ဖြစ်နေတဲ့အနေအထားမျိုးဖြစ်နေတယ်။ ဧရာဝတီမြစ်အနောက်ခြမ်းဘက် KIOရဲ့ တပ်မဟာ(၂)ဧရိယာ ရင်း(၆) ရင်း(၁၄) ရင်း(၂၀)တို့ (၁၁)တို့တပ်ရင်းတွေအဖြစ်များပါတယ်။"

KIOဟာ မြန်မာအစိုးရနဲ့NCAအပစ်ရပ်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးဘဲ UWSAဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့က ဦးဆောင်တဲ့မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွ့ဲမှာပါဝင်နေပါတယ်။

တဖက်မှာလဲNCAအပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက် မြန်မာငြိမ်းချမ်းရေးကော်မရှင် နဲ့ ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီUNFCဆွေးနွေးရေး အဖွဲ့တို့ကနေ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန မှာဆွေးနွေးနေပါတယ်။

အခုလိုနှစ်ဖက်ဖြစ်ပွါးတဲ့တိုက်ပွဲတွေမှာ ရွာသားတွေကိုဖမ်းဆီးခေါ်ဆောင်တာဟာ လက်ရှိဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ပြည်သူတွေ အယုံကြည်မဲ့စေတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆမ် အောင်က ပြောပါတယ်။

"ငြိမ်းချမ်းရေးက လက်နက်ကိုင်အဖွဲ့အချင်းချင်းဘဲ ငြိမ်းချမ်းရေးလုပ်လို့မရပါဘူး။ ပြည်သးလူထုကပါဝင်ရမဲ့ ကိစ္စဖြစ်နေတယ်။ သံသယဖြစ်နေရင် ပြည်သူလူထုရဲ့ နာကြည်းမှုတွေ ပွါးလာရင် ဒီကြိမ်းချမ်းရေးဟာ အလှမ်း ဝေးနေဦးမှာဘဲ။ ဒါကြောင့် ဘယ်တပ်ဖွဲ့ကဘဲဖြစ်ဖြစ် ပြည်သူလူထုအမျိုးသမီးတွေကို ဖမ်းတာဆီးတာမျိုးကို တော့အတတ်နိုင်ဆုံးရှောင်ရှားဖို့တော့လိုအပ်တာပေါ့။"

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင် တပ်ဖွဲ့တို့ အကြားဖြစ်ပွါးခဲ့တဲ့တိုက်ပွဲအပြီး တပ်မတော်ကနေ မန်တုံမြို့ခံ(၁၀)ဦးခန့်ကိုဖမ်းဆီးမှုတွေရှိနေတ်လို့လဲ တအာင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ် ရှမ်းပြည်နယ်ဒေသဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်တို့ အကြားစစ်ရေးတင်းမာနေဆဲဖြစ်သလို စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း နှစ်ဖက်တပ်တွေကနေ လူ့အခွင့်အရေးချိုး ဖေါက်မှုဖြစ်စဉ်တွေရှိနေတယ်လို့လဲ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်တာဝန်ရှိသူတဦးကပြော ပါတယ်။

Your browser doesn’t support HTML5

ကချင်နမ္မတီးတိုက်ပွဲ ရွာသားသုံးဦး အဖမ်းခံရ ရာနဲ့ချီ တိမ်းရှောင်