ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူထုတ်ဖို့ ပြည်သူ့လွှတ်တော် အတည်ပြု

ပြည်သူ့လွှတ်တော်။

မြန်မာ့ငွေစက္ကူများပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေဖို့အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။အဲဒီအဆိုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးရာမှာတော့ တပ်မတော်သားကိုယ်စားလှယ်အားလုံးက ကန့်ကွက်ခဲ့ပေမဲ့ ထောက်ခံသူများလို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းကပြောပြသွားမှာပါ။

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာတော့ မကွေးတိုင်း မြိုင်မဲဆန္ဒနယ်က ဦးအောင်ခင်ဝင်းအဆိုတင်သွင်းတဲ့ ရှ့အနာဂတ်ကာလတွင် ရိုက်နှိပ်ထုတ်ဝေရန် ရှိလာမည့် ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများနဲ့ ငွေစက္ကူတွေပေါ်မှာ ရိုက်နှိပ်ဖို့ အဆိုကို ဆွေးနွေးရာမှာတော့ တပ်မတော်သားကိုယ်စားလှယ် တစ်ဦးအပါအဝင် ကိုယ်စားလှယ်(၈)ဦးက ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

လယ်ဝေးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးကတော့ နိုင်ငံတကာမှာလည်း ထင်ရှာကျော်ကြားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဂုဏ်ပြုနေရာပေးထားတာမျိုးတွေ ရှိပြီး မြန်မာနိုင်ငံမှာလည်း ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံ့ခေါင်းဆောင်ပုံကို ငွေစက္ကူတွေပေါ်မှာ ရိုက်နှိပ်ထုတ်ဝေဖို့ တင်သွင်းတဲ့ အဆိုကိုထောက်ခံကြောင်း ဆွေးနွေးထားတာပါ။

"လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူများကို ရိုက်နှိပ်သုံးစွဲခြင်းဖြင့် တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ မြန်မာငွေကျပ်ရဲ့ တန်ဖိုးကိုလည်း မြှင့်တင်ပေးရာရောက်သလို ပြည်သူတွေရဲ့ မျှော်လင့်ချက်ကိုလည်း ဖြည့်ဆည်းပေးရာရောက်ပါတယ်။ သို့ဖြစ်ပါသဖြင့် မြိုင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း တင်သွင်းတဲ့ ရှေ့အနာဂတ်ကာလတွင် ရိုက်နှိပ်ထုတ်ဝေရန်ရှိလာမည့် ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လေးလေးနက်နက်ထောက်ခံကြောင်း ဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါတယ်။"

တင်သွင်းတဲ့အဆိုကို အရပ်သား(၇)နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ကြပေမဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှုးကြီးကျော်မင်းလှိုင် ကတော့ နိုင်ငံ့စီးပွားရေး နှေးကွေးနေချိန်မှာ ထုတ်ဝေဖို့ မသင့်သေးဖူးလို့ ဆွေးနွေး လိုက်ပါတယ်။

"ငွေစက္ကူအသစ်ကို ဒီဇိုင်းအသစ်ဖြင့် ရိုက်နှိပ်ထုတ်ဝေမည်ဆိုပါက လက်ရှိနိုင်ငံတွင်း လှည့်လည်သုံးစွဲနေတဲ့ ငွေပမာဏ ပြည့်မှီအောင် တဖြေးဖြေး အချိန်ယူ အစားထိုး ဖြန့်ဝေသွားရမှာဖြစ်ပါတယ်။ နှစ်စဉ် နိုင်ငံဘဏ္ဍာငွေမှ ကျပ်ဘီလီယံချီပြီး သုံးစွဲနေတဲ့ ငွေစက္ကူ ရိုက်နှိပ်ခများအပြင် ဒီဇိုင်းရေးဆွဲခများပါ ပိုမိုကုန်ကျလာမှာဖြစ်ပါတယ်။ ငွေကြေးစနစ်ကို ပုံဖော်ရာမှာ ငွေကြေးပေါ်က အမှတ်တံဆိပ်များ ပြောင်းလဲခြင်းထက် ငွေကြေးတန်ဖိုးခိုင်မာအောင် လုပ်ခြင်းက ပိုပြီး အခြေခံကျကြောင်း တွေ့ရှိရပါတယ်။ သို့ဖြစ်ပါသော်ကြောင့် နိုင်ငံ၏စီးပွားရေးနှေးကွေးနေချိန်တွင် မဆောင်ရွက်သင့်ပါကြောင်း အကြံပြုလိုပါတယ်။"

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဦးစိုးမင်းကတော့ ရှေ့အနာဂတ်မှာ ရိုက်နှိပ် ထုတ်ဝေရန် ရှိလာမယ့် ငွေစက္ကူတွေပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေနဲ့ ရိုက်နှိပ် ထုတ်ဝေရန် တင်သွင်းတဲ့အဆိုဟာ မြန်မာနိုင်င့တော် ဗဟိုဘဏ်ရဲ့ သဘောထားနဲ့တထပ် တည်းဖြစ်တယ်လို့ အတည်ပြုထာက်ခံလိုက်ပါတယ်။

" ငွေစက္ကူနှင့် ငွေဒင်္ဂါးထုတ်ဝေခြင်းဟာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ တာဝန်ဖြစ်တဲ့ အတွက် အားလုံး တင်ပြသွားသလိုပဲ ကျနော်တို့မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့လည်း ရှေ့အနာဂတ်မှာ ရိုက်နှိပ် ထုတ်ဝေရန် ရှိလာမယ့် ငွေစက္ကူများ အပေါ် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံများ နဲ့ ရိုက်နှိပ်ထုတ်ဝေရန်ဆိုတာဟာ တကယ်တမ်းတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ သဘောထားနဲ့လည်း တထပ်တည်းဖြစ်ပါတယ်။ အပြစ်မဲ့ အဆိုလည်းဖြစ်တဲ့အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထောက်ခံတင်ပြပါတယ်။ "

ပြည်သူ့လွှတ်တော်မှာ အဆိုကို ထောက်ခံသူ ၂၈၆ မဲ၊ ကန့်ကွက်သူ ၁၀၉ မဲ ရှိတဲ့အတွက် အဆို အတည်ပြုတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။

"ဒီအဆိုနဲ့စပ်လျဉ်းပြီး ထောက်ခံဆန္ဒမဲ ၂၈၆ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၁၀၉ မဲ ကြားနေဆန္ဒမဲမရှိ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ ထောက်ခံတဲ့ကိုယ်စားလှယ်ဦးရေက များတဲ့အတွက် ဦးအောင်ခင်ဝင်း တင်သွင်းတဲ့အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်။"

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပီးနောက် ငွေစက္ကူထုတ်လုပ်ရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ၊ ဆရာစံနဲ့ သခင်ဖိုးလှကြီးတို့ ရဲ့ပုံတွေကို ရိုက်နှိပ်ခဲ့ဖူးပါတယ်။နောင်အနာဂတ်ကာလများမှာလည်း အသစ်ရိုက်နှိပ်မည့်ငွေစက္ကူများမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူများ ကိုတွေ့မြင်ကြရတော့မှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူထုတ်ဖို့ ပြည်သူ့လွှတ်တော် အတည်ပြု