အမေရိကန်ပြည်ထောင်စု Alabama ပြည်နယ်မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ ဒီမိုကရက် ကိုယ်စားလှယ် Doug Jones မမျှော်လင့်ဘဲ အနိုင်ရသွားတဲ့အတွက် ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ရဲ့ နိုင်ငံရေးလောကကို တုန်လှုပ်သွားစေခဲ့ပါတယ်။ တိုင်းပြည် တောင်ပိုင်းဒေသက ရှေးရိုးစွဲဝါဒီတွေ ကြီးစိုးတဲ့ ဒီပြည်နယ်မှာ ရီပတ်ဘလီကန်ပါတီအနေနဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ ၂၅ နှစ် အတွင်း ပထမဆုံးအကြိမ် အရှုံးနဲ့ ရင်ဆိုင်ရတာလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့ ဒီမိုကရက် အမတ်လောင်း Doug Jones က အားလုံးအတွက် ဖြစ်စေရမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
“Alabama ပြည်နယ်သားတွေက ရွေးကောက်ပွဲမှာ သူတို့ရဲ့ သဘောဆန္ဒတွေကို ပြသလိုက်ကြတာ ဖြစ်တယ်လို့သမ္မတ Donald Trump နဲ့အတူ အများစုက လက်ခံထားကြတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြီးသွားပြီဖြစ်တဲ့အတွက် အခုချိန်ဟာ ပြန်လည် ကုစားဖို့၊ တဖက်နဲ့တဖက် ထိတွေ့ ဆက်ဆံရမယ့် အချိန်ရောက်ပါပြီ။ ကျမ်းသစ္စာကျိန်ဆိုပြီးရင် အဲဒီအတိုင်း လုပ်ဆောင်သွားဖို့ ကျနော် သံဓိဌာန် ချထားပါတယ်။ ကျနော့်ကို လူတိုင်းက ထိတွေ့ ဆက်ဆံခွင့်ရအောင် ကြိုးစား လုပ်ဆောင်သွားမယ်လို့လည်း ကျနော် လူတွေကို ပြောပြထားပြီး ဖြစ်ပါတယ် - လို့ Doug Jones က ပြောသွားတာပါ။
ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တဲ့ Doug Jones ကို သမ္မတ Trump က ချီးကျူးစကား ပြောကြားလိုက်ပြီး ပြိုင်ဘက် ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း Roy Moore ဟာ ပြဿနာအများအပြားနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီရွေးကောက်ပွဲမှာ အနိုင်ရလိမ့်မယ်လို့ အစောပိုင်းကတည်းက သူ့အနေနဲ့ ထင်မထားခဲ့ကြောင်း သမ္မတ Trump က ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၃ လလောက်က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲတုန်းက Alabama ပြည်နယ်မှာ မဲအရေအတွက် ၂၈% အသာနဲ့ အနိုင်ရ လိုက်တဲ့ သမ္မတ Trump ဟာ Roy Moore အတွက် မဲဆွယ် စည်းရေးပေးခဲ့တာကြောင့် ကိုယ့်ပြဿနာ ကိုယ်ရှာသလို ဖြစ်ခဲ့ပါတယ်။
Your browser doesn’t support HTML5
Democratic candidate for U.S. Senate Doug Jones