မြောက်ကိုရီယားနဲ့ဆွေးနွေးမှု ကန်တာဝန်ရှိသူတွေကို ရှင်းပြမည်

တောင်ကိုရီးယား ကိုယ်စားလှယ်တွေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေ့ဆုံခဲ့ကြစဉ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ဆွေးနွေးခဲ့တာတွေကို အမေရိကန်အစိုးရ တာဝန်ရှိသူတွေထံ တင်ပြဖို့ တောင်ကိုရီးယား အထူးကိုယ်စားလှယ် ၂ ဦး အမေရိကန်ကို ဒီကနေ့ပဲ ထွက်ခွာခဲ့ကြပါတယ်။ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးဌာန အကြီးအကဲ Chung Eui-yong ဟာ အမျိုးသားထောက်လှမ်းရေးဌာန အကြီးအကဲ Suh Hoon နဲ့အတူ ဆိုးလ်မြို့တော်ကနေ ဒီကနေ့ပဲ ထွက်ခွာခဲ့တာပါ။

တောင်ကိုရီးယား ထိပ်တန်းလုံခြုံရေး အရာရှိ ၂ ဦးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson အမျိုးသားလုံခြုံရေး အကြံပေး H.R. McMaster တို့နဲ့ တွေ့ဆုံပြီး၊ ဒီသီတင်းပတ်ထဲ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တာတွေကို ဆွေးနွေးလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

မြောက်ကိုရီးယားရဲ့ လုံခြုံရေးကို အာမခံသမျှ နျူကလီးယားလက်နက် အစီအစဉ်တွေကို အဆုံးသတ်ရေး အမေရိကန်နဲ့ တိုက်ရိုက်ဆက်ဆံ ဆွေးနွေးနေချိန်မှာ နျူကလီးယားနဲ့ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး စမ်းသပ်မှုတွေကို ရပ်ဆိုင်းထားမယ့်အကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်က မမျှော်လင့်ပဲ ကမ်းလှမ်းခဲ့တယ်လို့လည်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေးဌာန အကြီးအကဲက ပြောဆိုထားတာပါ။

၂ နိုင်ငံ နယ်စပ်က Panmunjom ကျေးရွာမှာ လာမယ့် ဧပြီလထဲ အဆင့်မြင့် ထိပ်သီးဆွေးနွေးပွဲတွေ ကျင်းပဖို့လည်း တောင်နဲ့မြောက် ကိုရီးယားနိုင်ငံတို့က သဘောတူထားကြပါတယ်။ အမေရိကန်သမ္မတ Donald Trump ကတော့ ဆွေးနွေးပြောဆိုဖို့ မြောက်ကိုရီးယားရဲ့ ကမ်းလှမ်းချက်ဟာ ရိုးသားပုံရကြောင်း ပြောဆိုခဲ့တာပါ။

ဝါရှင်တန် ခရီးစဉ် အပြီးမှာတော့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးဌာန အကြီးအကဲဟာ တရုတ်နဲ့ ရုရှားနိုင်ငံတို့ကို ခရီးဆက်ပြီး မြောက်ကိုရီးယားရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေကို ရှင်းပြဖို့ ရှိသလို၊ အမျိုးသားထောက်လှမ်းရေးဌာန အကြီးအကဲကတော့ ဂျပန်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီယားနဲ့ဆွေးနွေးမှု ကန်တာဝန်ရှိသူတွေကို ရှင်းပြမည်