အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်နဲ့ တခြားမြို့ကြီးတွေမှာ စနေနေ့က သေနတ်ပိုင်ဆိုင်ခွင့်ဆိုင်ရာ ပိုပြီးတင်းကျပ်တဲ့ ဥပဒေပြဌာန်းရေး လူထောင်ပေါင်းများစွာ ဆန္ဒပြ တောင်းဆိုကြပါတယ်။ လူအသေအပျောက်များတဲ့ သေနတ်ပစ်ခတ်မှုတွေ မကြာသေးခင်ကပဲ ဖြစ်ထားပြီးတဲ့နောက် နိုင်ငံတဝှမ်း လူငယ်တွေကြားမှာ နိုင်ငံရေးအသိစိတ် နိုးကြားတက်ကြွပြီး လှုပ်ရှားမှုတွေ ဖြစ်လာတာပါ။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က၊ ဖလော်ရီဒါပြည်နယ်၊ Parkland မြို့က အထက်တန်းကျောင်းတကျောင်းမှာ ကျောင်းသားဟောင်း တဦး သေနတ်နဲ့ဝင်ပစ်တာကြောင့် လူ ၁၇ ယောက် သေဆုံးခဲ့ရတဲ့ဖြစ်ရပ်နဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အမေရိကန်က ကျောင်းတကျောင်းပြီးတကျောင်းမှာ သေနတ်နဲ့ဝင်ပစ်တဲ့ဖြစ်ရပ်တွေ ဖြစ်ထားတာတွေကနေ အခုလိုလှုပ်ရှားမှုတွေ ပြင်းထန်လာ တာပါ။ ဒီလှုပ်ရှားမှုတွေကို အများအားဖြင့် Parkland မြို့ အထက်တန်းကျောင်းက ကျောင်းသူကျောင်းသားတွေ ဦးဆောင်ကြ တာဖြစ်ပြီး နိုင်ငံတဝန်းကကျောင်းသားတွေ ပူးပေါင်းပါဝင်လာကြတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေက အပြောင်းအလဲလုပ်ဖို့ တောင်းဆိုကြသလို လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့် လွှတ်တော်သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ မဲပေးကြဖို့လည်း နှိုးဆော်ပါတယ်။
ဒါပေမဲ့လည်း အမေရိကန်နိုင်ငံသားအများအပြားကတော့ သူတို့ရဲ့ သေနတ်ကိုင်ဆောင်ခွင့်အပေါ် ထိန်းချုပ်မှာကို မလိုလားကြ သလို လူအများအပြားသေဆုံးတဲ့ ပစ်ခတ်မှုတွေနောက်ပိုင်း အပြောင်းအလဲလုပ်ဖို့ တောင်းဆိုတာတွေကနေ တကယ့် အပြောင်း အလဲတွေလည်း ခုထိမဖြစ်သေးပါဘူး။ ဝါရှင်တန်ဒီစီက ဆန္ဒပြပွဲအပြင် အမေရိကန်နဲ့ ကမ္ဘာတဝှမ်း တခြားမြို့ကြီးတွေမှာလည်း ဆန္ဒပြပွဲပေါင်း ၈၀၀ ကျော် စီစဉ်ခဲ့ကြပါတယ်။
နောက်ဆုံးကောက်ယူထားတဲ့ လူထုသဘောထားစစ်တမ်းတခုအရဆိုရင်တော့ သေနတ်ကိုင်ဆောင်ခွင့်ဆိုင်ရာ ပိုပြီးတင်းကျပ်တဲ့ ဥပဒေတွေပြဌာန်းဖို့ အခုအခါမှာ အမေရိကန်နိုင်ငံသား ၆၉% က ထောက်ခံလာကြပါပြီ။ ၂၀၁၆ ခုနှစ်က ၆၁% နဲ့ ၂၀၁၃ ခုနှစ်က ဆိုရင် ၅၅% ထောက်ခံမှုကနေဆို အခု ပိုများလာတာဖြစ်ပါတယ်။
Your browser doesn’t support HTML5