ဝါရှင်တန်မြို့တော်က ဆန္ဒပြပွဲ

သေနတ်ထိန်းချုပ်ရေးကျောင်းသား ဆန္ဒပြပွဲမှာပါဝင်တဲ့ မြန်မာနွယ်ဖွား အထက်တန်း ကျောင်းသူ နီကိုလ်ကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအင်ကြင်းနိုင် မေးမြန်းနေစဉ် ။ မတ် ၂၄၊ ၂၀၁၈။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ စနေနေ့က ပြည်နယ်အသီးသီးက ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် လူပေါင်း သောင်းနဲ့ချီ စုဝေးပြီး သေနတ်ကိုင်အကြမ်းဖက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

“ကျွနု်ပ်တို့ အသက်တွေအတွက် ချီတက်ကြစို့” ဆိုတဲ့ ကြွေးကြော်သံနဲ့ မူလတန်းကစပြီး အထက်တန်း အရွယ် ကျောင်းသူကျောင်းသားတွေ ဦးဆောင်တဲ့ ဝါရှင်တန်ဒီစီ ဆန္ဒပြပွဲကြီးမှာ ကမ္ဘာကျော် အနုပညာရှင်တွေ ပါဝင်အားဖြည့်ခဲ့ကြပါတယ်။ သေနတ်ဆန့်ကျင်ရေး ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကြီးမှာ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။

အမေရိကန်က ကျောင်းတွေမှာ သေနတ်ပစ်ခတ် သတ်ဖြတ်မှုတွေ နောက်ထပ် မဖြစ်ပေါ်အောင် သေနတ်ကိုင်ဆောင်ခွင့် တင်းတင်းကျပ်ကျပ် ထိန်းချုပ်တဲ့ ဥပဒေပြဌာန်းဖို့ သမ္မတအိမ်ဖြူတော်နဲ့ လွှတ်တော်ရှိရာ ဝါရှင်တန်ဒီစီမြို့တော်မှာ ကျောင်းသူ၊ ကျောင်းသားတွေ စုဝေး ဆန္ဒပြခဲ့ကြတာပါ။

ဆယ်စုနှစ်တွေအတွင်း အမေရိကန်နိုင်ငံမှာ အခုလို ငယ်ရွယ်တဲ့ ကျောင်းသူကျောင်းသူတွေ ဦးဆောင်တဲ့ သေနတ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲမျိုး ပထမဆုံးအကြိမ်လို့ ပြောရမှာပါ။ အနယ်နယ်အရပ်ရပ်ကလာကြတဲ့ ကျောင်းသူကျောင်းသားတွေထဲ မေရီလန်းပြည်နယ် အထက်တန်းကျောင်းက မြန်မာနွယ်ဖွား ၁၁ တန်းကျောင်းသူ နီကိုလ် လည်းပါဝင်ပါတယ်။ သေနတ်ကို အလွယ်တကူ ကိုင်ဆောင်ခွင့်ရှိတာကြောင့် သူတို့ကျောင်းတွေမှာ ဘယ်တော့များ သေနတ်ပစ်ခတ်မှုဖြစ်မလဲဆိုတာကို အမြဲစိုးရိမ်ပူပန်နေရကြောင်း နီကိုလ်က ဗွီအိုအေကိုပြောပါတယ်။

"အမြဲစိုးရိမ်ရတယ်။ သူငယ်ချင်းတွေနဲ့ အမြဲပြောဖြစ်တယ်။ သေနတ်ပစ်လို့ရှိရင် ဘယ်လိုမျိုး ထွက်ပြေးရမလဲဆိုပြီးတော့။ အရမ်းသနားစရာကောင်းတယ်။ လူတွေ သေနတ်ကြောင့် သေရတာ။ အဲဒီလို ပြန်မဖြစ်အောင် လုပ်ရမယ်။"

“March for our lives” ( ကျွနု်ပ်တို့ အသက်တွေအတွက် ချီတက်ကြစို့) ဆိုတဲ့ ဆန္ဒပြချီတက်ပွဲကြီးကို ဖလော်ရီဒါ ပြည်နယ် Parkland မြို့က အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေ ဦးဆောင်စီစဉ်ခဲ့တာပါ။ သူတို့မြို့က Marjory Stoneman Douglas အထက်တန်းကျောင်းမှာ မကြာသေးခင်က ကျောင်းသားတဦးရဲ့ သေနတ်ပစ်ခတ်မှုကြောင့် လူပေါင်း ၁၇ ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ကြောင့် သူတို့ဘဝတွေလည်း ပြောင်းလဲခဲ့ကြောင်း အဲဒီပစ်ခတ်မှုမှာ အသက်မသေပဲ လွတ်မြောက်လာခဲ့တဲ့ အထက်တန်းကျောင်းသူ Emma Gonzalez က ဟောပြောပွဲဆင်မြင့်မှာ အခုလိုပြောသွားပါတယ်။

"၆ မိနစ် ၂၀ စက္ကန့် ပိုင်းလောက် ပြောရမယ်ဆိုရင် ၆ မိနစ်လောက်အတွင်း ကျမတို့ ကျောင်းနေဖက် သူငယ်ချင်း ၁၇ ယောက်ရဲ့အသက်တွေ ဆုံးရှုံးခဲ့ရပြီး အခြား သူငယ်ချင်း ၁၅ ယောက်လည်း ဒဏ်ရာရခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကြောင့် Douglas ရပ်ကွက်မှာနေထိုင်သူအားလုံးအတွက် အမြဲတမ်း ထိတ်လန့် နေစေခဲ့ပါတယ်။"

ဆင်မြင့်ပေါ်မှာ သူရဲ့ ဝမ်းနည်းကြေကွဲဖွယ် ပြောဆိုခဲ့တဲ့ မိန့်ခွန်းကို နားထောင်နေတဲ့ သောင်းနဲ့ချီတဲ့ ပရိသတ်တွေရဲ့ မျက်နှာတွေမှာ ဝမ်းနည်းကြေကွဲခဲ့ကြပြီးနောက် သေနတ်ကိုင်ဆောင်မှု တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပေးဖို့လည်း ကြွေးကြော်ခဲ့ကြပါတယ်။

အလားတူ အမေရိကန်မှာ အသားအရောင်ခွဲခြားမှုကို ဦးဆောင် ဆန့်ကျင်ဆန္ဒပြခဲ့တဲ့အတွက် လုပ်ကြံခံခဲ့ရတဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် မာတင်လူသာကင် ရဲ့ မြေးဖြစ်သူ မူလတန်းအရွယ်ကျောင်းသူလေးကလည်း ဒီကနေ့ခေတ်မှာ သေနတ်မဲ့ ကမ္ဘာကြီးဖြစ်သင့်ပါပြီလို့ပြောသွားပါတယ်။

"တနိုင်ငံလုံးကြားစေချင်တာက ကျမတို့တတွေ အလွန်အင်မတန်ကောင်းတဲ့ မျိုးဆက်သစ်တွေဖြစ်လာရမယ်ဆိုတာပါပဲ လို့ မာတင်လူသာကင်ရဲ့ မြေးမလေးက ပြောသွားတာပါ။ အခုလို သေနတ်ကိုင်ဆောင်မှုနဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား ဆန်ကျင်တဲ့ ဒီကနေ့ခေတ် လူငယ်ကျောင်းသားတွေကို ဟောလီးဝုဒ်ရုပ်ရှင်မင်းသမီးကြီး Oprah Winfrey က အနာဂတ်ရဲ့ သူရဲကောင်းတွေအဖြစ် တင်စားခေါ်ဝေါ်ခဲ့ပါတယ်။"

အမေရိကန်သမ္မတက စပြီး လွှတ်တော်အမတ်တွေအပါအဝင် သြဇာအရှိန်အဝါကြီးမားတဲ့ အမေရိကန်ရိုင်ဖယ်လ်အသင်း အဆုံး သေနတ်ကိုင်ဆိုင်ခွင့် ကန့်သတ်ရေးအတွက် အချိန်တန်ပြီးဖြစ်ကြောင်း March for our lives ဆန္ဒပြပွဲဦးဆောင်တဲ့ ကျောင်းသူကျောင်းသားတွေက တိုက်တွန်းခဲ့ကြပါတယ်။ သေနတ်ကိုင်ဆောင်ခွင့် ကန့်သတ်ထိန်းချုပ်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို နာမည်ကျော် အနုပညာရှင်အတော်များများ ငွေအား၊ လူအားနဲ့ပါ ပံ့ပိုးကူညီခဲ့ကြပါတယ်။

Oprah Winfreyနဲ့ အတူ နာမည်ကျော် ဟောလီးဝုဒ်ရုပ်ရှင်မင်းသားကြီး George Clooney အပါအဝင် နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ Steven Spielberg နဲ့ ဟောလီးဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ Jeffrey Katzenberg တို့အားလုံးရဲ့ စုစုပေါင်း လှုဒါန်းငွေ ဒေါ်လာ ၂ သန်းရှိပါတယ်။

မနေ့ စနေနေ့က ဝါရှင်တန်ဒီစီမှာကျင်းပတဲ့ ကျောင်းသားထု ချီတက်ပွဲကိုတော့ နာမည်ကျော် အဆိုတော်တွေဖြစ်တဲ့ Miley Cyrus နဲ့ Ariana Grande၊ နာမည်ကျော်ရုပ်ရှင်မင်းသမီး Jennifer Hudson အပြင် နာမည်ကျော် ပြဇာတ်သီချင်း အဆို အနုပညာရှင် တွေကလည်း ပါဝင် အားပေး သီဆို ဖျော်ဖြေခဲ့ကြပါတယ်။ ဒါအပြင် နာမည်ကျော် လူငယ်အဆိုတော် Justin Bieber ကလည်း သူရဲ့ twitter လူမှုကွန်ယက်ကနေ ဒီလူငယ်တွေအတွက် ဂုဏ်ယူမိကြောင်း ရေးသားထားပါတယ်။

Your browser doesn’t support HTML5

ဝါရှင်တန်မြို့တော်က ဆန္ဒပြပွဲ