ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၈၀၀ ကျော် ပြန်လည်လက်ခံဖို့ မြန်မာအစိုးရအတည်ပြု

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ပို့ဖို့အတွက် ပေးပို့ထားတဲ့ လူ ၈၀၀၀ကျော် စာရင်းကို မြန်မာနိုင်ငံက စိစစ်ရာမှာ အထောက်အထားခိုင်မာသူ လူ ၈၀၀ကျော်ကို အတည်ပြုပြီး ပြန်လည်လက်ခံဖို့ အသင့်ရှိတယ်လို့ အကြောင်းကြားထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့ကို ရောက်ရှိနေစဉ်မှာ မြန်မာပြည်ကို ပြန်ပို့ဖို့အတွက် ဒုက္ခသည် အိမ်ထောင်စု ၁၆၇၃စု၊ လူဦးရေ ၈၀၃၂ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

လောလောဆည်မှာ ဒီလ ၈၀၀၀ကျော် အနက်က လူ၈၀၀ကျော်ဟာ မြန်မာပြည်မှာ နေထိုင်ခဲ့သူတွေ အဖြစ် အတည်ပြုပြီး ဖြစ်တာကြောင့် သူတို့ကို ပြန်လည်လက်ခံဖို့ အသင့်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီကနေ့ ပြောဆိုပါတယ်။

"အခုအချိန်အထိ မြန်မာနိုင်ငံဘက်ကတော့ သူတို့ပေးတဲ့ စာရင်း ၈ ထောင် ထဲကမှ ၈၀၀ ကျော်ကို စိစစ်ပြီးပြီ အဲဒီလူတွေကတော့ မြန်မာနိုင်ငံမှာနေတယ်ဆိုတဲ့ အထောက်အထားတွေ ခိုင်ခိုင်မာမာတွေ့တယ်။ ဒီလူတွေကို လွှတ်မယ်ဆိုရင် လက်ခံနိုင်ပါတယ် ဆိုပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေမှ တဖက်နိုင်ငံကို အကြောင်းကြားပြီးဖြစ်ပါတယ်။"

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နေပြည်တော်မှာ ကျင်းပတဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်စဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာဖက်က စာရင်း ပေးပို့ခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က တုံ့ပြန်လာတာ မရှိသေးကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

"အခုအချိန်အထိတော့ မိမိတို့နိုင်ငံဘက်က အဆင်သင့်ဖြစ်သော်လည်း ဟိုဘက်က ဘယ်နေ့ဖြစ်မယ် ဘယ်သူတွေပြန်ပို့မယ်ဆိုတာကို အကြောင်းပြန်တာမရှိသေးပါဘူး။ အဲဒါကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနကနေပြီးတော့ ညှိနှိုင်းပြီး ဆုံးဖြတ်မှာဖြစ်ပါတယ်။"

တချိန်တည်းမှာတော့ မုတ်သုန်မိုးရာသီကို ကျရောက်လာရင် ဒုက္ခသည်တွေ ပြောင်းရွှေ့ရေးနဲ့ နေထိုင်ရေး စတာတွေမှာ အခက်အခဲ တွေ့နိုင်ကြောင်း စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးဘုန်းတင့်ကတော့ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေးအတွက် အခက်အခဲ မရှိနိုင်ကြောင်း ပြောပါတယ်။

"မရှိပါဘူး လာရင်အဆင်ပြေပါတယ်။ လာရင်အလွယ်လေး လာဖို့အဆင်ပြေတယ်နော်။"

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၇ခုနှစ် သြဂုတ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရှင်းလင်းခဲ့တဲ့နောက် မူဆလင်ဒုက္ခသည် ၇သိန်းကျော်လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို တိမ်းရှောင်သွားခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ အခုအခါမှာတော့ အဲဒီ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည် လက်ခံရေးအတွက် မြန်မာအစိုးရက ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြိးရုံး UNHCR ပူးပေါင်း ဆောင်ရွက်ဖု့ိ ဆွေးနွေး နေပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၈၀၀ ကျော် ပြန်လည်လက်ခံဖို့ မြန်မာအစိုးရအတည်ပြု