အကြမ်းဖက်မှု တိုက်ဖျက်ရေး ပါကစ္စတန် နှင့် အာဖဂန် ဆွေးနွေးမည်

Pakistan ဝန်ကြီးချုပ် တက်ရောက်တဲ့ Islamabad မြို့တော်မှာ ကျင်းပတဲ့ နိုင်ငံတကာအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးညီလာခံ။ သတင်းဓာတ်ပုံ-( April 5, 2018)

Pakistan ဝန်ကြီးချုပ် Shahid Khaqan Abbasi ဟာ ဒီကနေ့ Afghanistan နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ Pakistan နိုင်ငံထဲမှာ ခိုအောင်းနေတဲ့ အကြမ်းဖက် သမားတွေက အိမ်နီးချင်း Afghanistan နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ၂ နိုင်ငံကြား ဆက်ဆံရေး မပြေမလည်ဖြစ်နေတာကြာပါပြီ။ ခုလိုအခြေအနေမှာ Pakistan ဝန်ကြီးချုပ် Afghanistan နိုင်ငံကို သွားရင် ဘာတွေကို အဓိကထား ဆွေးနွေးဖို့ရှိပါသလဲ။ သတင်းထောက် Ayaz Gul။ Islamabad မြို့ကနေ ပို့ထားတဲ့ သတင်းကို အခြေခံပြီး မစုမြတ်မွန်က ဆက်တင်ပြပေးပါမယ်။

Afghanistan နိုင်ငံသမ္မတ Ashraf Ghani ရဲ့ ဖိတ်ကြားချက်နဲ့ Pakistan ဝန်ကြီးချုပ် Abbasi ဒီနေ့ သောကြာနေ့မှာ Afghanistan နိုင်ငံကို နေ့ချင်းပြန်သွားမယ်လို့ Pakistan အစိုးရက ပြောပါတယ်။ တင်းမာနေတဲ့ ၂ နိုင်ငံဆက်ဆံရေး ပြေလျော့စေရေးကိစ္စတွေ အပြင်။ နိုင်ငံရေး။ စီးပွားရေး။ လုံခြုံရေးနဲ့ အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေး ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ Afghanistan နိုင်ငံမှာ နှစ်ပေါင်းကြာရှည် လှပြီဖြစ်တဲ့ တာလီဘန်တို့နဲ့ စစ်ပွဲ အဆုံးသပ်စေရေးအတွက် သမ္မတ Ashraf Ghani က ကြိုတင်သတ်မှတ်ချက်မထားဘဲ တာလီဘန်တို့နဲ့ ဆွေးနွေးဖို့ လွန်ခဲ့တဲ့ ၁ လကျော်ထဲက ကမ်းလှမ်းထားပါတယ်။

သူ့ရဲ့ ခုလိုအစပြုဆောင်ရွက်မှုအပေါ် ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြပေမဲ့။ တာလီဘန်တွေဖက်က တစုံတရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။ တာလီဘန်တွေနဲ့ ဆွေးနွေးဖို့ သူ့ရဲ့ ကမ်းလှမ်းချက်အပေါ် အိမ်နီးချင်း Pakistan နိုင်ငံရဲ့ ထောက်ခံမှုရရှိရေးအတွက် ဝန်ကြီးချုပ် Abbasi ကို ဖိတ်ခေါ်ဆွေးနွေးတာဖြစ်ပုံရပါတယ်။

Afghanistan ငြိမ်းချမ်းရေးအတွက် ထောက်ခံတယ်လို့ Pakistan ဝန်ကြီးချုပ်က Islamabad မြို့တော်မှာ ကြာသပတေးနေ့က ကျင်းပတဲ့ နိုင်ငံတကာအကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးညီလာခံမှာ ပြောကြားခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံမှာ မတည်မငြိမ်ဖြစ်နေတာဟာ Pakistan နိုင်ငံလုံခြုံရေးကိုလည်း ထိခိုက်စေတယ်လို့ဆိုပါတယ်။ Afghanistan ပဋိပက္ခတွေ ပိုဖြစ်အောင် Pakistan ကတာလီဘန်တွေကို နောက်ကွယ်ကနေ ထောက်ခံနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ သူက ငြင်းဆန်ခဲ့ပါတယ်။ Pakistan ပိုင်နက်ထဲမှာ ရှိသမျှ အကြမ်းဖက်အုပ်စုတွေကို လုံခြုံရေးတွေက ရှင်းလင်းခဲ့ပြီးဖြစ်တယ်လု့ိ ပြောပါတယ်။

"Afghanistan နိုင်ငံ မတည်မငြိမ်ဖြစ်အောင်လုပ်နေတဲ့ အကြမ်းဖက်သမားတွေကို Pakistan နို်င်ငံထဲမှာ ပုန်းခိုခွင့်ပေးထားတယ်ဆိုတဲ့ ပြောဆိုမှုမှန်သမျှကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒါမမှန်ပါဘူး။ စိတ်မကောင်းစရာက ပြောင်းပြန်အခြေအနေဖြစ်နေတာပါ။ Pakistan နိုင်ငံထဲမှာ အကြမ်းဖက်မှုတွေကို သွေးထိုးလှုံ့ဆော်နေကြသူတွေဟာ Afghanistan နိုင်ငံထဲမှာ အခြေစိုက်နေကြပါတယ်။"

Pakistan လေတပ်ဟာ Afghanistan လေပိုင်နက်ထဲအထိ ဝင်ရောက်ပြီး နယ်စပ်ဒေသတွေမှာ ဗုံးကြဲခဲ့တယ်လို့ Afghanistan နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့ကပဲ စွပ်စွဲခဲ့ပါတယ်။ ဒါတင်မက Pakistan လုံခြုံရေးတပ်တွေဟာ Afghan ရွာတွေဖက်အထိ နယ်စပ်ဖြတ်ကျော်ပစ်ခတ်နေတယ်လို့လည်း Afghanistan အစိုးရက မကြာခဏစွပ်စွဲပါတယ်။ Pakistan တာဝန်ရှိသူတွေကတော့ စစ်သွေးကြွတွေဟာ Afghanistan နိုင်ငံထဲက အစိုးရထိန်းချုပ်မှုမရှိတဲ့ နေရာတွေမှာ ပုန်းခိုပြီး တဖက် Pakistan နိုင်ငံမှာတိုက်ခိုက်မှုတွေလုပ်ဖို့ ကြံစည်ဆောင်ရွက်နေကြတယ်လို့ ပြန်ပြီး စွပ်စွဲပါတယ်။

Afghanistan နိုင်ငံနဲ့ ရှည်လျားတဲ့ နယ်စပ်ကို Pakistan ဖက်က တဖက်သတ် ခြံစည်းရိုးကာနေတယ်လို့လည်း Pakistan ဝန်ကြီးချုပ် Shahid Khaqan Abbasi က ကြာသပတေးနေ့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။ Afghanistan နိုင်ငံဖက်မှာ တာလီဘန်တွေ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နိုင်နေတာဟာ အဲဒီတာဘီဘန်တွေကို Pakistan ကသူ့မြေပေါ်မှာ ခိုအောင်းခွင့်ပေးထားလို့ဖြစ်တယ်လို့ အမေရိကန်နဲ့ Afghan တာဝန်ရှိသူတွေ စွပ်စွဲနေတာကြာပါပြီ။

ပုန်းခိုနေတဲ့ စစ်သွေးကြွတွေကို ပြတ်ပြတ်သားသား မကိုင်တွယ်သရွေ့ အမေရိကန်က Pakistan အစိုးရကိုပေးနေတဲ့ ကာကွယ်ရေးဆိုင်ရာ ထောက်ပံ့မှုတွေကို ဆိုင်းထားမယ်လို့ သမ္မတ Donald Trump က January လကကြေညာခဲ့ပါတယ်။ Pakistan အစိုးရက Afghanistan အစိုးရနဲ့ သံတမန်ရေးအရ ပြန်လည်အဆက်အဆံလုပ်တာကိုတော့ အမေရိကန်က ကြိုဆိုခဲ့ပါတယ်။

ဒေသတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် အပြန်အလှန် ဆက်ဆံရေးတိုးတက်ဖို့ လိုအပ်တယ်လို့ Pakistan ကို သီတင်းတပါတ်ကြာသွားရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန တောင်နဲ့ အာရှအလည်ပိုင်းဆိုင်ရာ ဒုလက်ထောက်ဝန်ကြီး Alice Wells က ပြောကြားခဲ့ပါတယ်ရှင်။

Your browser doesn’t support HTML5

အကြမ်းဖက်မှု တိုက်ဖျက်ရေး ပါကစ္စတန် နှင့် အာဖဂန် ဆွေးနွေးမည်